#Unicode
အိမ်ပြန်ရောက်တော့ မုန်းခြေထောက်ကို ဆေးလိမ်းပေးရင်း ယောင်နေတဲ့ ခြေထောက်လေးကိုကြည့်ပြီး ငါထားခဲ့လို့ ငါ့ကြောင့် ဖြစ်ရတာဆိုပြီး စိတ်မကောင်းဖြစ်ရတယ်။
ညဘက်အိပ်ကြတဲ့အခါ ဘေးကညည်းသံကြောင့် အလင်းထကြည့်တော့ မုန်းညည်းနေတာမို့ မုန်းရဲ့နဖူးပေါ် လက်ကလေးတင်ကြည့်လိုက်တယ်။
အားးလားးလား မုန်း ကိုယ်တွေ ပူနေတာပဲ။ အနားရှိန်ကြောင့် ဖျားနေပြီထင်တယ်။ ဘေးက သုတကလည်း တနေကုန်ပင်ပန်းပြီး အိပ်နေတာကြောင့်မို့ နှိူးမနေတော့ဘဲ မုန်းကိုပဲ ဆေးတိုက်ဖို့ နှိုးလိုက်ရတယ်။
“မုန်း မုန်း “
“အင် အလင်း”
“ခဏထ မုန်း။ မင်းအဖျားတွေတက်ပြီး တစ်ကိုယ်လုံးလည်း ချွေးတွေနစ်နေပြီ။ အင်္ကျီလဲရအောင်နော် မုန်း။ ခဏလေးပဲနော်”
မုန်းကိုနှိုးခဲ့ပြီး အင်္ကျီလဲပေးဖို့ အင်္ကျီသွားယူရင်း ရေဇလုံနဲ့ ပုဝါကိုပါ တစ်ခါတည်းယူလာလိုက်တယ်။
အလင်းနှိုးခဲ့ပေမယ့် ပြန်လာတော့ မုန်းက ပြန်အိပ်ပျော်သွားတာကြောင့် မနှိုးတော့ဘဲ မုန်းကိုဆွဲထူပြီး အင်္ကျီချွတ်ပေးတဲ့အခါ အလင်းရှေ့ကို မုန်းရဲ့ခေါင်းလေး ငိုက်ကျလာတဲ့အချိန် မုန်းနှုတ်ခမ်းက အလင်းနှုတ်ခမ်းပေါ်ကို ကွက်တိရောက်လာတယ်။
အဲ့ဒီအချိန် အလင်းလက်မှာပတ်ထားတဲ့ လက်ပတ်က screen က လင်းလာပါတယ်။ နာရီကြည့်ချင်ရင် ခလုပ်နှိပ်မှလင်းတဲ့ screen က Heart Beat ရုတ်တရက် မြန်လာရင်တော့ သူအလိုလို လင်းလာပြီး နှလုံးခုန်နှုန်းကိုပြတတ်တာကြောင့် အလင်းခလုပ်ကို အမြန်နှိပ်လိုက်ပြီး လင်းနေတဲ့ screen ကို ပိတ်လိုက်ရတယ်။ ရုတ်တရက်မို့ လန့်သွားလို့ ရင်တုန်သွားတာပါ။ ဘာမှမဖြစ်ဘူး အလင်း။
မုန်းကို အမြန်ရေပတ်တိုက်ပေးကာ အင်္ကျီလဲပေးပြီး ဆေးတိုက်ဖို့အတွက် မုန်းကို နောက်တစ်ခါထပ်ပြီး နှိုးလိုက်တယ်။
နိုးလာတဲ့အခါ ပါးစပ်လေးထဲကို ဆေးထည့်ပေးပြီး ရေတိုက်လိုက်တယ်။ မုန်းက ဆေးသောက်ပြီး ချက်ချင်းကို ပြန်အိပ်ပျော်သွားပေမယ့် အလင်းတစ်ယောက်ကတော့ အိပ်လို့ မပျော်နိုင်တော့ပါဘူး။ အတွေးထဲ အနမ်းက ဝဲလည်လည် ဖြစ်နေတာကြောင့် ဒီညတော့ ညတာ ရှည်ပါလိမ့်ဦးမယ်။
မနက်မိုးလင်းတော့ မုန်းအတွက် မေမေက နို့ဆန်ပြုတ် ပြုတ်ထားပေးတာမို့ အလင်းက မုန်းကိုခွံကျွေးလိုက်ပြီး မုန်းမေမေကို ဖုန်းဆက်ပေးထားလိုက်တယ်။ ခဏကြာတော့ မုန်းမေမေက မုန်းကို လာပြီးခေါ်သွားတယ်။ ဆေးခန်းပြပြီး အလင်းတို့အိမ်ကို ပြန်လာပို့မယ် ထင်ခဲ့ပေမယ့် ပြန်လာမပို့ခဲ့ပါဘူး။ မုန်းအဖေအိမ်မှာ မရှိတာမို့ အန်တီက ပြန်ခေါ်သွားတာ ဖြစ်ပါလိမ့်မယ်။
“မေမေ့အိမ်မှာ ဖေဖေရှိရင် သား ပြန်မလိုက်ချင်ဘူး မေမေ”
“မရှိပါဘူးသားရယ်။ မရှိလို့လည်း မေမေက သားကို ပြန်ခေါ်လာတာပေါ့။ ဒါနဲ့ သားခြေထောက်က ဘာဖြစ်တာလဲ”
“မနေ့က မဲတိုးရင်း ခိုက်မိတာမေမေ အဟဲ”
“သားရယ် တစ်ခါမှ မတိုးဘူးဘဲနဲ့ ဝင်တိုးရလား။ ခုတော့ ကြည့် ဖြစ်ပြီ။ တော်သေးတယ် မင်းဖေဖေ အိမ်မှာမရှိလို့ သားကို ပြန်ခေါ်လာလို့ ရတာ။ မင်းအဖေသာရှိရင် အလင်းလေးတို့အိမ်မှာပဲ ထားခဲ့ပြီး အဝေးကနေ မေမေ စိတ်ပူနေရဦးမယ်။ ခုလို အိမ်ပြန်ခေါ်လာပြီး ပြုစုပေးနိုင်မှာမဟုတ်ဘူး”
“သားလည်း ထင်တော့ထင်ပါတယ်။ မေမေ့အပြုံးတွေ ဒီနေ့ အတော်ကို အသက်ဝင်နေတယ်မှတ်တာ။လက်စသတ်တော့ ဖေဖေမရှိလို့ကိုး”
မုန်းပြောလိုက်တဲ့ စကားကြောင့် မေမေကမျက်နှာညှိုးငယ်စွာနဲ့ စိတ်မကောင်းဖြစ်ပြီး တောင်းပန်ရှာတယ်။
“သားကို မေမေ တောင်းပန်ပါတယ်နော်။ မေမေတို့ကြောင့် သားလေးပါ စိတ်ညစ်ပြီး မပျော်ရွှင်ခဲ့ရလို့ တောင်းပန်ပါတယ်။ မေမေ သားဖေဖေရှေ့မှာ စကားလည်းမပြောချင်ဘူး။ ရယ်ရယ်မောမောလည်း မနေချင်လို့ သားကို ခုလို ပြုံးမပြနိုင်ခဲ့တာ။ မေမေ တောင်းပန်ပါတယ်နော်”
“ရပါတယ် မေမေရယ်။ မေမေသားကို ချစ်ပေးတာနဲ့တင် လုံလောက်နေပါပြီ။ မေမေ သားကိုဘယ်လောက်ထိ ချစ်လဲဆိုတာ သားသိတာမို့ စိတ်မကောင်းမဖြစ်ပါနဲ့မေမေ။ သားကို နွေးထွေးပေးမယ့် အလင်းတို့မိသားစုရှိတာမို့ မေမေစိတ်မပူနဲ့နော်”
“အလင်းလေးကိုရော အလင်းလေးတို့ မိသားစုကိုရော မေမေက တကယ်ကို ကျေးဇူးတင်ပါတယ်။ မေမေ့သားကို နွေးထွေးပြီး ချစ်ပေးကြလို့ မေမေမပေးနိုင်တဲ့ ပျော်ရွှင်မှုတွေကို သားကိုပေးလို့ မေမေ တကယ်ကျေးဇူးတင်တယ်”
ထိုနေ့က မေမေနဲ့မုန်း စကားတွေ အများကြီး ပြောဖြစ်ခဲ့ကြတယ်။
***********
မုန်းပြန်သွားပြီး ညဘက်ရောက်တော့ အလင်းမှာ အိပ်ရတာတော်တော်နဲ့ အိပ်မပျော်နိုင်ဘဲ လှုပ်ရွနေတော့ သုတက မေးလာတယ်။
“အလင်း အိပ်မပျော်ဘူးလား”
“အေး ဘေးမှာ တစ်ယောက်လွတ်နေတော့ အိပ်ရာတာ တစ်ခုခု လိုနေသလိုပဲ”
“အာ့ဆို ဖက်လုံးကို မင်းယူလိုက်လေ။ မင်းဘေးမှာချလိုက်။ အလယ်မှာ အိပ်နေကျမို့ ဘေးတစ်ဘက်တစ်ချက် မရှိလို့ဖြစ်မှာ။ အိပ်ပျော်အောင်အိပ်ဦး။ မနက်ကြ အစောကြီး ထရဦးမှာ”
အိပ်ရတာအိပ်မပျော်သလို အမှတ်တမဲ့ နှုတ်ခမ်းချင်းထိခဲ့တာက အတွေးထဲကို ဘာလို့ ခဏခဏရောက်နေမှန်း မသိတော့ပါ။
နောက်နေ့ရောက်တော့လည်း မုန်းပြန်သွားဝာာ ခဏလေးကို ဘာလို့ ကြာနေသလို ခံစားနေရမှန်း မသိသလို နေရတာလည်း အဆင်မပြေပေ။ တခုခု လိုနေသလိုပါပဲ။ စာကျက်တော့လည်း စိတ်မပါနဲ့။ ဆရာတွေကတောင် ဘာဖြစ်တာလဲ မေးယူရတဲ့အထိပါပဲ။
အမြဲအတူနေလာတာကြာတော့ နေသားကျသွားလို့ ခုလိုဖြစ်နေတာ နေမှာပါလို့ပဲ တွေးလိုက်မိတယ်။ သုတက အိမ်ကို ခဏခဏ ပြန်တတ်ပေမယ့် မုန်းက မပြန်တာကြာပြီဆိုတော့ ခုလိုဖြစ်တာ နေမှာပါ။ သုတလည်း အိမ်မပြန်ဘဲ အကြာကြီးနေပြီးမှ အိမ်ပြန်သွားရင်လည်း ငါဒီလိုပဲဖြစ်မှာပါ။ အဲ့ထက်ပိုပြီး ဆက်မတွေးချင်ဘူး။
မုန်းအိမ်ပြန်လာတာ ခဏလေးပေမယ့် အိမ်မှာနေရတာ အဆင်မပြေပါဘူး။ ခဏလေးဆိုပေမယ့် မနက်တိုင်း အိပ်ရာနှိုးနေကြ အသံလည်းမကြားရတော့ ခြောက်ကပ်ကပ်နဲ့။ အတော်ကို ပြန်ချင်နေပါပြီ။
နှစ်ရက်ကြာတော့ အဖျားသက်သာတာမို့ ဖေဖေပြန်မလာခင် အလင်းတို့အိမ်ကို မေမေက မုန်းကို ပြန်လိုက်ပို့ပေးပါတယ်။
“ဟော . . .မေ့သားလေး ပြန်လာပြီ။ မေ့သားကို မေကလွမ်းနေတာ။ သက်သာလားသား”
“ဟုတ်မေ သက်သာပါတယ်။ သားလည်း မေ့ကိုလွမ်းနေတာ”
စကားပြောရင်း မေ့ပါးကို မုန်းအနမ်းလေးပေးလိုက်တယ်။
မုန်းက မေမေ့ပါးကိုနမ်းတော့ မေမေက ချစ်မဝလေးဆိုပြီး မုန်းကို တရှုံရှုံနဲ့ နမ်းနေတာ မပြီးတော့ပေ။
“မေမေတို့သားအမိ ပိုကိုပိုတယ်။ နှစ်ရက်လောက်လေးကိုပဲ”
“လိုတောင်လိုသေးတယ်နော် မေ”
“ဟုတ်ပ့ါရှင်”
မုန်းပြန်လာတော့ နွေက မုန်းလွတ်သွားတဲ့စာတွေကို ပြန်ရှင်းပြပြီး အလင်းက စာကူကျက်ပေးခဲ့ပါတယ်။ နှစ်ရက်လောက် စာမသင်ရပေမယ့် နွေတို့အလင်းတို့ ကျေးဇူးကြောင့် စာတွေ လိုက်လို့မှီခဲ့သလို သုတနဲ့အားသစ်ကလည်း ချစ်ဖို့ကောင်းစွာ စာကူးပေးထားတာမို့ အချစ်ခံလေးမုန်းက အရာရာ အဆင်ပြေခဲ့ပါတယ်။
*************
ဒီနေ့ စာမေးပွဲ ပထမဦးဆုံးနေ့မို့ မုန်းစိတ်တွေ အရမ်းလှုပ်ရှားနေတာကြောင့် လက်က ချွေးစေးလေးတွေပင် ထွက်နေပါပြီ။ အဲ့ဒီအချိန် မုန်းလက်လေးကို လာကိုင်တဲ့လက်ကြောင့် လှည့်ကြည့်လိုက်တယ်။
“အလင်း”
“စိုးရိမ်နေတာလား မုန်း။ ဘာမှ စိတ်မပူပါနဲ့။ ငါ့မုန်းလေးက အတော်ဆုံးပဲကို ဖြေနိုင်မှာပါ။ ရသမျှစာကို အကောင်းဆုံးနဲ့ ဖြေနိုင်သလောက်သာဖြေခဲ့။ မုန်းအကောင်းဆုံး ဖြေနိုင်ခဲ့လိမ့်မယ်ဆိုတာကိုသိတယ် ဟုတ်ပြီလား”
အလင်းက မုန်းကိုအားပေးရင်း မုန်းလက်က ချွေးတွေကို သုပ်ပေးပြီးတော့ စာမေးပွဲခန်းထဲ မဝင်ခင်ထိ လက်ကို ဆုပ်ကိုင်ပေးထားခဲ့တယ်။
ဒုတ်’ ဒုတ်’ ဟင် မုန်း ရင်တွေခုန်နေတာလား။ ရုတ်တရက်လင်းလာတဲ့ လက်ပတ်ကြောင့် မုန်းမှာ အမြန်ခလုပ်ပိတ်လိုက်ရတယ်။ အလင်းက မုန်းလက်ကို ကိုင်လိုက်လို့လား။ ခါတိုင်း ပုခုံးတောင် ဖက်နေကြတာကို။ ဒါမှမဟုတ် ‘ငါ့မုန်းလေး’ လို့ ပြောလိုက်လို့လား။ မုန်းမျက်နှာကို တည့်တည့်ကြည့်ပြီး အားပေးနေလို့လား။ ဒါပေမဲ့ ခါတိုင်းလည်း ဒါတွေက လုပ်နေကြပါ။ ခုမှ ထူးထူးဆန်းဆန်း ရင်ခုန်သံတွေ ဗြောင်းဆန်နေပါ့လား။ ဘာ့ကြောင့်ပါလိမ့်။
သေချာတာ တစ်ခုကတော့ အလင်းလက်ဆောင်ပေးထားတဲ့နေ့ကတည်းက ဝတ်ထားခဲ့တဲ့ ဒီလက်ပတ်လေးကြောင့် မုန်းရင်ခုန်သံတွေကို ညာလို့ရမယ် မထင်တော့ပါဘူး။ နောက်ဆို ရင်တောင် လွတ်လွတ်လပ်လပ် ခုန်လို့ ရပါတော့မလားဘဲ။
ဘာပဲပြောပြော ရင်ခုန်လိုက်ရတော့ စာကို စိတ်ပူတာက အနည်းနဲ့အများတော့ မေ့သွားတာမို့ ကျေနပ်ပါတယ်။ စိတ်ပူတာတွေလျော့ဖို့ အမြဲရင်ခုန်ပါရစေ။
***အချစ်နဲ့ ရင်ခုန်ခြင်းက ထပ်တူကျတယ်ဆိုရင် ကျွန်တော် သူ့ကိုချစ်နေတာဖြစ်နိုင်ပါတယ်***
YOU ARE READING
မုန်းရဲ့အလင်းရောင်