Part 17 (U+Z)

8.9K 634 7
                                    

#Unicode

မုန်းအိမ်ပြန်ရောက်‌တဲ့အချိန် ဖေဖေပြန်မရောက်သေးလို့ တော်ပါသေးတယ်။ ညဘက်ရောက်တော့ မေမေနဲ့မုန်းနဲ့ စကားပြောဖြစ်ကြတယ်။

“မေမေ”

“ရှင်”

“မေမေက မေမေ့အချစ်ဦးကို အရမ်းချစ်တာပဲလား”

မုန်း တကယ်ကိုသိချင်လို့ မေးလိုက်တာပါ။

“ဘယ်လို မေးလိုက်တာလဲသားရယ် ချစ်တာပေါ့။ ပြီးတော့ မေမေတို့က လွယ်လွယ်ချစ်ခဲ့ကြတာ မဟုတ်ဘူး။ ငယ်ငယ်ကတည်းက သံယောဇဉ်တွေရစ်ပတ်လာပြီးမှ ကြီးလာတော့ သံယောဇဉ်ကနေ အချစ်ဖြစ်လာခဲ့တာ။ ငယ်ကအချစ် အနှစ်တစ်ရာ မမေ့သာတဲ့။ ငယ်ချစ်လေသားရဲ့ ချစ်တာပေါ့။ ၅၂၈နဲ့ ၁၅၀၀ပေါင်းထားတဲ့ အချစ်မို့ ပိုခိုင်မြဲခဲ့တာ”

သားရောပဲ မေမေ။သားတို့လည်း ငယ်ချစ်တွေပဲလေ။

“ကိုယ်ချစ်တဲ့သူနဲ့ လူတိုင်းပေါင်းဖက်ချင်ကြမှာပဲလေ။ သားမေမေ့ကို တဖြည်းဖြည်းနဲ့ နားလည်လာနိုင်ပြီလို့ထင်တယ်။ မေမေ ဖေဖေ့ကို ဘာလို့ စကားမပြောတာလဲဟင်”

“မေမေ ပြောပြမယ်။ မေမေ့ရင်ခွင်ထဲလာ။ မေမေ သားကိုဖက်ထားပြီး ပြောပြချင်လို့”

မေမေခေါ်တော့ မုန်း မေမေ့ရင်ခွင်ထဲကို ဝင်လိုက်တယ်။ မေမေက ဖေဖေအနားမှာ မရှိတဲ့အချိန်တိုင်း မုန်းအပေါ် မိဘမေတ္တာအပြည့်နဲ့ နွေးထွေးပေးခဲ့ပါတယ်။ ဖေဖေ အနားမှာရှိရင်တော့ ဖေဖေ့ကိုရော အနားကသူတွေကိုရော အေးစက်စက်ပဲဆက်ဆံတယ်။ ဖေဖေနဲ့ အနီးရပ်ဝန်းတွင် အေးစက်သည်ပေါ့။

“မေမေ သားဖေဖေကို ဘာလို့‌ မုန်းခဲ့လဲဆိုတော့ မေမေ့ကို အတင်းအဓ္ဓမ သိမ်းပိုက်ခဲ့လို့။ မေမေ အသက်တမျှ ချစ်ခဲ့ရတဲ့သူနဲ့ တစ်သက်စာ ဝေးခဲ့ရပြီး မေမေ မချစ်နှစ်သက်တဲ့သူနဲ့ တစ်ဘဝစာပေါင်းဖက်ရလို့။ မေမေ့ဘဝ မေမေ့မျှော်လင့်ချက်တွေကို ရိုက်ချိုးခဲ့လို့ မေမေမုန်းတယ်။ မေမေဘာလို့ သားဖေဖေအပေါ် အေးစက်ခဲ့လဲဆိုတော့ လိုတာထက်ပိုပြီးရင်းနှီးခဲ့ရင် ချစ်မိသွားမှာကြောက်လို့”

“ဟင် ဘယ်လို မေမေ”

“သား အံ့ဩသွားလား။ မိန်းမတွေရဲ့ အားနည်းချက်က သနားတတ်တာ၊ တွယ်တာတတ်တာ၊ ချစ်တတ်တာပေါ့။ သားဖေဖေကို ချစ်မိသွားရင် မေမေ့ချစ်သူအပေါ် ဘယ်တရားပါ့မလဲ။ မိန်းမတွေရဲ့စိတ်က ထိန်းချုပ်ရ လွယ်တယ်။ တချို့သူတွေပြောကြတယ် ဘယ်လောက်ပဲ မုန်းမုန်း အနေနီးရင် ချစ်သွားကြတာပဲတဲ့။ မေမေ အနေနီးပြီး ချစ်မိသွားမှာကို ကြောက်တယ်။ သနားပြီး ချစ်ရမှာကို ကြောက်တယ်။ ဒါ့ကြောင့်မေမေ အေးစက်ခဲ့တာ။ သူမေမေ့အနားမှာရှိတဲ့အချိန်ဆို အနားမှာရှိတဲ့ သူတိုင်းအပေါ် အေးစက်လိုက်တယ်။ ဘာကြောင့်လဲဆိုတော့ မေမေ့အနားမှာရှိတဲ့သူတွေကို နွေးထွေးပေးလိုက်ရင် သူ့ကပါ အနားကရှိတဲ့လူတွေနဲ့အတူ ရောယောင်ပြီးပါလာရင် နွေးထွေးမိသွားမှာ ကြောက်လို့။ ဒါကြောင့် အထူးသဖြင့် သားနဲ့မေမေအတူရှိတဲ့အချိန် သူရှိနေရင် မေမေပိုပြီး အေးစက်ခဲ့တာ။ မေမေ တောင်းပန်တယ်နော်။ မေမေ့သားလေး မေမေကြောင့် မေတ္တာငတ်ခဲ့ရတာကို”

“မဟုတ်တာ မေမေရယ်။ အဲ့လိုမတွေးပါနဲ့။ သားမေမေ့ကို တဖြည်းဖြည်းနဲ့ နားလည်လာနိုင်ပါပြီ။ ဒါ့ကြောင့် နောက်ဆို မေမေ သားကို အားမနာပါနဲ့‌။ မတောင်းပန်ပါနဲ့နော်။ ကိုယ်မချစ်မနှစ်သက်တဲ့သူနဲ့ ရခဲ့တဲ့ခလေးကို မေမေ ခုလို ချစ်ပေးတာတောင် အများကြီး နွေးထွေးလွန်းနေပါပြီ မေမေရယ်”

“မေမေ့ကို နားလည်ပေးလို့ ကျေးဇူးပါသား”

“ဒါနဲ့ မေမေ့ငယ်ချစ်ကရော မေမေ့ကို ခုထိချစ်နေတုန်းပဲလို့ ထင်လား”

“ထင်တာမဟုတ်ဘူး မြင်တာသား။ ဘာလို့လဲဆိုတော့ သူချစ်တဲ့သူနဲ့ ပေါင်းဖက်ခွင့်မရခဲ့ရင်တောင် မချစ်မနှစ်သက်တဲ့သူနဲ့တော့ မပေါင်းဖက်နိုင်ဘူးလို့ သူပြောခဲ့တဲ့စကားကို သူအခုထိ တည်နိုင်ခဲ့လို့။ သူအခုထိ လူပျိုကြီးပဲသား။ မေမေ သားအ‌ဖေနဲ့ အိမ်ထောင်ကျပြီးနောက်ပိုင်း မေမေတို့ မတွေ့ဖြစ်ခဲ့ကြဘူး။ သူ့သတင်းတွေတော့ တစ်ခါတလေကြားရတယ်။ သား၇တန်းလောက်က မေမေတို့ အမှတ်မထင် တစ်ခါဆုံဖြစ်ခဲ့ကြတယ်။ မေမေ့ကို စိတ်နာနေပြီလား မုန်းနေပြီလားလို့မေးတော့ မမုန်းခဲ့ဘူးသလို စိတ်လည်း မနာခဲ့ပါဘူးတဲ့။ မေမေက သူကလွဲရင် ဘယ်သူ့ကိုမှ မချစ်နိုင်တော့တာသိတယ်တဲ့။ မေမေ့ကို သူသနားတယ်တဲ့။ သူက ချစ်တဲ့သူနဲ့ ကွေကွင်းရတဲ့ ဒုက္ခပဲရှိခဲ့တာတဲ့။ မေမေကတော့ ချစ်တဲ့သူနဲ့ ကွေကွင်းရပြီး မချစ်မနှစ်သက်တဲ့သူနဲ့ ပေါင်းဖက်နေရတာမို့ မေမေ့ကို သူအရမ်းသနားတယ်တဲ့။ သားဖေဖေကို ချစ်ပေးနိုင်အောင် ကြိုးစားလိုက်ပါတဲ့။ ဒါဆိုနှစ်ယောက်လုံး မပင်ပန်းကြတော့ဘူးတဲ့။ သူ့ကိုအားမနာပါနဲ့ သူအေးချမ်းနေပါပြီတဲ့လေ”

“မေမေတို့က ချစ်တတ်လိုက်ကြတာ။ မေမေရော ခုထိ ချစ်တုန်းပဲလား”

“ချစ်နေသေးတယ်သား ဖြူစင်စွာနဲ့ပါ။ ပြန်လည်ရယူလိုခြင်းမရှိသလို ပေါင်းဖက်ခွင့်လည်း မလိုချင်တော့ဘူး။ ရင်ထဲမှာ သိမ်းထားပြီး ချစ်နေရုံပဲ။ တကယ်တော့ သားဖေဖေဘက်ကကြည့်ရင်လည်း မမှားဘူးလို့ မေမေထင်တယ်။ ဘာလို့လဲဆိုတော့ သူချစ်တဲ့သူကို တခြားသူလက်ထဲ အပါမခံနိုင်လို့ ရယူနိုင်အောင် ကြိုးစားခဲ့လိုက်တာပဲ‌လေ။ သူ့အတွက်ကတော့ သူချစ်တဲ့သူကို ပိုင်ဆိုင်လိုက်နိုင်တယ်လေ။ သူက သားအပေါ်အေးစက်ပြီး အတ္တကြီးပေမယ့် သားကိုသူအရမ်းချစ်ပါတယ်။ သူမေမေ့ကို ဘာတောင်းဆိုခဲ့လဲသိလား”

“ဘာကို တောင်းဆိုခဲ့တာလဲဟင်”

“သူ့ကို မေမေ့ကိုယ်ပွားလေး ပိုင်ဆိုင်ခွင့်ပေးပါတဲ့။ မေမေ့ကိုယ်ပွားလေး ရလာတစ်နေ့ သူ့ကိုမခေါ်ချင်လည်းရပါတယ်။ မပတ်သက်ချင်လည်း နေပါတဲ့။ အနားကတော့ ထွက်မသွားပါနဲ့တဲ့။ သူ့ကတိ သူတည်ခဲ့ပါတယ်။ သားကိုရပြီးကတည်းက မေမေတို့ စကားလည်းမပြောသလို ပတ်လည်းမပတ်သက်တော့ဘဲ အခန်းခွဲနေခဲ့ကြတာ ခုထိပဲ။ သူက လိုချင်တာကို ရအောင်ယူတတ်တဲ့ အကျင့်ဆိုးကလွဲရင် သိက္ခာသမာဓိရှိတဲ့သူပါ။ သူ့ဘဝမှာ သားပဲရှိတာမို့ သားဖေဖေအပေါ် မမုန်းလိုက်ပါနဲ့။ သားက ချစ်ပေးလိုက်ပါ။ ခုတောင် သူအရမ်းသနားဖို့ ကောင်းနေပါပြီ”

“ဟုတ်ကဲ့ မေမေ သားနားလည်ပါတယ်”

“မေမေ သားကို တစ်ခုတော့ပြောမယ်နော်။ သားချစ်တဲ့သူကို ရအောင် ကြိုးစားပိုင်ခွင့်ရှိတယ်။ ဒါပေမယ့် သူလည်း သားကို ချစ်နေဖို့ လိုတယ်သား။ ကိုယ်ချစ်ရတဲ့သူကို ကိုယ့်ကြောင့် စိတ်မညစ်စေနဲ့။ သူလည်း ကိုယ့်ကိုချစ်မှ ပိုင်ဆိုင်ခွင့်ရအောင် ကြိုးစားပါ။ သူ့ဘက်က ကိုယ့်ကို မချစ်နိုင်ရင် သူ့မှာ ချစ်ရမယ့်သူရှိရင် ရယူပိုင်ဆိုင်ဖို့ မကြိုးစားပါနဲ့။‌ သားကြိုးစားမယ်လို့တွေးတိုင်း မေမေ့ကို မြင်ယောင်လိုက်။ ကြားလား သား”

“ဟုတ်ကဲ့ မေမေ။ မေမေလည်း ခရီးပန်းလာတာမို့ နားတော့နော်။ ဖေဖေလည်း ပြန်ရောက်နေလောက်ပြီ။ Good night မေမေ မွစ်”

မေမေပါးလေးကို အနမ်းပေးပြီးတော့ မေမေ့အခန်းထဲက ထွက်လာခဲ့လိုက်တယ်။

မုန်းက ဖေဖေနဲ့ တူမယ်ထင်တယ်။ ကိုယ်ချစ်တဲ့သူကို အဆုံးရှုံး မခံနိုင်ဘူး။ မေမေပြောသလိုပဲ ကိုယ့်ကိုအရင်ချစ်လာအောင် ကြိုးစားကြည့်မယ်။ မရခဲ့ရင်တော့ ဖေဖေလုပ်သလို အပိုင်ရဖို့ အတင်း အဓ္ဓမ ရယူသင့်ရင်လည်း ယူရမှာပဲ။ မင်းကို ပိုင်ဆိုင်ဖို့ဆိုရင် နည်းလမ်းပေါင်းစုံ ကြိုးစားမယ်အလင်း။ မတရားသဖြင့်နည်းလမ်းနဲ့မှ ရမယ်ဆိုရင်လည်း မတရာသဖြင့် ရယူရမှာပဲ။ အဲ့ဒါ ငါမင်းကို သိပ်ချစ်လို့။

တောင်. . .ကလောင်. . .

မက်ဆေ့ ဝင်လာလို့ ကြည့်လိုက်တော့ ဒေါ်နွေဦးမေပို့တာပါ။ ဖွင့်ဖတ်လိုက်တော့ ‘မုန်းလိုင်းပေါ်တက်ခဲ့တော့လေ’ တဲ့။ ဟုတ်သား ည၈နာရီတိုင်းက မုန်းတို့ သူငယ်ချင်းငါးယောက် Video Call ပြောရမယ့် အချိန်ပါ။ အဲ့ဒီအချိန် အားအား မအားအား လိုင်းပေါ်တက် Video Call ပြောရပါမယ်တဲ့။ ဒေါ်နွေဦးမေ ထုတ်ထားတဲ့ စည်းကမ်းပါ။

“အဟမ်း အဟမ်း သူငယ်ချင်းလေးတို့ရေ ကိုယ်မင်းတို့ကို ပြောစရာရှိတယ်ကွယ်။ စိတ်မဆိုးဖို့ ကြိုတောင်းပန်ပါရစေ”

“စကားပလ္လင်ခံမနေနဲ့မုန်း။ ဘာ‌ပြောမလို့လဲ ပြောစရာရှိတာအမြန်ပြော”

အားသစ်က စိတ်မရှည်တဲ့အသံနဲ့ ပြောလာတာမို့ မုန်းလည်း ပြောလိုက်ရပါတယ်။

“ပြောဆိုလည်း ပြောမယ်ကွာ။ ငါ ရန်ကုန်ရောက်နေပြီ”

“ဘာ”

“အမလေး လန့်လိုက်တာ။ သုံးယောက်လုံး ပြိုင်တူအော်ရလားဟ”

“နင်က ငါတို့ကို ဘာလို့ ဘာမှပြောမသွားတာလဲ မုန်း။ အလင်းတုန်းကလည်း ပြောမသွားလို့ သိပ်ကျေနပ်တာမဟုတ်ဘူး။ သူက မအားလို့ နားလည်ပေးလိုက်လို့ရတယ်။ နင်က ငါတို့ကိုဘာလို့ ဘာမှ မပြောတာလဲ။ ဘာလဲ နင်က ငါတို့ကို သူငယ်ချင်းစာရင်း မသွင်းတာလား”

ဟောကြည့် ဒေါ်နွေဦးမေတို့ မဟုတ်တာကအရင် စရစ်ပါပြီ။ ယောင်္ကျားလေးတွေကတော့ ဘာမှမပြောပေ။ ယောက်ျားလေးချင်းဆိုတော့ နာလည်တယ်လေ။ မပြောလည်း ဘာမှ မဖြစ်ပေမယ့် နွေကတော့ စိတ်ဆိုးနေပါပြီ။ ချော့လိုက်ဦးဟ မောင်မုန်းရ။ သူ့ကိုတော့ ပြောသွားသင့်တာကိုကွာ။

“နွေကလည်းကွာ။ အဲ့လို မဟုတ်ပါဘူး။ နွေထင်သလို မဟုတ်ဘူးနော်။ သူငယ်ချင်းဆိုလို့ ဒါလေးတွေပဲရှိတာကိုကွာ အဲ့လိုမထင်နဲ့နော်။ ငါ နွေတို့ကိုလည်း အရမ်းချစ်တာ သိသားနဲ့”

“ဒါလေးတွေရှိတယ်လည်း ပြောသေးတယ်။ ချစ်တယ်လည်း ပြောသေးတယ်။ မချစ်လို့ ဘာမှမပြောတာပေါ့”

“နွေပြောတာ ဟုတ်တယ်မုန်း”

ဪ . . ကဲ ဒီငနဲသား သုတကလည်း မီးလောင်ရာလေပင့်ပြန်ပြီ။

“ချီးပဲ သုတ မီးလောင်ရာ လေမပင့်နဲ့။ ကူချော့ပေးမယ် မရှိဘူး။ နွေ ငါ တောင်းပန်ပါတယ်ကွာ နော်။ အားသစ် ကူပြောပေးဦး”

“ငါက ဘာပြောရမှာ။ မင်းပြသနာ မင်းရှင်းလေ။ မင်းပြောမသွားတဲ့ဟာကို”

အေး အဲ့မှာသေလိုက်တော့။ သေနာအားသစ် ကူပြောပေးမယ်မရှိဘူး။ သူကလည်း တမှောင့်။ နောက်ဆုံးကျန်သော အလင်းကိုကြည့်ပြီး စစ်ကူခေါ်ရတယ်။

“အလင်း”

အလင်းက အလိုက်တသိ စကားလမ်းကြောင်း လွှဲပေးရှာပါတယ်။

“မလိမ်မိုး မလိမ်မာလေးကို ခွင့်လွှတ်လိုက်ပါနွေရာ။ သူလာတာကို ငါတောင် မသိဘူး။ ဒီရောက်မှ သိတာ”

“ဟမ် တကယ်”

အလင်းကိုတောင် ပြောမပြဘူးဆိုတော့ အားလုံးက အံ့အားတသင့်နဲ့ပါ။

“အင်း တကယ်။ ဒါနဲ့ မင်းတို့တွေ ရန်ကုန် မလာကြသေးဘူးလားကွာ။ အမြန်လာခဲ့ကြတော့။ နွေ နင်လည်း လာခဲ့တော့လေဟာ”

“ငါက လာချင်ပေမယ့် မေမေ့ကို မခွဲချင်သေးဘူးဟ။ ကျောင်းတက်ရင်လည်း ခွဲရဦးမှာဆိုတော့ မေမေတစ်ယောက်တည်း ကျန်ခဲ့ရမှာ။ မေမေ့ကိုတစ်ယောက်တည်းထားခဲ့ရမှာ သနားလည်း သနားတယ် စိတ်လည်းမချဘူး။ အဲ့ကြောင့်ပါ။ Result ထွက်ပြီးမှ လာခဲ့မယ်လေဟာနော်”

“အေးပါ။ သုတ မင်းနဲ့အားသစ်ကရော”

“ငါတို့လည်း နွေနဲ့အတူ Result ထွက်ပြီးမှ လာခဲ့တော့မယ်ကွာ”

သုတကမပြောဘဲ အားသစ်က ဝင်ပြောလိုက်တော့ အလင်း သိပ်မကြိုက်ချင်ပေ။

“မင်းကလည်း လွန်တယ်။ နွေမလာတာနဲ့ မလာဘူး။ မပြောချင်ဘူး။ RS တွေက ပိုကိုပိုတယ်။ သုတ မင်းကိုတော့သနားတယ်။ သူများအတွဲကြားမှာ ငါမြင်ယောင်သေးတယ်”

“FA ဘဝ တကယ် အထီးကျန်ရတယ်ကွာ”

သုတက ပြောလည်းပြော အော်လည်း ရယ်ပါလေရော။

“ငါ မင်းတို့ကို ပြောစရာရှိသေးတယ်။ တချို့ တချို့တွေကွာ ရန်ကုန်ရောက်တာမှ နှစ်လမပြည့်သေးဘူး။ ကောင်မလေးနဲ့ ရုပ်ရှင်သွားကြည့်နေပြီ”

“ဟမ် ဘယ်သူလဲ အလင်းလား။ အလင်း ရည်းစားရနေပြီလား ဘယ်သူနဲ့လဲ”

“ဖြည်းဖြည်းပြောပါ နွေရယ်။ နင်ကလည်း ငါပြောပြမယ် ဒီလိုဟာ . . .”

အလင်းကိုမေးပေမယ့် မုန်းကပဲ နေ့ခင်းကအကြောင်းကို ပြန်ပြောပြလိုက်တယ်။

“အလင်း နင် တကယ်တုံးပါ့လားဟယ်”

“ဘာလို့လဲ”

နွေဆိုလိုတာကို တကယ်မသိလို့ အလင်း မေးလိုက်တာပါ။

“ဘာမှမဟုတ်ဘူး ထားလိုက်တော့။ နင်တော်တယ်မုန်း”

“ငါတော်တယ်မို့လား နွေ။ ငါ့မှာ ရောက်ရောက်ချင်း နားရမယ်မရှိဘူး။ ဘာမှမသိတဲ့ အဲ့ငတုံးဆီကို အပြေးသွားရ‌သေးတယ်”

“ဒါနဲ့ နေပါဦး။ နွေနဲ့မုန်း မင်းတို့နှစ်ယောက်က ဘာဖြစ်နေတာလဲ။ အလင်း သူ့ဘာသူ ရည်းစားရတာ ဘာဖြစ်လဲ။ မုန်း မင်းက မင်းထက်အရင် အလင်း ရည်းစားရသွားရင် မင်းတစ်ယောက်တည်း ပျင်းကျန်ခဲ့ရမှာဆိုးလို့ လိုက်ပြီး ဖျက်လို့ဖျက်စီးလုပ်တာလား။ နွေ နင်နဲ့ အားသစ်ကြတော့ တွဲနေကြပြီး ငါတို့ကြတော့ ရည်းစားရမှာ ဆိုးနေတာလား။ နင် စိတ်ပုတ်လိုက်တာဟာ။ ငါတို့လည်း ရည်းစား ထားချင်တာပေါ့ဟ”

သုတက ဘာမသိညာမသိ ပြောနေတော့ နွေလည်း စိတ်ပေါက်ပေါက်နဲ့ ပြောလိုက်ပါတယ်။

“ဟဲ့သုတရဲ့ ငါတို့က ငါတို့သူငယ်ချင်းကို မဖြစ်သင့်တဲ့သူနဲ့ မဖြစ်ရအောင် မပါသင်တဲ့သူနောက် မပါသွားရအောင် ကာကွယ်ရမယ်လေ။ အဲ့ မေသူမက မူယာမာယာကလည်း များသေးတယ်။ ရည်းစားကလည်း ပွေသေး။ ငါတော့ လုံးဝမကြိုက်ဘူး။ မုန်း နင်လုပ်ဝာာ မှန်တယ်။ နင့်ဘက်မှာ ငါရှိတယ်သိလား။ ဟဲ့အလင်း မေသူ့ကိုတော့ မကြိုက်နဲ့နော် ငါသဘောမတူဘူး”

ငါက မေသူနဲ့မှ မဟုတ်ဘူး။ နင့်ကို မုန်းကလွဲရင် ဘယ်သူနဲ့မှ သဘောမတူတာ။ မုန်းနဲ့ပဲ သဘောတူတယ် အဟီး။

“အေးပါ နွေရယ်။ ငါလည်း သူ့ကို မကြိုက်ပါဘူးဟာ။ သူလည်း ငါ့ကို မကြိုက်လောက်ပါဘူး”

“နင့်ဘက်က စိတ်မဝင်စားလည်း ခပ်ကင်းကင်းနေ။ နေရာတကာ အားနာမနေနဲ့။ သူ့ဘက်က မြှူစွယ်လာရင် ရှောင်ရခက်နေမယ်။ ခုကတည်းက ရှောင် ကြားလား။ ငါ ဒါပဲပြောမယ်။ နောက်နောင် မေသူနဲ့ ပတ်သက်ပြီး နင့်အကြောင်း ဘာမှ မကြာချင်ဘူး။ မုန်း သူပတ်သက်တာနဲ့ ငါ့ကိုပြော ကြားလား။ ငါနင့်ဘက်မှာ အမြဲရှိတယ်”

“အင်း ပြောမယ်နွေ”

“နင်တို့နှစ်ယောက် ဒါမျိုးကြ အတိုင်အဖောက် ညီတယ်နော်”

သုတက ဝင်ပြောတော့ နွေက သုတကိုပါ သတိလေးလိုက်တယ်။

“နင့်ကိုလည်း တစ်ခါတည်းပြောထားမယ် သုတ။ နင်ကြိုက်တဲ့သူရှိရင် ငါတို့ကို အရင်ပြ။ ငါတို့ကြည့်လို့ သဘောကျမှ လိုက်။ မဖြစ်သင့်တဲ့သူနဲ့ မဖြစ်ရအောင် ကာကွယ်ဖို့ ငါ့မှာတာဝန်ရှိတယ်။ ကြားလား”

“အေးပါဟာ အေးပါ။ နင် အရင်နဲ့မတူတော့ဘူးနွေ။ အဖွားကြီးအို ပေါက်စလေး ဖြစ်လာပြီ တကယ်”

“အဖွားကြီးအိုပေါက်စဖြစ်လည်း ဘာဖြစ်လဲ။ ငါ့ကိုယူမယ့် အဖိုးကြီးအိုပေါက်စလေး ရှိတာပဲဟာ”

“ဟုတ်ပါတယ်ခင်ဗျ”

အားသစ်ကနွေပြောသမျှကို တစ်ချိန်လုံပြုံးပြီး ကြည့်နေရုံကလွဲရင် ဒီတစ်ခွန်းပဲ ထောက်ခံပြီး စကားဝင်ပြောပါတယ် အံ့ရော။ အားသစ်ဆိုတာ အဲ့လို အပြုံးပိုင်ရှင် ရေခဲတုံးပါ။

“အချစ်ဆုံး သူငယ်ချင်းလေးတွေ Good night ပါ”

“Good Night ပါ ဖွားလေး”

လေးယောက်သား ပြိုင်တူပြောမိတာမို့ အော်ရယ်လိုက်ကြတော့ နွေတစ်ယောက် လက်သီးထောင်ပြသွားပါတယ်။

ဒါဟာ ကျွန်တော်တို့အဖွဲ့လေးရဲ့ ချစ်ခြင်းတရားပါ။ မိသားစုပြီးရင် ဒုတိယမိသားစုဆိုလည်း မမှားပါဘူး။ တနေ့တာ ဖြစ်သမျှအကြောင်း အားလုံးကို ရင်ဖွင့်မယ်၊ တိုင်ပင်မယ်၊ အတူတူပြောပြီး အတူတူရယ်မောကြမယ်။ အတူတူစိတ်ညစ်ကြမယ်။ အေးအတူ ပူအမျှ ထပ်တူ နားလည်ခံ‌စားပေးတတ်ကြတဲ့ ရင်ဖွင့်ရာ၊ ဝေမျှရာ၊ နားခိုရာ မိသားစု ကမ္ဘာငယ်လေး Vitamin Group လေးပါပဲ။ ချစ်တယ် မင်းတို့အားလုံးကို။

မုန်းရဲ့အလင်းရောင်Where stories live. Discover now