Part 5 (U+Z)

9.8K 744 3
                                    

#Unicode

နွေကအတင်းခေါ်နေတာမို့ အလင်းလည်း ငြင်းလို့ မကောင်းတော့တာကြောင့် နွေနဲ့လိုက်ဖို့ ဆုံးဖြတ်လိုက်ရတယ်။

"မုန်း မင်းသုတတို့နဲ့ လိုက်သွားလိုက်နော်။ ငါနွေနဲ့လိုက်လာခဲ့လိုက်မယ်"

အလင်းက မုန်းကိုပြောလာတာမို့ မလိုက်ချင်ပေမယ့် သုတတို့နဲ့ပဲ လိုက်သွားရတော့မှာပေါ့။ ခုမှ မင်းတို့ ရည်းစားစဖြစ်တာလေ။ ငါကနောက်ရောက်သွားပြီလား အလင်း။

အလင်းလည်း နွေနဲ့လိုက်ခဲ့ရပေမယ့် မျက်နှာမကောင်းတဲ့မုန်းကြောင့် တကယ်ကို စိတ်မကောင်းဖြစ်ရပါတယ်။ မုန်းက အလင်းနဲ့ကလွဲရင် ဘယ်သူနဲ့မှ ဘယ်ကိုမှ မသွားခဲ့ဘူးတာမို့ စိတ်တော့မကောင်းပေ။

လမ်းတစ်ဝက်ရောက်တော့ နွေကအလင်းကို မေးလာတယ်။

"အလင်း နင်ငါ့ကို တစ်မျိုးထင်နေလား"

"ဘာကိုလဲနွေ"

"ဪ နင်မနက်ကမှ ငါ့ကိုရည်းစားစာပေးတယ်။ ငါကနေ့ခင်းကြ အဖြေပြန်ပေးလိုက်လို့လေ။ တစ်မျိုးထင်နေလားလို့"

"မထင်ပါဘူးနွေရဲ့ ဘာလို့လဲ"

"တကယ်တော့ မုန်းက ငါ့ကို ညကဖွင့်ပြောတယ်။ ချစ်တယ်တဲ့။ ငါစဉ်းစားပေးမယ် ပြောလိုက်ပေမယ့် ငါမုန်းကို သူငယ်ချင်းလိုပဲ ခင်တယ်။ အဲ့ဒါကြောင့် ကျောင်းကိုရောက်ရင် မုန်းကို ပွင့်ပွင့်လင်းလင်းပြောဖို့ တွေးခဲ့ဝာာ။ ကျောင်းရောက်တော့ နင်ကငါ့ကို စာပေးတယ်။ အစကတော့ နင်တို့ပြိုင်လိုက်ဖို့ ငါ့ကိုအသုံးချတယ်လို့ တွေးမိသေးတယ်။ အဲ့ဒါကြောင့် ငါမုန့်ဈေးတန်းကိုရောက်ဝောာ့ မုန်းကိုမေးလိုက်တာ"

"အင်း"

"ငါနင့်ကို ဘာလို့ အဖြေပြန်ပေးလဲဆိုတော့ နင်ကငါ့ကို သဘောကျတယ်လို့ရေးတာကြောင့် ငါလည်းနင့်ကို အရင်ကတည်းက သဘောကျသလိုရှိတာမို့ ငါတို့သဘောကျရာ‌ကနေ အချစ်ကိုပြောင်းလဲသွားနိုင်မလားလို့တွေပြီး နင့်ကိုအဖြေပေးလိုက်တာ။ ချက်ချင်းကြီး အဖြေပေးတယ်ဆိုပေမယ့် သဘောကျတာက ချက်ချင်းကြီးမဟုတ်ဘဲ အရင်ကတည်းက သဘောကျတာကြောင့် စဉ်းစားစရာမလိုဘူးလေ အဲ့ကြောင့်ပါ။ ပြီးတော့ ငါက သဘောကျရင်ကျတယ် မကျရင်မကျဘူးဘဲ ပြောတတ်လို့ မမူတတ်တာမို့ပါ"

နွေ အလင်းကို သေသေချာချာ ရှင်းပြလိုက်မိတယ်။ ဘာလို့လဲဆိုတော့ နွေ့ကိုသဘောကျတဲ့သူက နွေ့ကိုတစ်မျိုးထင်ပြီး အထင်သေးမှာကို ကြောက်လို့ပါ။

"အင်းပါနွေရယ်။ ငါနင့်ကို အထင်လည်းမသေးသလို တစ်မျိုးလည်း မထင်ပါဘူး။ နင်ဘာကြောင့်ရှင်းပြလဲဆိုတာ ငါနားလည်ပါတယ်နွေ" 

အလင်းက အေးဆေးတည်ငြိမ်ပြီး နားလည်မှုရှိလို့လည်း နွေအရင်ကတည်းက အလင်းကို သဘောကျခဲ့မိတာပါ။

ကျူရှင်ကိုရောက်တော့ နွေက စက်ဘီးယူသွားဖို့ပြောပေမယ့် အားနာတာရော မယူချင်တာရောကြောင့် သုတဆိုင်ကယ်ကိုပဲ အလင်းငှားလာခဲ့လိုက်တယ်။ တကယ်ဆို မေမေက အလင်းဆိုင်ကယ်မောင်းတာကို မကြိုက်တာမို့ အလင်းကိုဆိုင်ကယ်မစီးခိုင်းပေမယ့် နွေ့စက်ဘီးကို ယူမလာချင်တာမို့ သုတဆိုင်ကယ်ကို ငှားလာခဲ့လိုက်တာပါ။

အိမ်ရောက်တော့ အရင်လုပ်နေကြအတိုင်း ထမင်းအိုးတည်ဖို့ ဆန်ဆေးပြီး ပေါင်းအိုးပလပ်ထိုးလိုက်တယ်။ မေမေ မနက်က ချက်ခဲ့တဲ့ဟင်းကိုနွှေးပြီးတာနဲ့ အလင်းစာလုပ်ဖို့ စာအုပ်ထုတ်လိုက်ပါတယ်။ အလင်းက ကျူရှင်မတက်တာမို့ မုန်းတို့ကျူရှင်တက်ချိန်မှာ အလင်းစာလုပ်ပါတယ်။ မုန်းတို့ကျူရှင်ဆင်းတာနဲ့ မုန်းတို့နဲ့ဘောလုံးကန်ဖို့ မုန်းတို့ကို ကျူရှင်မှာ ဝင်ခေါ် ပြီးတော့ ဘောလုံးသွားကန်တယ်။ ဘောလုံးကန်ပြီးအိမ်ပြန်ရောက်မှ မုန်းနဲ့အတူ ရေချိုးနေကြပါ။

မုန်းမှာ စာသာသင်နေရတယ် စာထဲကို စိတ်ကမပါချေ။ ဒီနေ့မှ ဘာကြောင့်မှန်းမသိ စိတ်ရှုပ်နေမိတယ်။ ကျူရှင်ဆင်းတာတောင် မသိလိုက်မိလောက်အောင်ပါပဲ။ အလင်းလာခေါ်မှာမို့ အလင်းကိုစောင့်နေပေမဲ့ မောင်အလင်းကို အရိပ်အယောင်တောင် မမြင်ရသေးပေ။ ဘာလို့ ဒီလောက် နောက်ကျနေပါလိမ့်။ ခဏကြာတော့ မောင်အလင်းတစ်ယောက် ဘောလုံးဝတ်စုံအပြည့်နဲ့ ရောက်လာပါတယ်။

"Sorry သုတ ငါနည်းနည်းနောက်ကျသွားတယ်"

"ရပါတယ်ကွာ . . . ဒါနဲ့အလင်း ဘောလုံးကွင်းကိုဘယ်လိုသွားမှာလဲ"

"အေးသုတ မင်းငါ့ကို မေမေ့ရုံးကို လိုက်ပို့ပေး။ စက်ဘီးသွားယူမလို့"

"အေး အေး သွားမယ်လေ မုန်းနဲ့အားသစ် ဒီမှာခဏစောင့် Ok"

သုတစကားကို မုန်းနဲ့အားသစ်က ပြိုင်တူခေါင်းငြိမ့်ပြလာတာမို့ ဆိုင်ကယ်ကို မောင်းထွက်လာခဲ့လိုက်တယ်။

မေ့ဆီက စက်ဘီးကိုယူလာပြီး အလင်းက မုန်းကို ဝင်ခေါ်လိုက်တယ်။ သုတကတော့ အားသစ်နဲ့အတူ ဆိုင်ကယ်နဲ့ အရင်သွားနှင့်ပြီး ဘောလုံးကွင်းမှာ စောင့်ပါလိမ့်မယ်။

မုန်းနဲ့အလင်း စက်ဘီးစီးလာတော့ မုန်းသိချင်တာကို အလင်းကို မေးလိုက်တယ်။

"အလင်း"

"ဟင်"

"မင်း နွေနဲ့အတူပြန်တော့ လမ်းမှာ ဘာပြောဖြစ်ကြသေးလဲ"

"ဟင် ဘာလို့လဲ ဘာမှ မပြောပါဘူး။ စာရပြီလား။ ကိုးတန်းကို ကျူရှင်တက်မှာလားလို့တော့ မေးတယ်။ ပြီးတော့ သူ့ကို အထင်သေးမှာဆိုးလို့တဲ့"

နွေလမ်းမှာ အလင်းကို ရှင်းပြတဲ့အကြောင်းအရာအားလုံးကို မုန်းကို ပြန်ပြီး ပြောပြလိုက်တယ်။

"အင်း ဒီလိုကျတော့လည်း နွေကပွင့်လင်းသားပဲနော်။ မင်းနွေ့ကိုရတာ ကံကောင်းတယ်။ နွေက ပွင့်လင်းတယ်၊ ဖော်ရွေတယ်၊ အေးဆေးတည်ငြိမ်တယ်၊ နားလည်မှုလည်း အပြည့်ရှိမယ့်ပုံပဲ။ ပြီးတော့ နွေ့ကိုကြည့်ရတာ အေးချမ်းတယ်နော်"

"အေး အဲ့ဒါတော့ဟုတ်တယ်။ သူ့ကိုကြည့်ရတာ အကောင်းမြင်တတ်တဲ့ပုံပါပဲ"

"ဒါနဲ့ မင်တို့တစ်လမ်းလုံး အဲ့ဒါပဲ ပြောတာလား"

"အင်း အဲ့ဒါပဲလေ ဘာလို့လဲ"

"ဘာမလို့ပါဘူး။ ရည်းစား စဖြစ်ခါစဆိုတော့ ဘာတွေများ ပြောကြလဲလို့ပါ"

"ဘာပြောရမှာလဲ မုန်းရာ။ ရည်းစား စဖြစ်ပေမယ့် သူငယ်ချင်းလိုပါပဲ"

"အင်းပါ။ ပြီးရော ငါကဘာတွေများ ပြောဖြစ်လဲ သိချင်လို့ ဒီတိုင်းမေးကြည့်တာပါ"

"အေးပါ"

ဘောလုံးကွင်းကိုရောက်တော့ ချိန်းထားတဲ့သူတွေက ရောက်နှင့်နေပါပြီ။ အားလုံးက မုန်းတို့ အတန်းထဲက သူတွေချည်းပဲမို့ အသင်းဖွဲ့ကာ ဘောလုံးကန်လိုက်ကြတယ်။ နှစ်နာရီလောက် ဘောလုံးကန်ပြီးတော့ သုတနဲ့အားသစ်က အရင်ပြန်သွားခဲ့တယ်။

"မုန်း အိမ်လိုက်မှာမို့လား။ မေမေက မင်းမလာတာကြာလို့ မျှော်နေပြီ"

"အေး လိုက်ခဲ့မယ်လေ"

မုန်းလည်း မေမေ့ကိုသတိရတာမို့ အလင်းတို့အိမ်ကို လိုက်လာခဲ့လိုက်တယ်။ အလင်းတို့အိမ်ကိုရောက်တော့ ရေမိုးချိုးပြီး မေပြန်အလာကို စောင့်နေခဲ့လိုက်ပါတယ်။

"သားမုန်း မေက မေ့သားလေးကို သတိရနေတာ"

အိမ်ကိုပြန်ရောက်လာတဲ့မေက မုန်းကိုမြင်တာနဲ့ ရင်ခွင်ထဲထည့်ဖက်ပြီး နမ်းပါလေတော့တယ်။ ဒါက မုန်းရဲ့အိမ်မှာမရနိုင်တဲ့ နွေးထွေးမှုပါ။ မုန်းကိုယ်တိုင် ဒီနွေးထွေးမှုလေးကို လွမ်းနေခဲ့တာပါ။

"မုန်းလည်း မေ့ကို သတိရနေတာ"

မုန်းကလည်းမေ့ပါးကို ပြန်နမ်းလိုက်တော့ အလင်းက မကျေမနပ်နဲ့ ပြောလာပါတော့တယ်။

"မေမေတို့ သားအမိတွေ ပိုကိုပိုတယ်"

"မပိုပါဘူးနော် လိုတောင်လိုသေး"

မုန်းက မျက်စောင်းထိုးကာဆိုလိုက်တော့ အလင်းက ပြန်ပြောင်ပြလာတယ်။ ဖေပြန်လာတော့ မိသားစု လက်စုံထမင်းစားပြီး ဖေနဲ့အလင်းက မုန်းအိမ်ကို ပြန်လိုက်ပို့ကြတယ်။

မုန်းအိမ်ရှေ့ရောက်တော့ ဖေက မုန်းကိုနှုတ်ဆက်ရင်း စာကျက်ဖို့ ပြောသွားသေးတယ်။ အလင်းကတော့ . . .

"Good Night Mone". . .တဲ့။

မုန်းရဲ့အလင်းရောင်Where stories live. Discover now