Part 40 (U+Z)

7.2K 506 12
                                    

#Unicode

ဘဝကြီးက အမြဲတမ်း သာယာမနေဘူးဆိုတာ သိပ်မှန်တယ်။ လေပြေလေညှင်းလေးတွေလာပြီးရင် မုန်းတိုင်း ထန်တတ်သလိုပေါ့။ မုန်းနဲ့အလင်းရဲ့ဘဝထဲကိုလည်း သိပ်မကြာခင်မှာဘဲ မုန်းတိုင်းက ဝင်ရောက်ခဲ့ပါတော့တယ်။ မုန်းနောက်ဆုံးနှစ်မှာ ဖေဖေက မုန်းတို့အကြောင်းကို သိသွားခဲ့တာမို့ ထိုနေ့က မုန်းတို့ဝေးကွာခြင်းရဲ့ အစ ဖြစ်ခဲ့တယ်။

မုန်းကျောင်းက‌နေ ခါတိုင်းလိုပဲ အိမ်ပြန်လာခဲ့ပေမယ့် ဒီနေ့ကတော့ အရင်နေ့တွေနဲ့မတူဘဲ အိမ်မှာကိုယ့်ကို ကြိုဆိုနေတဲ့သူ ရောက်နေခဲ့ပါတယ်။

“ခွပ် ခွပ်”

“အ့ ဖေဖေ”

ဟုတ်ပါတယ်။ ကျွန်တော်မုန်းမာန်ရဲ့အဖေ ဦးမာန်ထက်ပါ။ အိမ်ထဲဝင်ရုံပဲ ရှိသေးတဲ့ ကျွန်‌တော့်ကို ဆီးကြိုကာ တစ်ချက်ပြီးတစ်ချက် လက်သီးနဲ့ ဆင့်ထိုးနေတဲ့ ဖေဖေပါ။

“ကိုမာန်ထက် ရှင်လွန်မယ်နော်။ ကျမသားကို ရှင်ဘယ်လိုဖြစ်လို့ ဒီလောက်‌တောင်ထိုးနေရတာလဲ။ ရှင့်မှာ လူစိတ်မရှိဘူးလား။ အမလေး မေ့သားလေး“

မေမေက ကျွန်တော့်ကို‌ပြေးဖက်ပြီး သွေးချင်းချင်းနီနေ‌တဲ့ ကျွန်တော့်မျက်နှာကိုကြည့်ကာ ယူကြုံးမရ အော်ငိုပါတော့တယ်။

“မင်း မသိရင် အသာနေ နုယဉ်။ မင်းသားဘာဖြစ်နေလဲ မင်းမသိဘဲနဲ့”

“ကျမသားက ဘာဖြစ်နေလို့လဲ”

“ဘာဖြစ်နေလို့လဲဟုတ်လား။ မင့်သားက ယောင်္ကျားချင်း ကြိုက်နေတာလေ”

“ရှင်”

“ရှင်မနေနဲ့။ မင့်သား ယောင်္ကျားချင်း အချခံနေတာလေ။ တုတ်တုတ်ချင်းရိုက်နေတာ။ ငါကွာ စိတ်ရှိလက်ရှိ လုပ်လိုက်ရရင် မင်းသေတော့မယ်”

“အို ဘာပဲဖြစ်ဖြစ် ရှင်လက်မပါဘာနဲ့။ ပါးစပ်နဲ့ပဲပြော”

“အေး မင်းအဲ့လိုတွေ ကာစီး ကာစီး လုပ်နေလို့ မင့်သား အခြောက်ဖြစ်နေတာ”

“ရှင်ဆက်မပြောနဲ့ မကြားချင်ဘူး။ ကျမသားကို ကျမမေးမယ်။ ရှင်ဝင်မပြောနဲ့”

ဖေဖေနဲ့မေမေရဲ့ အပြန်အလှန် အခြေအတင်ပြောနေတဲ့ စကားတွေကို မုန်းဘာတစ်ခုမှ ဝင်မပြောဘဲ နှုတ်ဆိတ်ပြီး နားထောင်နေလိုက်တယ်။

“သား သားအဖေပြောတာ ဟုတ်သလားသား”

“ဟုတ်တယ် မေမေ”

မုန်းမညာချင်တာမို့ မေမေ့ကို အမှန်အတိုင်းပဲ ပြောလိုက်တယ်။

“ဘယ် . . . ဘယ်သူနဲ့လဲသား”

ဒေါ်နုယဉ်စိတ်ထဲမှာ ထင်နေပေမယ့် သားပါးစပ်က ပြောလာတာကို ကြားချင်တာမို့ မေးမိခြင်းပါ။

“အလင်းနဲ့ပါမေမေ”

ကျွန်မ ထင်သလိုပါပဲ။ သားက အလင်းလေးနဲ့ ကြိုက်နေတာပဲ။ ဘာတတ်နိုင်မှာလဲ။ အချစ်ဆိုတာ ဟိုလူ့ကို ချစ်ပါ ဒီလူ့ကို ချစ်ပါလို့ ပြောလို့ရတဲ့ အရာမျိုးမှ မဟုတ်တာ။ ရင်ထဲက ဖြစ်ပေါ်လာတဲ့အချစ်နဲ့ သူချစ်ချင်တဲ့သူကို ချစ်သွားနိုင်တာပဲလေ။ ဒါကို ကျမတို့ တားဆီးလို့မှ မရတာ။ ဒါတွေကို ရှင့်လို တဇွတ်ထိုးသမားက‌တော့ မသိနိုင်ဘူး ကိုမာန်ထက်။

“ထ သား ရေချိုးလိုက်။ ပြီးရင် အနာကို မေမေဆေးထည့်ပေးမယ်”

မေမေ့ဆီက တုန့်ပြန်လာမယ်ထင်ခဲ့ပေမယ့် ဘာတုန့်ပြန်မှုကိုမှ မရလိုက်တာမို့ မုန်း နည်းနည်းတော့ အံ့အားသင့်သွားတယ်။

“မသွားနဲ့ဦး မုန်းမာန်။ မင်းကို ရွေးခွင့်ပေးမယ်။ ကျောင်းဆက်တက်မလား။ ကျောင်းထွက်ပြီး အိမ်ကအလုပ်တွေကို ပြန်ဦးစီးမလား မင်းရွေချယ်။ ကျောင်းတက်ရင်တော့ မင်းအကောင်ကို လုံးဝတွေ့ခွင့်မရှိသလို ဆက်သွယ်ခွင့်လည်း မရှိဘူး။ မင်းရွေးချယ်ပါ”

မုန်းကို ရွေးချယ်ခွင့်ပေးကာ ဖေဖေထွက်သွားပြီးတဲ့နောက် မုန်းရေချိုးလိုက်တယ်။ ရေချိုးပြီးတော့ မုန်းရဲ့မျက်နှာက ပေါက်ပြဲတဲ့နေရာတွေကို မေမေက ဆေးထည့်ပေးတယ်။

“မေမေ သားကို စိတ်မဆိုးဘူးလား။ ယောင်္ကျားလေးချင်း မဖြစ်သင့်ဘူးလို့ မတွေးမိဘူးလားမေမေ”

“သားရယ် အချစ်က သူချစ်ချင်တဲ့သူကို ချစ်မှာပေါ့။ ဘယ်သူ့ကို မချစ်နဲ့ ဘယ်သူ့ကို ချစ်ပါလို့ ပြောလို့မရသလို ယောင်္ကျားလေးမို့ ယောင်္ကျားလေးကို မချစ်ရဘူး၊ မိန်းကလေးကိုပဲ ချစ်ရမယ်လို့ ပညတ်ချက်တွေ မရှိဘူးသား။ အချစ်က တာဆီးပိတ်ပင်လို့ မရဘူးလေ။ မေမေချစ်ခဲ့ဖူးတော့ ကိုယ်ချင်းစာလို့ရတယ်”

“ကျေးဇူးတင်ပါတယ်မေမေ”

“မလိုပါဘူးသားရယ်။ ဒါနဲ့ သား အခုဘာဆက်လုပ်မှာလဲ”

“ကျောင်းဆက်တက်မှာမေမေ။ အလင်းနဲ့ တစ်သက်လုံးပေါင်းနိုင်ဖို့ ခဏလေးတော့ ဝေးရမှာပေါ့။ သားခြေထောက်ပေါ် သားရပ်တည်နိုင်အောင်လို့ ပညာတွေသင်ယူမယ်။ သားကြိုးစားမယ်။ ခုချိန်မှာ မတွေ့ရလည်း မတွေ့ဘူးမေမေ။ ခုချိန်မှာ အောင့်အီး သည်းခံလိုက်ပါ့မယ်။ သား အလင်းနဲ့အတူ ဘဝတစ်ခုကို ထူထောင်နိုင်လောက်တဲ့ အရည်အချင်းရှိလာရင် အဲ့အချိန် ဖေဖေတားလည်း ဂရုစိုက်စရာ မလိုတော့ဘူးလေ။ ဖေဖေက သားတို့ကို လူချင်းပဲ ခွဲထားလို့မှာ။ သားတို့အချစ်တွေကိုတော့ ခွဲထားလို့ မရပါဘူး။ လူချင်းခွဲတာတောင် အချိန်အတိုင်းအတာတစ်ခုထိပဲ ခွဲနိုင်မှာပါမေမေ။ ဘယ်ချိန်ထိ ခွဲနိုင်မှာမို့လို့လဲ”

“အင်း သားဆုံးဖြတ်ချက်တိုင်းကို မေမေအလေးထားပါတယ်။ သားအကောင်းဆုံးကို လုပ်နိုင်မယ်လို့ မေမေယုံကြည်တယ်”

“ကျေးဇူးတင်ပါတယ် မေမေ”

တစ်ဘဝလုံးပေါင်းရဖို့ ခဏတာတော့ ခွဲရဦးမယ်အလင်းရေ။ ငါမင်းကို သိပ်ချစ်ပါတယ်။ ငါ့ကိုစောင့်နေပေးပါ။ ဘယ်တော့မှ ထွက်မသွားဘဲ မင်းဆီကို အပြီးလာနိုင်ဖို့ ငါကြိုးစားလိုက်ပါဦးမယ်။

မနက်ကျောင်းသွားခါနီး မနက်စာစားဖို့ စားပွဲဝိုင်းမှာထိုင်တော့ ဖေဖေနဲ့ မျက်နှာချင်းဆိုင် ဆုံတယ်။

“ကဲ မုန်းမာန် မင်းဘာလုပ်မှာလဲ”

“ကျောင်းဆက်တက်မယ်ဖေဖေ”

“ကျောင်းဆက်တက်မယ်ဆိုရင် မင်းကောင်ကိုဖြတ်ရမယ်။ ဘယ်တော့မှ မတွေ့ရဘူး။ မင်းကောင်နဲ့ တွေ့တယ်ဆိုတဲ့နေ့က ကျောင်းထွက်ပြီး မင်းအိမ်ပြန်ရမယ့်နေ့ပဲ။ ငါက ရုပ်ရှင်တွေထဲကလိုတော့ သူများသားသမီးကို သွားမပြောဘူး။ ကိုယ့်သားသမီးကိုယ်ပဲ နိုင်အောင်ထိန်းမှာ”

“ဖေဖေမတွေ့စေချင်ရင် မတွေ့ပါဘူးဖေဖေ။ စိတ်ချပါ”

“အေးလေ တွေ့ပြီဆိုတာသိရတာနဲ့ ကျောင်းထွက်ရမယ်ဆိုတာ သိထားပါ။ ကျောင်းသွားရင် မင်းဖုန်းကို အိမ်မှာထားခဲ့။ အိမ်ကDriverက မင်းကိုလိုက်ပို့ပေးလိမ့်မယ်။ ကျောင်းရှေ့မှာ တစ်နေကုန်စောင့်နေမှာမို့ ခိုးတွေ့ရမယ်လို့တော့ မထင်နဲ့။ မင်းကောင်ကို ဆက်သွယ်ဖို့လည်း မကြိုးစားပါနဲ့။ ဆက်သွယ်တာကို ငါသိရတဲ့နေ့ မင်းမြောင်းမြကို ပြန်လာရမဲ့နေ့ပဲ”

“သူများရဲ့ အဖိုးတန်သားသမီးကို ကောင်လို့ မသုံးပါနဲ့ဖေဖေ။ ရိုင်းပါတယ်”

“ဘာ. . .မင်း. . .မင်း”

ဖေဖေ့ကိုပြောပြီးတာနဲ့ မုန်းဖုန်းကို စားပွဲပေါ် တင်ထားခဲ့ပြီး ထွက်လာလိုက်တယ်။ ဖေဖေကတော့ ဒေါသတကြီးနဲ့ မင်းကနေ ဆက်မတက်နိုင်ဘဲ ကျန်ခဲ့လေရဲ့။

မုန်းကျောင်းကိုရောက်တော့ ကန်တင်းမှာထိုင်စောင့်နေတဲ့ ရှားနဲ့မေသူက မုန်းကို တအံ့တဩ ကြည့်နေရှာတယ်။ ဘာကြောင့်ကြည့်ရပါသလဲဆိုရင် မနေ့က ဖေဖေ့လက်ချက်နဲ့ မျက်နှာတစ်ခုလုံး ဖူးယောင်နေခဲ့ရတယ်မို့လား။ ခုထိ အယောင်မကျနိုင်ဘဲ ဖြူဖွေးတဲ့မျက်နှာမှာ ညိုမဲရာအကွက်လိုက် ပေါက်ပြဲရာဗလပွနဲ့ သွေးပုတ်ရောင်လွှမ်းနေတာမို့ မြင်ရသူအပေါင်း ရင်သပ်ရှုမောနေမှာ အမှန်ပါပဲ။

“ဟယ် မုန်း ဘာဖြစ်လာတာလဲဟယ်”

“ငါနဲ့အလင်းကိစ္စကို ဖေဖေသိသွားပြီ”

“ဟယ် အဲ့တော့ ဒါ. .ဒါတွေက. . နင့်ဖေဖေထိုးလိုက်တာလား”

“အေး မေးကြည့်နေစရာကို မလိုဘူး။ တွေးကြည့်တာနဲ့ သိသင့်တယ်”

“ဟယ်မုန်းရယ် ငါသနားလိုက်တာ”

မေသူနဲ့ရှားကိုကြည့်တော့ မုန်းကို တကယ်သနားနေကြတဲ့ ရုပ်လေးတွေနဲ့ ငိုမဲ့မဲ့လေးတွေဖြစ်လို့။

“သနားတယ်ဆိုလည်း ငါ့ကိုကူညီကြဟာ။ ငါဖုန်းကို ဖေဖေသိမ်းထားလို့ နင်တို့ဖုန်းခဏငှားပေး”

“အေးအေး ယူလေ ရော့”

ဖုန်းနှစ်လုံးကို နှစ်ယောက်ပြိုင်တူ ထိုးပေးလာတဲ့ သူငယ်ချင်းမလေး နှစ်ယောက်ပါ။ သိပ်ချစ်ဖို့ကောင်းကြပါတယ်။

ရှားဖုန်းကိုယူပြီး အလင်းကိုဖုန်းခေါ်လိုက်တော့ ချက်ချင်းကိုင်ရှာတယ်။

“ဟဲလိုရှား ကျောင်းရောက်နေပြီလား။ ငါမုန်းကို မနေ့ကတည်းက ဖုန်းခေါ်နေတာ ဖုန်းခေါ်လို့မရလို့ စိတ်ပူနေလို့”

ဟဲလိုဆိုတဲ့ စကားနဲ့အတူ စကားကို တရစပ်ပြောလာပါသော အလင်းရယ်ပါ။ ဘယ်လောက်‌တောင် စိတ်ပူနေခဲ့တာပါလဲ။

“အလင်း ငါမုန်း”

“ဟင် မုန်း မင်းဖုန်းကဘာဖြစ်လို့ ရှားဖုန်းနဲ့ခေါ်တာလဲ”

“မင်းနဲ့ငါ့အကြောင်း‌ ဖေဖေသိသွားပြီ”

“ဟင်”

“ဟုတ်တယ် မနေ့ကပဲ ဖေဖေသိသွားတယ်”

“ဒါဆို . . .ကိုယ်တို့ဝေးရတော့မှာလားမုန်း”

“ခဏတော့ဝေးရမှာပေါ့။ ဖေဖေက မင်းနဲ့ မပတ်သက်မှ ကျောင်းပြန်ထားမယ်ပြောလို့ ဖေဖေ့ကို ကတိပေးထားတယ်။ ဖုန်းလည်းပေးထားရတာမို့ ကျောင်းရောက်မှ ရှားတို့ဖုန်းနဲ့ ဖုန်းဆက်လို့ရမှာ။ ငါတို့ အခြေအနေတစ်ခုထိတော့ မတွေ့ဖြစ်လောက်ဘူးထင်တယ်အလင်း။ ငါမင်းနဲ့ နှစ်ယောက်တစ်ဘဝ ရပ်တည်နိုင်ဖို့ အရင်ဆုံးကျောင်းပြီးဖို့ လိုတယ်လေ။ အဲ့ဒါကြောင့် ငါတို့ ခုလောလောဆယ်တို့ တွေ့လို့မရသေးဘူး။ ဒါပေမဲ့ လစ်ရင် လစ်သလိုတော့ ခိုးတွေ့ကြ‌တာပေါ့။ ငါ့ကိုအချိန်တစ်ခုထိ စောင့်နေပေးပါ။ ငါမင်းအနားက ထွက်သွားစရာ မလိုတော့တဲ့ အခြေအနေကိုရောက်ရင် ပြန်လာခဲ့ပါ့မယ်။ စောင့်နေပေးမယ်မို့လားအလင်း”

“အင်း ငါကမင်းကို အမြဲစောင့်နေပေးမှာမို့ ငါ့ဆီကို ပြန်လာဖြစ်အောင်လာပေးပါ”

“အင်း သေချာပေါက်ပြန်လာမှာမို့ စောင့်နေပေးပါ။ ဒီကြားထဲမှာလည်း လစ်ရင်လစ်သလို ဆက်သွယ်မှာမို့ မင်းက ငါဆက်သွယ်တဲ့အချိန် အဆင်သင့်ရှိ‌နိုင်အောင် ကြိုးစားပေးပါ”

“စိတ်ချ။ မင်းအဆင်ပြေတဲ့အချိန်တိုင်း ငါအဆင်သင့်ရှိနေမယ်။ ခုတော့ အရမ်းလွမ်းတာမို့ မျက်နှာလေးမြင်ချင်တယ်။ Video Call လေးခေါ်ပါရစေ”

အလင်းကို Video Call ခေါ်လိုက်တော့ မုန်းရဲ့မျက်နှာကိုတွေ့ပြီး အလင်းက ငိုပါတော့တယ်။ အလင်းမျက်ရည်ကျတာ ဒီနေ့ဒီချိန်ထိ မုန်းတစ်ခါမှ မမြင်ဖူးခဲ့ဘူး။ ခု မုန်းနာကျင်နေရလို့ သူပါ မျက်ရည်ကျနေတယ်တဲ့လား။ ငါ့ကိုအဲ့လောက်ချစ်ပေးတာ သိရုံနဲ့တင် ငါ့ကမ္ဘာတစ်ခုလုံးကို မင်းကိုသိမ်းပိုက်ခွင့်ပေးဖို့ တန်နေပါပြီ။

“ကလေးပေါက်ကို ဖေဖေထိုးထားတာလား”

“အင်း”

“အရမ်းနာနေမှာပေါ့။ မုန်းလေးတစ်ယောက်တည်း နာကျင်နေရတာကို ကိုကိုမကြည့်ရက်ဘူး။ ကိုကိုပါ မျှဝေခံစားပေးလို့ရရင် ခံစားပေးချင်တယ်။ အနားမှာနေပေးပြီး ပြုစုလို့ရရင် ပြုစုပေးချင်တယ်။ ကိုကို့ကြောင့် မုန်းနာကျင်နေရပြီ”

မျက်ရည်တွေစီးကျပြီး အငိုလုံးဝမတိတ်သလို အသံလည်း လုံးဝမထွက်ဘဲ ငိုနေတဲ့ အလင်းကိုကြည့်ပြီး မုန်းရင်ထဲမှာ ဝမ်းနည်းလာတယ်။

“မငိုပါနဲ့။ ကိုကိုငိုတော့ မုန်းပါငိုချင်တယ်။ မုန်းလည်း သိပ်မနာတော့ပါဘူး။ မငိုနဲ့တော့နော်”

“အင်း မုန်းလေး အဆင်ပြေအောင်နေပေးပါ။ ကိုကိုလည်း ကြိုးစားမှာမို့ “

“အင်း ဒါပဲနော်ကိုကို”

ထိုနေ့ကစ၍ အလင်းနဲ့ တွေ့ခွင့်မရတော့သလို ဆက်သွယ်ခွင့်လည်း မရခဲ့ကြပါ။ သို့ပေသည့် ကျောင်းတက်ခဲ့ရတဲ့ရက်များမှာတော့ ရှားနဲ့မေသူရဲ့ဖုန်းနဲ့ အဆက်အသွယ်လုပ်လို့ရလို့ အဆင်ပြေမယ့် Private Study ကျောင်းပိတ်ရက်တွေမှာတော့ အဆင်မပြေခဲ့ပါ။ အနားမှာ အချိန်ပြည့် ဖေဖေရှိနေခဲ့ပြီး မြောင်းမြကိုမပြန်ဘဲ အလုပ်တွေကို ဦးလေးဝမ်းကွဲနဲ့ အပ်ခဲ့ကာ မုန်းကို စောင့်ကြည့်နေခဲ့ပါတယ်။ မေမေလည်း ကူညီမပေးနိုင်သလို ကျွန်တော်လည်း ကြံရာမရ ဖြစ်ခဲ့ရတယ်။ ငါလေး တစ်ခုခုတော့ ကြံဦးမှပါ။

“ဖေဖေ ကျွန်တော် Project လုပ်ရမှာမို့ ကျွန်တော့်ဖုန်းနဲ့Laptop ခဏလောက်ပြန်ပေးပါ”

“Laptop ယူလေ ဖုန်းက ဘာလုပ်ဖို့လဲ”

“စာရှာဖို့ WiFi လွှင့်သုံးမှရမှာ”

“အဲ့တာဆိုလည်း WiFi လွှင့်ပြီး ဖုန်းပြန်ပေး”

“ဟုတ်ကဲ့ပါဗျာ”

ဟင်းဟင်း ဖေဖေက 20 ရာစုမှာကျန်ခဲ့တဲ့ အဖိုးကြီးပါဗျာ။ ကျွန်တော်က 21ရာစုက မုန်းမာန်ပါ။ ဖေဖေ့ဆီက Wifi လွှင့်ဖို့ ဖုန်းကို ယူပြီး ရှားမဆီကို Message တစ်စောင် အမြန်ရိုက်လိုက်တယ်။

“အလင်းကိုပြောပေး လိုင်း‌ပေါ်မှာ စောင့်နေပေးပါလို့။ အကောင့်အသစ်နဲ့ လာadd မယ်လို့ပြောပေး”

Message ပို့ပြီးတာနဲ့ ရှားကိုပို့ထားတဲ့စာကို ပြန်ဖျက်လိုက်တယ်။ TVအရှေ့မှာ ထိုင်ကြည့်နေတဲ့ ဖေဖေ့ကိုဖုန်းပေးပြီးတော့ ဧည့်ခန်းကစားပွဲမှာ စာပြန်ထိုင်လုပ်နေလိုက်တယ်။ ဖေဖေက မုန်းရှေ့တည့်တည့်မှာ TV ကြည့်ရင်း မုန်းကို အနီးကပ် စောင့်ကြည့်နေပါတယ်။ မေမေကတော့ မုန်းတို့သားအဖရဲ့ အခြေအနေကို အကဲခတ်စောင့်ကြည့်ပေးတယ်။

မုန်း Laptopကိုဖွင့်ပြီး Chromeရယ် Firefox ရယ်ကို နှစ်ခုပြိုင်ဖွင့်လိုက်တယ်။ ပြီးတော့ Project လုပ်လက်စ Power Point တစ်ခုကိုဖွင့်လိုက်တယ်။ Chrome မှာ Project အတွက် လိုအပ်တဲ့စာတွေကိုရှာပြီး ဒီတိုင်းထားလိုက်တယ်။ Firefox ကိုဖွင့်ပြီး Facebook အကောင့်အသစ်တစ်ခု ဖွင့်ဖို့ ကြိုးစားလိုက်တယ်။ အရင်သုံးနေကြအကောင့်က ဖေဖေလက်ထဲက ဖုန်းထဲမှာ။ ပြီးတော့ ဖေဖေနဲ့လည်း Friendတွေပါ။ အဲ့တော့ အရင်အကောင့်ကို ဆက်သုံးပြီး messenger ကနေ အလင်းနဲ့စာပို့မယ်ဆိုရင် မီးလည်းစိမ်းနေမှာဖြစ်ပြီး ဖုန်းကလည်း လိုင်းဖွင့်ထားတာမို့ စာတွေက‌ တတောင်တောင်နဲ့ ဝင်နေမယ်။ ဒါဆိုရင်မဖြစ်ဘူးလေ ဖေဖေသိသွားမှာ။

ဒါ့ကြောင့် ကွန်ပျူတာကျောင်းသား ပီပီသသ အကောင့်အသစ် ဖွင့်လိုက်တယ်။ အကောင့်အသစ်ဖွင့်ပြီးတာနဲ့ အလင်းကို သွားAddလိုက်တယ်။ အလင်းက ချက်ချင်းကို လက်ခံပေးတယ်။ ဒါဆိုရင် ရှား message ပို့ပေးထားလို့ ကျွန်တော့်ကို အဆင်သင့် စောင့်နေပေးတာပေါ့။ ကျွန်တော့်သူငယ်ချင်းမလေး မိရှားက သိပ်ကိုချစ်ဖို့ကောင်းပါတယ် အားကိုးရတယ်။

ကျွန်တော့်အကောင့်ကို အလင်းဘာကြောင့်လက်ခံလဲမေး။ အကောင့်ကိုမြင်တာနဲ့ ကျွန်တော်မှန်းသိနိုင်မယ့် နာမည်ကိုပေးထားတာလေ အလင်းရဲ့ခလေးပေါက်ဆိုပြီး ဟဲဟဲ။ ကျွန်တော်ပါ မုန်းပါ မပိုင်ရင် ခြင်တောင်မရိုက်ပါဘူး။ ဆောရီးပါဖေဖေ။ ဖေဖေဘယ်လောက်ပဲခွဲခွဲ ဘယ်လောက်ပဲ ဆက်သွယ်လို့မရအောင် လုပ်ပါစေ ဒါက 21 ရာစု IT ခေတ်ကြီးပါဖေဖေ။ ဖေဖေကြီးပြင်းခဲ့ရတဲ့ 20ရာစုတုန်းကလို မိဘက ဘေးမှာထိုင်နေတာနဲ့ အဆက်အသွယ်ပြတ်သွားတဲ့ ခေတ်မဟုတ်တော့ဘူးဆိုတာကို ဖေဖေသိသင့်တယ်။ ဖေဖေကျွန်တော်တို့ကို ခွဲနိုင်လည်း တွေ့လို့မရအောင်ဘဲ ခွဲနိုင်မှာ။ ဒါတောင် အ‌ချိန်တစ်ခုအထိပဲ ခွဲနိုင်မှာ။

ဖေဖေ့မျက်နှာရိပ် မျက်နှာကဲကိုကြည့်ပြီး အလင်းကို စာပို့လိုက်တယ်။

“ကိုကို့ မုန်း Video Call ခေါ်လိုက်မယ်။ မျက်နှာလေးကို တွေ့ချင်လို့။ မုန်းဘက်က စကားပြောလို့တော့ မရဘူးနော်”

“အင်း ကလေးပေါက် အဆင်ပြေရင်ခေါ်လိုက်လေ”

နားကြပ်ကို Laptop နဲ့ Join လိုက်ပြီး မုန်းနားထဲကို နားကြပ် ထည့်လိုက်တယ်။ ပြီးတော့ သီချင်းနားထောင်သလိုလို ဘာလိုလိုနဲ့ သီချင်းတစ်ပုဒ် ညည်းလိုက်တယ်။ ဖေဖေ့အမြင်မှာတော့ မုန်းသီချင်းနားထောင်ပြီး စာလုပ်တယ်ပေါ့။ ဟဲဟဲ ဒီလိုလည်း လည်ရသေးတယ်ဗျ။

ကိုကို့ကို video call ခေါ်လိုက်တော့ တွေ့ရပါပြီ ကျွန်တော့်ရဲ့ ချစ်သူကြီးကို။ မ‌တွေ့ရတာကြာလို့ထင်တယ် အရင်ကထက် ပိုချောနေတယ်။ လွမ်းလိုက်တာဆိုတာ အနားမှာရှိရင် အာဘွားတွေအများကြီး ဆွဲပေးပစ်တယ်။

ကျွန်တော့်ချစ်သူ ကိုယ်တော်ချောက ဘယ်ကကတည်းက ပြောချင်တာတွေကို စုထားတယ်မသိ ပြောလိုက်တာများ တရစပ်။

“ခလေးပေါက်လေးကို ကိုကိုအရမ်းလွမ်းနေတာ။ မမြင်ရတာ ကြာလို့လားမသိဘူး ခလေးပေါက်က ပိုချောလာတယ်။ ဆံပင်တွေလည်း တော်တော်ရှည်နေပြီ။ မညှပ်ပစ်နဲ့နော်။ ခလေးပေါက်က ဆံပင်အရှည်နဲ့ပိုကြည့်ကောင်းပြီး ပိုချောတယ်။ ဆံပင်အရှည်ပဲထား။ ချစ်ဖို့ကောင်းလိုက်တာ အနားမှာရှိရင် အာဘွားတွေ အများကြီးပေးပစ်တယ်”

“အကြံတွေတယ်။ မုန်းလည်းအရမ်းလွမ်းတယ် ကိုကို့ကို။ ကိုကို ဉာဉ့်နက်တဲ့ထိ စာမလုပ်နဲ့နော် မျက်နှာလေး ချောင်ကျနေတယ်။ ချောတာကတော့ အရင်ကထက် ပိုချောလာတယ်။ ကိုကို့ကို မုန်းစိတ်တောင်မ‌ချဘူး”

မုန်းဘက်က စကားပြောလို့ အဆင်မပြေတာမို့ စာပဲပို့လိုက်ပါတယ်။ ပြီးတော့ ရဲရင့်အောင်ရဲ့ လွမ်းလွန်းလို့ သီချင်းကို ညည်းလိုက်တယ်။ အလင်းကိုပြောချင်တဲ့ စကားတွေနဲ့တူတဲ့ နေရာလေးတွေကိုဘဲ ရွေးပြီး‌ဆိုလိုက်တယ်။

. . . နင်မရှိဘဲ မနေတတ်တဲ့ ငါ့အားနည်းချက် . . . ဘာလုပ်လုပ် တစ်ယောက်တည်းမွန်းလို့ ပင်ပန်းနေတယ် . . . နင်ငါ့နားရှိချိန်တွေ ပြန်လည်သတိရနေတယ် . . နင့်ရဲ့အငွေ့အသက်များကို ငါတမ်းတဆဲ . . . နင်မသိဘူး လွမ်းလွန်းလို့ သေနိုင်တယ်. . . နင်မသိဘူး လွမ်းလွန်းလို့သေနိုင်တယ် . . . နင်မသိဘူး လွမ်းလွန်းလို့ . . .

“ကိုကိုလည်း လွမ်းတာပေါ့ အသဲပေါက်ရယ်။ ကိုကိုတို့ မြန်မြန်နီးနိုင်ဖို့ စာလည်းကြိုးစားကြမယ်။ အလုပ်လည်း ကြိုးစားကြမယ်နော်”

အလင်းဘက်က စကားပြောလာတဲ့အခါ မုန်းဘက်က အလင်းကို စကားပြောချင်ရင် message ပြန်ပို့ပေမယ့် တစ်ချို့စကားတွေကို ရင်ဘတ်ကြီးထဲက နှစ်နှစ်ကာကာ ခံစားပြီး စကားအဖြစ် နှုတ်ကပြောချင်လာတဲ့အခါ သီချင်းထဆိုလိုက်တယ်။ ဖေဖေ့အမြင်မှာတော့ မုန်းက စာလုပ်ရင်း သီချင်းနားထောင်ပြီး သီချင်းတွေ အော်ဆိုနေတယ်ပေါ့။ တကယ်တော့ ဖေဖေ့အထင်နဲ့ တက်တက်စင် လွဲပါတယ်။ မုန်းစာမလုပ်ဘဲ အလင်းနဲ့စကားပြောရင်းက အလင်းကိုပြောချင်တဲ့ စကားလုံးတွေကို သီချင်းအဖြစ် ထထဆိုလိုက်တာပါ။ ဖေဖေသာသိရင် သွေးတက်သေမှာ အသေအချာပါပဲ။

. . . ဘယ်လောက်ထိ မိဘတွေ အဆက်အသွယ်တွေဖြတ် . . တကယ် ဒီလိုနှစ်ယောက်မရှိတဲ့ ရှိတဲ့အချစ်များ . . . ယုံနေတယ်မခွဲဘူး . . . ယုံကြည်တယ်မဝေးဘူး. . .

လွှမ်းပိုင်ရဲ့ မဝေးဘူးသီချင်းကို ဖေဖေ့ကိုကြည့်ပြီး ဆိုချင်တဲ့နေရာကနေ ကောက်ဆို‌လိုက်တော့ ဖေဖေကမုန်းကို ထသတ်တော့မယ့်ရုပ်နဲ့ ဒေါသချောင်းချောင်းထွက်ပြီး ကြည့်နေပါတယ်။ စိတ်ချဖေဖေ ကျွန်တော်အလင်းနဲ့ မရရအောင် နီးစပ်ဖို့ကြိုးစားမှာ။

“ကိုကိုတို့ လုံးဝမခွဲဘူးနော်မုန်း။ အရမ်းချစ်တယ်။ အာဘွား မွစ် အသဲပေါက်လေး”

“မုန်းလည်း အရမ်းချစ်တယ် ကိုကို။ ဘယ်လောက်ပဲကြာကြာ မုန်းကိုစောင့်နေပေးပါ။ မုန်းသေချာပေါက် ကိုကို့အနားကို ပြန်လာခဲ့မှာ”

အလင်းနဲ့စကားတွေ တဝကြီး ပြောပြီး ဖုန်းချလိုက်တယ်။ သိပ်မကြာပါဘူး မုန်းစာလုပ်နေတာကို မယုံတဲ့ဖေဖေက မုန်းLaptopကို လာကြည့်တယ်။ ဖေဖေနောက်ကျသွားပြီ ဖေဖေ။ စောလာလည်း ဖေဖေမမိနိုင်ပါဘူး။ ဘာကြောင့်ဆို ဖေဖေ့သား မုန်းက ကွန်ပျူတာကျောင်းသားဆိုတာ ဖေဖေမေ့နေတယ်ထင်တယ်။

မုန်းရဲ့အလင်းရောင်Where stories live. Discover now