Part 8 (U+Z)

8.9K 724 15
                                    

#Unicode

ဒီလိုနဲ့ အလင်းရယ် မုန်းရယ် နွေရယ် သုတနဲ့အာကာတို့ရယ် နွေရာသီကျောင်းပိတ်ရက်မှာ English စာ သင်တန်း တက်ဖြစ်ခဲ့ကြတယ်။ အားတဲ့အချိန် အလင်းတို့အိမ်မှာ အလင်းမေမေဆီ ကွန်ပျူတာလာသင်ခဲ့ကြတယ်။ လာသင်တဲ့အခါ Typing ကျင့်တဲ့အချိန်ဆို အလင်း၊ မုန်း၊ သုတနဲ့အားသစ်တို့က ဂိမ်းထိုင်ဆော့‌နေကြပါ။

နွေနဲ့အလင်းက ချစ်သူဆိုတာထက် သူငယ်ချင်းလို ပိုပြီးရင်းနှီးလာခဲ့ကြတယ်။ အရင်ကထက် ပိုပေါင်းဖြစ်ပြီး ငါးယောက်တစ်တွဲ ဖြစ်လာကြပါတယ်။ ရိုးသားဖော်ရွေပြီး ဖြူဖြူစင်စင်နဲ့ အေးချမ်းတည်ငြိမ်တဲ့ နွေကတော့ အလင်းနဲ့တင်မဟုတ်ဘဲ မုန်း၊ သုတ၊ အားသစ်တို့နဲ့ပါ သူငယ်ချင်း အရင်းကြီးတွေဖြစ်လာခဲ့ကြတာပေါ့။

အရင်က ယောင်္ကျားလေး လေးယောက်အဖွဲ့ကနေ မိန်းကလေးတစ်ယောက်ပါလာတဲ့ ငါးယောက်အဖွဲ့လေး ဖြစ်လာခဲ့ပေမယ့် အရင်အတိုင်း မပြောင်းလဲဘဲ ပိုပြီးချစ်ခင်လာကြပါတယ်။ နွေက အလင်းတို့လေးယောက်အပေါ်မှာ အစ်မတစ်ယောက်လိုညှာတာပြီး နွေးထွေး‌ပေးတာမို့ ပိုပြီး တွယ်တာလာခဲ့ကြတယ်။

နွေကဘာပဲဖြစ်ဖြစ် ဘယ်လိုကိစ္စတွေပဲရှိရှိ အလင်းတို့လေးယောက်ကို အမြဲဦးစားပေးတယ်။ အမြဲယုံကြည်ပေးပြီး အလင်းတို့လေးယောက်ဘက်ကပဲ အမြဲရပ်တည်ပေးခဲ့တယ်။ ဒါကြောင့်လည်း နွေက အလင်းတို့အဖွဲ့ရဲ့ နွေဦးလေးဖြစ်လာခဲ့သလို အလင်းတို့ရဲ့ အချစ်ဆုံးသူငယ်ချင်းလေး ဖြစ်လာတဲ့အပြင် အလင်းတို့ရဲ့အချစ်ရဆုံးနဲ့ အားအကိုးရဆုံး အစ်မတစ်ယောက် ဖြစ်မှန်းမသိ ဖြစ်လာခဲ့ပါတယ်။

အမေနဲ့သမီး နှစ်‌ယောက်တည်းပဲရှိတော့တဲ့ နွေတို့မိသားစုမှာ နွေ့မေမေက လက်လီလက်ကားရောင်းတဲ့ ကုန်စုံဆိုင်ကြီး အကြီးကြီးကို တစ်ယောက်တည်း အုပ်ချုပ်ရတယ်။ အမေကိုချစ်ပြီး လိမ္မာတဲ့နွေ့ကို အလင်းတို့အဖွဲ့ကြောင့် ပတ်ဝန်းကျင်မှာ အပြောအဆိုခံရမှာ ဆိုးခဲ့ပေမယ့် နွေကတော့ “ငါတို့ရိုးသားနေသ၍ ပတ်ဝန်းကျင်ကို ဂရုစိုက်စရာ မလိုတာမို့ နင်တို့ငါနဲ့ ပွင့်ပွင့်လင်းလင်း ပြောဆိုနေထိုင်လို့ရတယ်”လို့ ပြောတာကြောင့် နွေတို့အိမ်ဟာလည်း အလင်းတို့ရဲ့ စားအိမ်သောက်အိမ် ဒုတိယအိမ်ဖြစ်လာခဲ့တယ်လေ။

ဒီလိုနဲ့ ကိုးတန်းကျောင်းတက်တဲ့အချိန် အရင်လိုပဲ ကျောင်းတက်လိုက် ဘောလုံးကန်လိုက် စာမေးပွဲတွေ ဖြေလိုက်နဲ့ပဲ နှစ်တစ်နှစ်ရဲ့ကုန်ဆုံးချိန်ကို ရောက်လာခဲ့ပါရော။

ကိုးတန်းစာမေးပွဲ နောက်ဆုံးနေ့မှာတော့ အလင်းနွေ့ကို မပြောမဖြစ် ပြောခဲ့ရတယ်။

“နွေ ငါနင့်ကို ပြောစရာရှိတယ်”

“အေး ပြောလေ ဘာပြောမလို့လဲ”

“ငါနင့်ကိုချစ်ပါတယ် ဒါပေမဲ့”

“ဘာလဲ သူငယ်ချင်းတစ်ယောက်လို အစ်မတစ်ယောက်လိုပဲလို့ ပြောမလို့လား အလင်း”

“ဟင်”

“ငါသိတယ်အလင်း။ နင်ငါ့ကိုသဘောကျရုံထက် မပိုခဲ့ဘူးဆိုတာ”

“ငါတောင်းပန်ပါတယ်နွေ။ ငါအစကတော့ ငါတို့ဒီတိုင်းနေနေတာလည်း အဆင်ပြေနေတာပဲဆိုပြီး ဒီတိုင်းလေး ရှေ့ဆက်သွားမလို့ပါဘဲ။ ဒါပေမယ့် ငါနင့်ရဲ့ချစ်သူအဖြစ် နင့်အနားမှာရှိနေခဲ့ရင် နင့်ကို တကယ်ချစ်တဲ့သူရှိလာတဲ့အခါ အဲ့ဒီသူကို ငါ့ကြောင့် ဆုံးရှုံးလိုက်ရမှာ ဆိုးလို့ပါ။ ငါတောင်းပန်ပါတယ်နွေ”

“တောင်းပန်စရာမလိုပါဘူး အလင်းရယ်။ ငါတို့အစကတည်းက သဘောကျရာကနေ အချစ်ဖြစ်လာနိုင်မလားဆိုပြီး တွဲခဲ့ကြတာပဲလေ။ ဒါပေမဲ့ ငါရော နင်ရော သဘောကျရုံထက် မပိုခဲ့ကြဘူးမို့လား။ နင်ခုလို ငါ့ကို ပွင့်လင်းပေးလို့ ကျေးဇူးလည်းတင်တယ် တောင်းပန်ဖို့လည်း မလိုပါဘူး။ ငါကတောင် နင့်ကို တောင်းပန်ရဦးမှာ”

“ဟမ် ဘာလို့လဲ‌နွေ”

“ငါတကယ်ချစ်ရမယ့်သူ ရှိနေပြီအလင်း”

“မဟုတ်မှလွဲရော ငါတို့အဖွဲ့ထဲကပဲလား”

“အင်း အဲ့ထက်ပိုပြီးတော့ မမေးနဲ့တော့”

“ငါသိတယ် အရင်ကတည်းက ရိပ်မိနေတာ”

“နင်ထင်တာဘယ်သူလဲ”

“မုန်းမဟုတ်တာ သေချာတယ်”

“မုန်းလည်း မဟုတ်ရဲပါဘူးဟယ်။ ငါမလုရဲပါဘူး။ သူငယ်ချင်း အချင်းချင်း စိတ်ဝမ်းကွဲပြီး အမုန်းတွေ မပွားပါရစေနဲ့ ဟဲဟဲ”

“ဟမ် ဘာကိုလဲ”

“ဘာမဟုတ်ပါဘူး ဟီး ဟီး”

“သုတလည်း မဟုတ်ဘူး”

“ဘယ်သူ ကျန်တော့လို့လဲဟယ်”

“ကျန်တာပေါ့ အေးချမ်းတဲ့ အပြုံးပိုင်ရှင်လေးအားသစ်လေ . . . Right”

အလင်းက လက်ဖြောက်လေးတီးကာဆိုလိုက်တော့ နွေကခေါင်းငြိမ့်ပြပါတယ်

“အင်း နင်ဘယ်လိုသိလဲ”

“နင်ကိုယ်တိုင်ကအေးချမ်းတော့ အားသစ်ကိုချစ်တာ မဆန်းဘူးလေ။ သူလည်း နင့်ကိုချစ်နေတယ်လို့ ငါထင်တယ်”

“နင်ရော”

“ဘာကိုလဲ”

နွေက ဗြုန်းစားကြီးထမေးတော့ ဘာကိုဆိုလိုမှန်း အလင်းမသိလိုက်ဘူး။

“ချစ်ရမယ့်သူ ရှိပြီလား”

“ခုထိတော့ မရှိသေးပါဘူး”

“နင်ချစ်နေတာကို နင်ကိုယ်တိုင် မသိတာနေမှာပါ”

“. . .”

ငါသိနေတယ်အလင်း။ နင်တို့ တစ်ယောက်ကိုတစ်ယောက် ချစ်နေတာကို နင်တို့ကိုယ်တိုင် မသိတာ။ နင်တို့က အချစ်မဖြစ်နိုင်ဘူးလို့ နင့်တို့ကိုနင်တို့ ပြန်ငြင်း‌နေတယ်ဆိုတာ။ နင်တို့ အချစ်ကို လက်ခံရမှာ ကြောက်နေတယ်ဆိုတာ။ နင်တို့ရဲ့စည်းတွေကို နင်တို့ကျော်ရမှာ ကြောက်နေတယ်ဆိုတာကိုပေါ့။ ငါဘေးကကြည့်နေပေမယ့် အကုန်မြင်နေရတယ် အလင်း။

ငါချစ်တဲ့ ငါ့အချစ်ဆုံး သူငယ်ချင်းနှစ်ယောက်လုံးကို ကြည့်ပြီးတော့ ငါသနားပြီး စိတ်မကောင်းဖြစ်ခဲ့ရတာ။ နင်တို့နဲ့စခင်တဲ့နေ့ ပုသိမ်သွားခဲ့တဲ့နေ့ကနေ ခုထိပဲ ဆိုပါတော့။ နင်တို့အချစ်တွေကို နင်တို့ကိုယ်တိုင် ပြန်မြင်တဲ့နေ့ ပြန်လက်ခံနိုင်တဲ့ အချိန်ကြရင် နင်တို့အရာရာကို ရင်ဆိုင်ကျော်ဖြတ်နိုင်ပါစေ။ ငါလည်း နင်တို့နှစ်ယောက်ရဲ့အရှေ့က မားမားမတ်မတ် ရပ်တည်ပေးပါ့မယ်။ ငါချစ်ရတဲ့ လူသားလေးတွေ ပျော်ရွှင်ပါစေ။

မုန်းရဲ့အလင်းရောင်Where stories live. Discover now