Part 29 (U+Z)

9.9K 622 22
                                    

#Unicode

ချစ်သူနဲ့အတူနိုးထရတဲ့ မနက်ခင်းတိုင်းက သိပ်ကိုသာယာလွန်းပါတယ်။ ဒီလိုမျိုးလေးနေ့တိုင်း အတူနိုးထခွင့်ရရင် ဘယ်လောက်ကောင်းလိုက်မလဲ။ မုန်းအလင်းကိုကြည့်ရင်း တွေးနေမိတာတစ်ခုက ကျွန်တော့်ချစ်သူက အရမ်းချောပါလားလို့‌လေ။

အဟက် ကိုယ့်ငါးချဉ် ကိုယ်ချဉ်တာတော့ မဟုတ်ဘူးဗျ။ ကျွန်တော့ချစ်သူက ယောင်္ကျားပီသပြီးချောလွန်းနေလို့ပါ။ ထူထဲလွန်းတဲ့မျက်ခုံး၊ ကော့တက်နေတဲ့ မျက်တောင်‌၊ ဖြောင့်စင်းနေတဲ့နှာတံ၊ မထူမပါး ပိရိသေသပ်လှပလွန်းတဲ့နှုတ်ခမ်း၊ ယောင်္ကျားပီသလွန်းတဲ့မျက်နှာကျနဲ့ ချောမောလွန်းပါတယ်။ ပြုံးလိုက်၊ ရယ်လိုက်မှ ပေါ်လာတတ်တဲ့ ပါးချိုင်လေးနှစ်ဖက်က လူကိုသတ်နိုင်တဲ့ လူသတ်လက်နက်လိုပဲ။

ဟမ် နေပါဦး အလင်းပြုံးလိုက်တာလား။ ဒါဆို‌နိုးနေပြီပေါ့။ ငါသူ့ကိုခိုးကြည့်နေမှန်း သိနေတာပေါ့။ ရှက်လိုက်တာကွာ။ တွေးပြီးရှက်နေတုန်းမှာပဲ နှုတ်ခမ်းလေးဆူပေးလာတော့ လန့်သွားတယ်။ ဘာလဲဟ နမ်းခိုင်းနေတာလား။

“ဘာကြည့်နေတာလဲမုန်း။ Morning Kiss တောင်းနေတာလေ။ ငေးမနေနဲ့ အမြန်ပေး”

“ဟမ် ဘာကို”

မုန်းမသိချင်ယောင်ဆောင်ပြီးမေးတော့ အလင်းပြန်ပြောလာတဲ့စကားက အံ့အားသင့်ဖွယ်ပါ။

“ကိုယ့်ကိုနမ်းဖို့ အခွင့်အရေးပေးနေတုန်းမှာ နမ်းပါ။ ကိုယ်ပေးတဲ့အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးခံလိုက်ရင်တော့ ကိုယ်မင်းကို နမ်းရလိမ့်မယ်။ ကိုယ်နမ်းရင်တော့ မင်းနမ်းသလို ညှင်သာချင်မှ ညှင်သာလိမ့်မယ်နော်။ နမ်းရုံနဲ့ ပြီးချင်မှလည်း ပြီးမှာ။ ဘယ်လိုလဲမုန်း ပေးမှာလား မပေးဘူးလား”

ကြားလိုက်ရတဲ့စကားက ကြက်သီးထဖွယ်။ ဒါအနမ်းတောင်းခံနေတာလား အနမ်းဓားပြတိုက်နေတာလား မသဲကွဲဘူး။ တကယ်သာ မုန်းမပေးရင် အလင်းက ပြောသလိုလုပ်နိုင်တာမို့ အလင်းတောင်းတာကို အမြန်ပေးလိုက်ရတယ်။

“မွစ်”

အလင်းနှုတ်ခမ်း‌လေးကို ထိရုံလေးနမ်းပြီး မျက်နှာသစ်ဖို့ အမြန်ပြေးသွားလိုက်တယ်။ ဟူး တော်သေးတယ် အပြေးမြန်လို့။

မုန်းပြေးထွက်သွားတာကိုကြည့်ပြီး အလင်းပြုံးလိုက်မိတယ်။ ချစ်ဖို့ကောင်းလွန်းတဲ့ ကလေးလေးက နည်းနည်းလေး ခြိမ်းခြောက်လိုက်တာကို အကြောက်လွန်ပြီး ပြေးသွားရတယ်လို့။ သူ့ကိုဒီက ဘာလုပ်မှာကြ။ မျက်နှာသစ်ရင်းနဲ့မှ ကိုယ့်ကိုယ်ကို သေချာကြည့်ရမယ် ငါ့ရုပ်က ဇာတ်လမ်းထဲကလူကြမ်းတွေလို အတော်များ ကြောက်ဖို့ကောင်းနေလားလို့လေ။

မျက်နှာသစ်၊ မနက်စာစားပြီး စာလုပ်ဖို့ပြင်တော့ ဂိမ်းဆော့နေတဲ့မုန်းက ဆော့နေရင်းတန်းလန်း ဘာစိတ်ကူးထပေါက်တဲ့မသိ အလင်းကို ထူးထူးဆန်းဆန်းတွေ မေးလာပါလေရောလား။

“အလင်း”

“ဗျာ”

“ငါကမင်းရဲ့အချစ်ဆုံးလား”

“မဟုတ်ဘူး မင်းကငါ့ရဲ့အမုန်းဆုံး”

“ဘာ ဘယ်လို ဘယ်လို ဘယ်လိုပြောလိုက်တာ”

“အမုန်းတွေရဲ့အဆုံးသတ်မှာ အချစ်ရှိတယ်လေမုန်းရဲ့။ အဲ့ဒါကြောင့် အချစ်ဆုံးဆိုရင် အချစ်တွေအဆုံးသတ်ပြီး အမုန်းတွေဖြစ်လာမှာပေါ့ မဟုတ်ဘူးလား။ အမုန်းတွေအဆုံးသတ်ပြီး အချစ်တွေပဲ ဝေဖြာပေးမယ့် မုန်းလေးက အမုန်းတွေဆုံးသွားတဲ့  ကိုယ့်ရဲ့အမုန်းဆုံးလေး”

“အလျှောက်ကောင်းလို့ အထောင်းသက်သာသွားတယ်မှတ်ပါ အမောင်အလင်း”

“ဟုတ်ပါပြီဗျာ ဂိမ်းဆော့တာရပ်‌တော့။ စာကျက်ရမယ်မုန်း”

“ဟင့်အင် မကျက်ချင်သေးဘူး။ ခေါင်းမှာလည်း အနာကြီးနဲ့ကို စာအတင်းမကျက်ခိုင်းပါနဲ့ အလင်းရာနော်”

“ဂိမ်းဆော့နေတုန်းကတော့ မင်းခေါင်းမှာ အနာမရှိဘူးနော်မုန်း။ စာမေးပွဲဖြေရတော့မယ်လေကွာ လိမ္မာတယ်ထ စာကျက်မယ်”

“ဒီတစ်ပွဲဆော့လို့ရမလား ဒီတစ်ပွဲ‌ပဲလေ”

“အင်း ငါ့ကိုမချစ်ရင် ဆက်ဆော့‌လို့ရတယ် Ok”

ဘာစကားကြီးလဲ အဲ့ဒါက။ သူ့ကိုချစ်တာနဲ့ စာမလုပ်တာနဲ့ဆိုင်လား။ ဆေးရုံကဆင်းလာတာမှ ခုမှတစ်ရက်ပဲရှိသေးတယ်။ စာကလုပ်ခိုင်းနေပြီ။

“ချစ်တာနဲ့ဆော့တာနဲ့ မဆိုင်ဘူးလေကွာ”

“ပြောပြီးပြီလေ သဘောလို့။ မချစ်ရင် ဆက်ဆော့ပါ ရတယ်”

“ကျက်မယ် ရှားနဲ့မေသူ့ကို ခေါ်ထားတယ်။ သူတို့လာမှ ကျက်မယ်လေ။ အဲ့လိုရလား”

“ကိုယ့်ကို ဈေးဆစ်နေတာလားမုန်း။ သူတို့လာရင် ဆေးရုံတက်တုန်းကစာတွေ ပြန်မရှင်းခိုင်းဝော့ာဘူးလား။ ပြန်မသင်ပေးလည်း ရတယ်ပေါ့။ တတ်ပြီးသားတွေပေါ့ အဲ့လိုလား”

“အင်းပါ။ ကျက်ပါ့မယ်”

မုန်းမျက်နှာကို ငယ်နိုင်သမျှငယ်ပြီးပြောလိုက်ဝောာ့ အမောင်အလင်းတို့ သနားလာမယ်များထင်နေသလား။ မထင်ပါနဲ့ လုံးဝကိုမထင်ပါနဲ့။

“မျက်နှာကို ပြန်ပြင်နော်မုန်း။ မသိရင် သူ့ကိုနှိပ်စက်နေတဲ့အတိုင်းပဲ”

“မုန်းရေ ဖုန်းလာနေတယ် မေမေတဲ့”

မေမေ့ဆီကဆိုတော့ မုန်းလန့်သွားပါတယ်။ ဘာလို့ခေါ်တာပါလိမ့်။ မုန်းခေါင်းကွဲပြီးဆေးရုံရောက်တာကို အိမ်ကများ သိသွားတာလားဘာလား။ အိမ်ကသိရင်တော့ သွားပါပြီ။ အကျယ်ချုပ် ကျတော့မှာ။ ခုမှရထားတဲ့ လတ်လတ်ဆတ်ဆတ်ရည်းစားလေးနဲ့ ခွဲရတော့မှာလား။ အမလေး ကယ်ပါ ကယ်တော်မူကြပါ။

“မုန်းဖုန်းကိုင်လိုက်လေ”

မုန်းအတွေးလွန်နေတာမို့ အလင်းက ဖုန်းကိုင်ဖို့ သတိပေးမှ ဖုန်းကိုင်လိုက်ရတော့တယ်။

“ဟဲလို မေမေ”

“သား မေမေရန်ကုန်လာခဲ့မလို့လေ စနေ တနင်္ဂနွေကြရင်”

“အာ မေမေ့ မလာနဲ့ဦးနော်။ မေမေလာရင် တစ်ယောက်တည်း ဖြစ်နေလိမ့်မယ်။ သားစာမေးပွဲနားနီးလို့ သူငယ်ချင်တွေနဲ့ စာစုလုပ်နေရတယ်မေမေ။ မေမေလာလို့အဆင်ပြေတဲ့ရက်ကို သားဖုန်းပြန်ဆက်မယ်လေ နော်မေမေ”

“အင်း အဲ့ဒါဆိုလည်းပြီးရောသား။ မေမေက သားကိုသတိရနေတာ။ မေမေလာလို့ရမယ့်အချိန်ကို သားဖုန်းဆက်လိုက်နော်”

“ဟုတ်မေမေ”

“ဒါပဲနော် သား။ မေမေ့သားလေးကို အရမ်းချစ်တယ်နော်”

“သားလည်း အရမ်းချစ်တယ်မေမေ”

ဟူးးးး တော်ပါသေးရဲ့ လန့်သွားတာပဲ။ ရန်ဖြစ်တာများ သိသွားတာလားလို့။ မေမေခုချိန်လာလို့ မဖြစ်သေးဘူးရယ်။ ခေါင်းကပတ်တီးကိုမြင်လို့ ဘာဖြစ်တာလဲမေးရင် သေပြီဆရာပဲ။

“မုန်းမေမေက ဘာပြောလို့လဲ”

“လာမလို့တဲ့ လန့်သွားတာပဲ”

“အင်း ဘယ်တော့လာမှာလဲ”

“လာလို့ရမယ့်ရက် ဖုန်းလှမ်းဆက်မယ်လို့ ပြောလိုက်တယ်”

“ဪ . . တော်သေးတာပေါ့”

“ဒါနဲ့ ငါတစ်ခုလောက်မေးလို့ရမလားအလင်း”

“မေးလေ”

“ဖေဖေတို့မေမေတို့သိသွားလို့ သဘောမတူဘူးဆိုရင် မင်းကငါ့ကိုထားခဲ့မှာလားဟင်”

“ကိုယ်ပြောတာကို သေချာနားထောင်ပေးမုန်း။ အရင်က ကိုယ်ထွက်ပြေးခဲ့တယ်ဆိုတာ ဖေဖေနဲ့မေမေ့ကို ကိုယ့်ကြောင့် စိတ်ဆင်းရဲရမှာဆိုးလို့။ ဒါပေမဲ့ မေမေတို့ဖေဖေတို့က လက်ခံပေးခဲ့တယ်ဆိုရင် ဘယ်အကြောင်းအရာကြောင့်ပဲဖြစ်ဖြစ် ကိုယ်မင်းဆီက ထွက်ပြေးမှာမဟုတ်ဘူး။ အဲ့အကြောင်းအရာက မုန်းအဖေ မုန်းအမေဆိုရင်တောင်ပေါ့”

“. . .”

“ကိုယ်မုန်းကိုချစ်လို့ မုန်းလက်ကိုတွဲလိုက်တဲ့နေ့ကစပြီး ဘယ်တော့မှ လက်တွဲမဖြုတ်ဘဲ ရာသက်ပန်လက်တွဲဖို့ ဆုံးဖြတ်ပြီးသား။ ပတ်ဝန်းကျင်ကြောင့် မုန်းအဖေ မုန်းအမေကြောင့် ဘာကြောင့် ညာကြောင့် အကြောင်းမျိုးမျိုးကြောင့်ဖြစ်ပါစေ ကိုယ်မင်းဆီက ထွက်မပြေးသလို မင်းလက်ကိုလည်း လက်တွဲဖြုတ်မှာမဟုတ်ဘူး။ ကိုယ်တို့နီးစပ်ဖို့ ခြေအလှမ်းတစ်ရာလှမ်းရမယ်ဆိုရင်တောင် မုန်းက ခုနေတဲ့နေရာလေးမှာပဲရပ်နေပေး။ ခြေအလှမ်းတစ်ရာလုံး ကိုယ်လှမ်းလာခဲ့မယ် ဟုတ်ပြီလား။ အဲ့ဒါကြောင့် နောက်နောင် မုန်းဆီက ထွက်ပြေးဦးမှာလားလို့ ဘယ်တော့မှ မမေးရဘူးနော်။ ဒီတစ်ခါနောက်ဆုံးဖြစ်ပါစေမုန်း”

“အင်း ငါမင်းကိုချစ်တယ်”

“ချစ်ရင်စာလုပ်ပါ”

“ဟင်”

ခုနက ရိုနေတာလေးတောင် ပျောက်တယ်။ ရိုတဲ့စကားတွေပြောပြီး စာလုပ်တဲ့လား ဟင့်။

“မဟင်နဲ့ မုန်းအဖေနဲ့အမေက ကိုယ်တို့ကိုခွဲမှာကြောက်တယ်မို့လား။ အဲ့ဒါဆိုစာကြိုးစား။ ကိုယ့်ဘဝ ကိုယ်ရပ်တည်နိုင်မှ သူတို့သဘောမတူလည်း ကိုယ်လုပ်ချင်ရာ လုပ်လို့ရမှာ။ ကိုယ်ပြောတာကို သဘောပေါက်လား”

ဪ . . . ကျွန်တော့်ချစ်သူလေးက ကိုယ်လုပ်ချင်ရာလုပ်ရဖို့ ကျွန်တော့်မိဘကိုပုန်ကန်ဖို့ စာကြိုးစားခိုင်းနေတာပေါ့။ အင်းပါ ‌တော်တော့်ကို တော်လွန်းတဲ့ချစ်သူ‌လေး။

“ဒါဆို ဖေဖေတို့မေမေတို့ကို ပုန်ကန်နိုင်ဖို့ စာကြိုးစားရမှာပေါ့ အဲ့လိုလား”

“မကောင်းတဲ့ဘက်က မတွေးနဲ့လေ။ ကောင်းတဲ့ဘက်ကပဲတွေးလေ မုန်းရ။ ကိုယ်မေးမယ် ကိုယ့်ကိုချစ်လားပြော”

“အင်း”

မုန်းမဆိုင်းမတွဘဲ ခေါင်းလေးပါငြိမ့်ပြီး အဖြေပေးလိုက်တယ်။

“ဒါဆိုကိုယ်နဲ့ရော ခွဲနိုင်လား”

“ဟင့်အင်”

“အဲ့‌ဒါကြောင့်ပြောတာလေ။ ကိုယ်တို့နှစ်ယောက်ချစ်တာကို မုန်းအဖေနဲ့အမေက သဘောတူမှာမှ မဟုတ်တာ။ သူတို့ကသဘောမတူခဲ့ရင် ကိုယ်တို့ကလည်း မခွဲနိုင်ဘူးလေ။ အဲ့တော့ သူတို့ကိုတော့ တော်လှန်ရမှာပဲလေ။ အဲ့လိုတော်လှန်ဖို့ကလည်း ကိုယ့်ဘဝကိုယ်ရပ်တည်နိုင်တဲ့ အာမခံချက်ရှိရမယ်လေ။ အဲ့တော့ နှစ်ယောက်လုံး စာကြိုးစားရမှာပေါ့ မဟုတ်ဘူးလား”

“အင်း ငါပြောတာနဲ့ ဘာကွာလို့လဲ”

“ကွာတာပေါ့ မုန်းရဲ့။ သူတို့ကိုတော်လှန်ပုန်ကန်ချင်လို့ ကြိုးစားခိုင်းတာ မဟုတ်ဘူးလေ။ ကိုယ်ချစ်တဲ့သူနဲ့ ပေါင်းဖက်နိုင်ဖို့ မခွဲနိုင်လို့ ကြိုးစားခိုင်းရတာ”

“ဟုတ်ပါပြီ။ စကားတောင်းစားလေး မောင်အလင်းရယ်။ ဘာပဲပြောပြော ဒီစာလုပ်ဖို့ဘူတာပဲ ပြန်စိုက်တာပဲ။ တော်ပြီ စာကျက်တော့မယ်”

“အင်း ကျက်ဝောာ့။ လိမ္မာတယ် ကိုယ့်မုန်းလေးက”

မုန်းစာကျက်လိုက်တာ ဘယ်လောက်ကြာသွားမှန်းတောင် မသိလိုက်ဘူး။ ဗိုက်ဆာလာမှပဲ ထမင်းစားချိန်ရောက်နေတာကို သတိထားမိတော့တယ်။ မုန်းက စာကျက်တဲ့အချိန်ဆိုရင် အာရုံစူးစိုက်မှု အရမ်းကောင်းပါတယ်။ အချိန်တွေ ဘယ်လောက်ရောက်သွားမှန်း မသိအောင်ကို စာလုပ်တတ်တယ်။ ခုကတော့ မနက်ကတည်းက ဘာမှမစားရသေးတာမို့ ဗိုက်တော်တော်ဆာလာလို့ပါ။ ရှားနဲ့မေသူမကလည်း ခုထိကို မလာသေးဘူး။ နေ့ခင်းထမင်းစားချိန်တောင်‌ ကျော်နေပြီကို။ အလင်းနဲ့‌နွေ့ကိုကြည့်လိုက်တော့ စာလုပ်နေတာ ကိုယ့်ထက်တောင် ဆိုးနေသလိုပဲ။ ထမင်းစားဖို့တောင် သတိရရဲ့လားမသိ။

“အလင်းနဲ့‌နွေ့နဲ့‌ ထမင်းစားရအောင်လေ။ ရှားနဲ့မေသူမက ခုထိလည်း မလာသေးဘူး”

“သူတို့နှစ်ယောက်လာမှသာ စာလုပ်ရမယ်ဆိုရင် မင်းအခုထိ ဘာစာမှ ရမှာမဟုတ်ဘူး။ နောက်ဆို ကိုယ့်စကားကိုပဲ နားထောင်တော့”

အဲ့အလင်းဟာလေ ချစ်သူဖြစ်ပြီးကတည်းက လူကို အနိုင်ကျင့်ဖို့များ တွေးထားလေသလားပဲ။ သူ့စကားပဲ အမြဲနားထောင်ခိုင်းနေတယ်။ ချစ်သူတော်ထားတာလား အဖေတော်ထားတာလား မသဲကွဲဘူး။

“ဟုတ်ပါပြီ ခုဗိုက်ဆာတယ် ထမင်းစားမယ်နော်။ နွေရော အတူတူစားမှာလား”

“စားမှာပေါ့ဟဲ့။ ငါလည်းဆာနေပြီကို”

“အလင်း ငါဂိမ်းဆော့ချင်လို့။ ထမင်းခွံ့ပါ့လား”

“စားပြီးမှ ဆော့လေကွာ”

“စားပြီးရင် အိပ်မှာ”

“ပြီးရော . . ခွံ့မယ် . . လာ”

ထမင်းစားခန်းထဲကိုရောက်တော့ ဂိမ်းဆော့နေတဲ့မုန်းကို အလင်းက ထမင်းခွံပေးပါတယ်။ နွေတစ်ယောက်ကတော့ သူတို့နှစ်ယောက်ကိုကြည့်ပြီး မျက်စောင်းတထိုးထိုးနဲ့ ပွစိပွစိ ပြောနေရှာတယ်။

“မုန်း ထမင်းကိုဝါးလေကွာ။ ငုံမထားနဲ့”

“. . .”

“မုန်း ထမင်းကိုဝါးပြီး မြိုချလေ။ ဘာလို့ငုံထားတာလဲကွာ”

“အင်း ခဏ . . နိုင်တော့မယ် . . ခဏလေး”

“ဂိမ်းကို လက်ကဆော့တာလေ။ ပါးစပ်ကထမင်းဝါးတာ ဘာဆိုင်လို့လဲ”

“အလင်းကလည်းကွာ ခဏ‌”

အလင်းမှာ မုန်းဂိမ်းဆော့ရင်းထမင်စားတာကို ထမင်းခွံ့နေရတာ စိတ်ကသိပ်မရှည်ချင်တော့ဘူး။ သူ့ကိုခွံ့မနေတော့ဘဲ ကိုယ့်ဘာသာကိုယ် စားနေလိုက်တော့လည်း ပါးစပ်ကို အာ ဆိုပြီး ဟပေးလာတယ်။ သဘောက သူ့ကိုခွံ့ဦးပေါ့။ ချစ်သူရတာလား ကလေးရတာလား မသဲကွဲဘူး။

“ကဲ မုန်း ထမင်းကစားဦးမှာလား ကိုယ့်ကိုပြော”

“စားမှာ . . စားမှာ . . ပြီးပြီ . . ဂိမ်းလည်းနိုင်ပြီ”

“အဲ့ဂိမ်းကို လက်ကဆော့တာလေ။ ပါးစပ်ကစားတာနဲ့ ဘာဆိုင်လို့လဲ။ ထမင်းစားစရာရှိတာစား ဆော့စရာရှိတာဆော့ပေါ့။ နောက်ခုလိုဆို ကိုယ်ထမင်းမခွံတော့ဘူးနော်”

“အာ အလင်းကလည်း ထမင်းကိုဝါးနေရင်း ဂိမ်းကို အာရုံစိုက်လို့ မရဘူးလေ။ ဂိမ်းကိုအာရုံရောက်သွားရင် ထမင်းဝါးဖို့ကို မေ့သွားရော။ အဲ့ဒါကြောင့်ပါ”

“အဲ့ဒါဆို မင်းဂိမ်း‌ဆော့နေရင် ငါ့ကိုပါမေ့‌တယ်ပေါ့ အဲ့လိုလား”

“မေ့စရာလား မင်းကငါ့နှလုံးသားထဲမှာ အမြဲရှိနေတာကို”

“အမလေး စောင်RSတွေ ပိုကိုပိုတယ်။ ငါ့မှာ ရည်းစားရှိနေလို့သာပဲ။ မဟုတ်ရင် နင်တို့ကိုကြည့်ပြီး အားကျနေရဦးမယ်။ ပိုကိုပိုတယ်”

နွေတစ်ယောက် မုန်းတို့ကိုကြည့်ပြီး အမြင်ကတ်လာပါတော့တယ်။ တကယ် အဲ့နှစ်ယောက် ပိုကိုပိုလွန်းတယ်။ မုန်းကိုထမင်းခွံ့တာ ကလေးထမင်းခွံ့သလိုပဲ အတော်စိတ်ရှည်ရမယ်။ တစ်ယောက်ကလည်း ထမင်းကို ကလေးခွံ့သလိုကို ခွံ့တာ။ တစ်ယောက်ကလည်း ကလေးတွေထမင်းစားရင်း ဂိမ်းဆော့နေသလိုပဲ။ အမလေး အားသစ်ရေ ငါနင့်ကိုအတော်သတိရသွားပြီဟဲ့။

မုန်းစားသောက်ပြီးတော့ နေ့ခင်းဘက် တစ်ရေးလောက် အိပ်ချင်သေးတာမို့ အိပ်ဖို့ကြံလိုက်တယ်။ အလင်းကိုကြည့်လိုက်တော့ ခဏနားပြီး စာလုပ်တဲ့စားပွဲမှာ ပြန်ထိုင်နေတာမို့ စာထပ်လုပ်ဦ်းမယ့် အခြေအနေပါ။ အေးပေါ့လေ ဆေးကျောင်းသားတွေဆိုတော့လည်း သူများထက် ပိုလုပ်ရမှာပေါ့။ မုန်းဆေးရုံတက်တုန်းက အလင်းစာတွေ လွတ်သွားတာကိုး။

မုန်းဆေးရုံကို နှစ်ရက်လေးပဲ တက်ရတာပါ။ ဒါပေမဲ့ အဲ့နှစ်ရက်လုံးက ကျောင်းတက်ရက်တွေဆိုတော့ ‌အလင်းက သူပဲစောင့်ပေးပြီး နွေ့ကိုတော့ ကျောင်းအမြဲသွားခိုင်းတယ်။ မေတို့တီသဲတို့ကလည်း အလုပ်နဲ့ဆိုတော့ ညနေဘက်မှပဲ လာနိုင်တာမို့ အလင်းက ကျန်တဲ့သူတွေကို ကျောင်းတက်ခိုင်း၊ အလုပ်လုပ်ခိုင်းပြီး သူတစ်ယောက်တည်းပဲ စောင့်ပေးခဲ့တာပါ။ ကျောင်းလေးနှစ်ရက်ပျက်လို့သာပဲ အလင်းကို နွေမနက်ကတည်းက စာတွေရှင်းပြနေတာ ခုထိကို မပြီးသေးပါဘူး။ ဆေးကျောင်းမတက်ခဲ့တာ မှန်လိုက်လေခြင်းလို့တောင် တွေးမိတယ်။

ရှားတို့ကိုစောင့်ရမယ့်အတူတူ အခန်းထဲဝင်မအိပ်တော့ဘဲ အရှေ့မှာပဲ မှိန်းဖို့တွေးလိုက်မိတာကြောင့် ခေါင်းအုံးလေးယူပြီး အရှေ့ကို ထွက်လာခဲ့လိုက်တယ်။ အလင်းတို့စာလုပ်နေတဲ့အနားမှာ ခေါင်းအုံးလေးချပြီး လှဲမယ်ကြံတော့ အလင်းက ချထားတဲ့ခေါင်းဦးကိုဖယ်ထုတ်ပြီး သူ့ပေါင်ကိုပုတ်ပြလာတယ်။ ပြောချင်တဲ့သဘောက သူ့ပေါင်ပေါ်ခေါင်းဦးပေါ့။

“ချစ်တယ်အလင်း”

မုန်းအပျော်လွန်ပြီး အလင်းပါးလေးကိုနမ်းလိုက်ရင်း အလင်းရဲ့ပေါင်ပေါ်ကို ခေါင်းအုံးလိုက်တော့ နွေတစ်ယောက် ဂျလမက်တွေ မြို‌ထားတဲ့မျက်နှာကြီးနဲ့ မုန်းကိုကြည့်လာပါတယ်။

“မုန်းလိုက်တာဟယ်။ နင်တို့နှစ်ယောက် ငါ့ရှေ့မှာလာပြီး အဲ့လိုမလုပ်စမ်းပါနဲ့ စိတ်တိုလွန်းလို့ပါ။ အလင်းသွား နင့်ဟာလေးနဲ့ ရိုချင်ရင် လွတ်လွတ်လပ်လပ်သွားရို။ ငါ့ရှေ့မှာ လာမရိုနဲ့။ စာလည်းမ ရှင်းပြတော့ဘူး။ နင့်ဘာနင်ပဲ နားလည်အောင်လုပ်။ မုန်းစုတ် နင်ဟာလေ နည်းနည်းလေးမှ သနားဖို့ကို မကောင်းဘူး။ နင်တို့နှစ်ယောက် ချစ်သူမဖြစ်တာ ပိုကောင်းတယ်။ ခုတော့ အလုံးတွေကို နောက်နေတာပဲ။ တော်ပြီ သွားတော့မယ်။ နင်တို့ဘာနင်တို့ နေခဲ့ကြ”

နွေက ထသွားဖို့ပြင်နေတာကြောင့် အလင်းကပျာကယာ ပြန်ဆွဲထားလိုက်ရတယ်။ ဒီစာတွေက နွေရှင်းပြမှရမယ့် စာတွေပါ။

“သူငယ်ချင်းလေးကလည်း လာပါ။ စိတ်မဆိုးပါနဲ့ ထိုင်နော်။ မုန်းလေးလည်း အိပ်တော့မှာပဲဟာကို”

“အေးလေ နင်ကဘာဖြစ်‌နေတာလဲ။ ငါအိပ်တော့မယ့်ဟာကို။ နင့်မှာလည်း ရည်းစားမရှိတာလည်း မဟုတ်ဘဲနဲ့။ နင့်ရည်းစားလာမှ အဲ့လိုနေ။ ခုတော့ ဂျလမက်မြိုမ‌နေနဲ့ဝောာ့ ခုပြန်ထိုင်။ ပြီးရင် ငါ့ကိုကို့ကို စာရှင်းပြလိုက် ကြားလား”

ကျွန်တော် အခု ဘာကြားလိုက်တာပါလိမ့်။ ငါ့ကိုကိုတဲ့လား မုန်းလေး။ ချစ်ဖို့ကောင်းလိုက်တာကွာ ကိုယ့်မုန်းလေးက။ ကျွန်တော်ရဲ့ စကားတတ်လေးမုန်း။

အလင်းကကြည်နူးနေပေမယ့် နွေတစ်ယောက်ကတော့ သူ့ကို ဂျလမက်မြို‌မနေနဲ့ပြောလို့ စိတ်တိုပြီး ဆွေ့ဆွေ့ခုန်နေပါတော့တယ်။

“ဘာ ဘယ်လို ဘယ်လို။ ပြန်ပြောစမ်း မုန်းစုတ်”

“ကြားတဲ့အတိုင်းပဲ”

“အမလေး စာလည်း ရှင်းပြရဦးမယ်။ နွေဦးမေတို့ အချေခံနေရပါ့လား။ အေးအလင်းနဲ့မတည့်မှ ချစ်ရတဲ့နွေလေး ဆိုလို့ကတော့ နင့်ကိုသတ်ပစ်မယ်။ ဘာတဲ့ ကိုကို ဝေါ့ အော့ အော့”

“အားသစ်နဲ့ရတာရော ဟုတ်ရဲ့လား။ ဘယ်သူနဲ့လဲ‌ နွေမ။ ကိုယ်ဝန်က ဘယ်နှစ်လရှိပြီလဲ”

နွေက အော့ အော့ လုပ်ပြတာမို့ မုန်းစလိုက်မိတော့ နွေတစ်ယောက် ဘီလူးဆိုင်း တီးပါတော့တယ်။

“ဘာ! . . မုန်းစုတ်။ ငါနင့်ကိုသတ်မယ်။ နင်ဒီနားကိုလာခဲ့။ အားကိုရမှ ငါ့ကိုအာခံနေတယ်ပေါ့။ အားကိုးမရခင်တုန်းကတစ်မျိုး ရပြီးတော့တစ်မျိုး။ နင်သေပြီမှတ် မုန်းစုတ်”

နွေကအလင်းပေါင်ပေါ်မှာ ခေါင်းအုံးပြီး လှဲနေတဲ့ မုန်းအနားကို ရောက်ချလာပြီး မုန်းကိုစာအုပ်နဲ့ထုဖို့ ရွယ်လိုက်ပါတော့တယ်။ ဒါပေမဲ့ အလင်းက ကာထားပေးတာမို့ စာအုပ်လေးက မုန်းဆီကိုတော့ ရောက်မလာခဲ့ပါဘူး။ ချစ်သူရှိတော့ ဘာပဲဖြစ်လာဖြစ်လာ မှုစရာမလိုတော့ဘူးလေ။ ဒီလိုပဲ ဂုဏ်ဆာတတ်ရတယ် ဟဲဟဲ။

“တော်ပါတော့နွေရယ်။ ကလေးက စတဲ့ဟာကို။ စိတ်မဆိုးနဲ့နော်။ ငါ့ကလေးလေးအစား ငါတောင်းပန်တယ် Ok။ သူငယ်ချင်းလေးက လိမ္မာတယ်။ ပြန်ထိုင်နော် ငါတို့စာလုပ်ကြမယ်လေ။ မုန်းလေးကလည်း စမနေနဲ့တော့ အိပ်တော့ လိမ္မာတယ်။ နွေလည်းစိတ်လျှော့ စာလုပ်မယ်”

“မုန်းစုတ်လေး ပြီးမှတွေ့မယ်”

“ငါကတော့ ခုမတွေ့နိုင်သေးဘူး။ နောက်မှတွေ့မယ်နော်။ ခုတော့ ငါ့ကိုကိုစကားကို နားထောင်ပြီး အိပ်လိုက်ဦးမယ်”

နွေတစ်ယောက် ဆူပုတ်ပြီး ပွစိပွစိလုပ်နေတာကို မုန်းမသိချင်ယောင်ဆောင်ပြီး အိပ်လိုက်ပါတယ်။ ငါ့ကလေးလေးတဲ့လားအလင်း။ အဟီး . . ချစ်ဖို့ကောင်းလိုက်တာ ငါ့ကိုကိုက။

ခဏကြာတော့ အလင်းစာလုပ်ရင်းနဲ့ ပေါင်ပေါ်က မုန်းကိုကြည့်မိလိုက်တယ်။ မုန်းက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာမို့ မုန်းကိုကြည့်ပြီး ပြုံးလိုက်မိတယ်။

“ဘာတွေပြုံးနေတာလဲအလင်း။ မုန်းအိပ်ပျော်သွားတာလား”

“အင်း အိပ်ပျော်သွားပြီ။ မုန်းကလေ အိပ်ပျော်နေတဲ့အချိန်ဆို ကလေးလေးကျနေတာပဲ မွစ်”

နွေ့ကိုပြောနေရင်း အသည်းယားလာတာမို့ နဖူးလေးကို အနမ်းပေးလိုက်တယ်။ အလင်းကို အကြာကြီးစိုက်ကြည့်ပြီးမှ နွေက မေခွန်းတစ်ခုမေးလာတယ်။

“အရမ်းချစ်တာပဲလား”

“အင်း ငါမုန်းကို အရမ်းချစ်တယ်နွေ။ မေမေတို့ ငါ့ကြောင့်စိတ်ညစ်မှာဆိုးလို့ နောက်ဆုတ်ခဲ့ပေမယ့် ငါမဟုတ်တဲ့ တစ်ခြားတစ်ယောက်နဲ့ ရှိနေတဲ့အချိန် မုန်းပျော်ရွှင်နေတာကို ငေးကြည့်‌နေရရုံနဲ့ အဆင်ပြေနိုင်ဖို့ကြိုးစားခဲ့တယ်။ ငါဘယ်လောက်ပဲ ခံစားရ ခံစားရ သူပျော်ရွှင်နေရင် ငါကျေနပ်တယ်။ ဒါပေမဲ့ ငါလည်း အရမ်းခံစားခဲ့ရတယ်”

“အင်း”

“သူ့ကိုငါ တစ်သက်လုံး လက်လွှတ်ဆုံးရှုံးလိုက်ရရင်ဆိုတဲ့ အတွေးဝင်လာတိုင်း ငါ့ရင်ဘတ်ကြီးတစ်ခုလုံး နာကျင်ပြီး နှလုံးသားက အောင့်တက်လာတယ်။ အဲ့လို အတွေးလေးတစ်ခုနဲ့တင် ရူးမတတ် နာကျင်ခံစားခဲ့ရတာမို့ ဒီလူသားလေးကို ပိုင်ဆိုင်ပြီးမှတော့ လက်လွှတ်အဆုံးရှူံး မခံနိုင်‌တော့ဘူး။ ငါမုန်းကိုအရမ်းချစ်တယ်။ လက်လွှတ်အဆုံးရှုံး မခံနိုင်လောက်အောင် ချစ်တာမို့ ငါတို့ ဒီတစ်သက် ဝေးဖို့ဆိုတာ လုံးဝမဖြစ်နိုင်တော့ဘူး။ ဘယ်သူကြောင့် ဘယ်လိုအရာတွေကြောင့်မှ သူ့လက်ကို လွှတ်မှာမဟုတ်‌တော့ဘူး။ သူ့လက်ကိုလွှတ်မယ့်အချိန်က ငါဒီလောကကြီးထဲက ပျောက်ကွယ်သွားမှပဲ ဖြစ်နိုင်လိမ့်မယ်”

“နင်တို့အဆင်ပြေဖို့ မျှော်လင့်ပါတယ်။ ဘာတွေပဲဖြစ်လာ ဖြစ်လာ ရင်ဆိုင်နိုင်ပါစေ”

“ကျေးဇူးပါနွေ”

“ဘာတွေကျေးဇူးနေကြတာလဲ”

နွေနဲ့အလင်းစကားပြောနေတဲ့အချိန် ရှားနဲ့မေသူ ရောက်လာတာမို့ စကားစ ပြတ်သွားတယ်။

“ဒီလိုပါပဲ။ နင်တို့ ခုမှ ဘာလာလုပ်ကြတာလဲ။ အချိန်လည်းကြည့်ဦး။ ဘယ်ချိန်ရှိပြီလဲ။ နင်တို့နှစ်ယောက်ကိုသာ စောင့်နေရင် မုန်းဒီနေ့ စာလုပ်လိုက်ရမှာ မဟုတ်ဘူး”

အလင်းပြောမလို့ပြင်နေတုန်းမှာပဲ နွေကပြောလိုက်တာမို့ အလင်းငြိမ်နေလိုက်ရတယ်။

“အေးပါဟယ်။ ငါတို့ဒီကိုလာရင်းနဲ့ လှည်းတန်းစင်တာမှာ ထက်ယံ Promotion ပွဲလုပ်နေတာတွေ့လို့ ဝင်ကြည့်နေတာနဲ့ ကြာသွားတာ”

“စာမေးပွဲနီးနေပြီကို ထက်ယံက ကြည့်နိုင်သေးတယ်လား”

“ချစ်တာကိုးဟဲ့။ ဒါနဲ့နွေ မုန်းရော”

မုန်းကိုမတွေ့မိတာမို့ နွေ့ကိုမေသူမေးလိုက်မိတာပါ။

“မေသူ နင်လေ မြွေသာဆို ပေါက်သတ်ခံနေရပြီ။ အလင်းပေါင်ပေါ်မှာ အိပ်နေတာ မတွေ့ဘူးလား”

နွေပြောလိုက်တော့ မေသူတစ်ယောက် ပြူးပြဲကို ရှာနေပါတော့တယ်။ အေးပေါ့ ရှာရမှာပေါ့။ မုန်းက လူကောင် သေးသေးကွေးကွေးလေး ဆိုတော့။ ဒီလောက် လူကောင်အကြီးကြီးကိုတောင် ရှာနေရတယ်လို့။ မေသူမကတော့ မရှပ်ပြာ။ နွေစိတ်ထဲကပဲ ပြောလိုက်ပါတယ်။ အပြင်မှာပြောရင် မေသူအထိနာသွားမှာဆိုးလို့ ဟီးဟီး။

“ဘယ်မှာ . . ဪ . . တွေ့ပြီ။ မုန်း . . ထ . . ငါတို့ရောက်ပြီ”

မေသူကနှိုးလိုက်တော့ မုန်းကအိပ်ချင်မူးတူးလေးနဲ့ အင် . . အဲ ဆိုပြီး အိပ်ရာက ထလာရှာတယ်။ ချစ်ဖို့ကောင်းလွန်းနေတာမို့ အလင်းအူးယားပြီး မုန်းနှာခေါင်းလုံးလုံးလေးကို ဆွဲညှစ်လိုက်တော့ အလင်းကို ဆူပုတ်ပုတ်လေးကြည့်လာတယ်။

“နာတယ် အလင်းရ”

“ချစ်လို့”

“မချစ်နဲ့ မင်းချစ်တာနာတယ်”

“ဟမ်”

မုန်းအပြောကို ရှားနဲ့မေသူက ဘာအတွေးတွေပေါက်ပြီး မျက်လုံးပြူးနဲ့ ကြည့်လာတယ်မသိပါ။

“ဘာကိုလဲ နှစ်ခေါင်းကိုညှစ်လို့ ပြောတဲ့ဟာကို”

“အေး‌ပါ အေးပါ။ မျက်နှာသွားသစ် . . သွား . . စာလုပ်မယ်”

“နင်တို့က ခုမှ ဘာလာလုပ်တာလဲ”

“ကဲပါ စိတ်မဆိုးပါနဲ့ ချစ်ရတဲ့မုန်းလေးရယ်။ မျက်နှာသစ်လိုက်ပါနော်။ သွား . . သွား . . မြန်မြန်သွား”

ရှား မုန်းခါးလေးကိုကိုင်ပြီး မျက်နှာသစ်ဖို့ ရေချိုးခန်းဘက်ကို အတင်းတွန်းတော့ ဆူပုတ်နေတဲ့ရုပ်‌လေးနဲ့ မျက်နှာသစ်ဖို့ ထွက်သွားတယ်။

မုန်းမျက်နှာသစ်ပြီးထွက်လာတော့မှ ဆေးရုံတက်တုန်းက မုန်းလွတ်သွားတဲ့စာတွေကို မေသူတစ်လှည့်၊ ရှားတစ်လှည့် ရှင်းပြကြရတယ်။ ရှားအလှည့်ကိုရောက်တော့ မုန်းကိုစာရှင်းပြရင်း သေချာနားလည်မလည် သိချင်တာမို့ မေးကြည့်လိုက်တယ်။

“မုန်း သိလား။ ဒါလေးလေ သိလားလို့”

“. . .”

ရှားမေးလိုက်ပေမယ့် ဘာမှအကြောင်းပြန်သံ မကြားရတာမို့ မော့ကြည့်လိုက်တော့ သကောင့်သားလေးက စာကိုစိတ်မဝင်စားဘဲ တစ်နေရာတည်းကို စူးစိုက်ပြီးတော့ကို ငေးနေပါတယ်။ သူငေးနေတဲ့နေရာကို လိုက်ကြည့်လိုက်မိတော့ ‌ဪ . . အံ့ရော . . ဘယ်တုန်းကမှ မတွေ့ရတဲ့သူတွေဆိုတော့ နင်ကအလင်းကို ငေးနေတာပေါ့။

“ဟဲ့ မုန်း လင်တော်မောင်ကိုပဲ ကြည့်မနေနဲ့။ ရှင့်လင်တော်မောင် မျက်နှာမှာ ဘာစာမှ မရှိဘူး။ စာကဒီမှာ ဒီကိုကြည့်။ ငါ့မှာတော့ အားကြိုးမာန်တက် ရှင်းပြနေလိုက်ရတာ အာပေါက်တော့မယ်။ သူကတော့ သူ့လင်တော်မောင်ကို ငေးကောင်းလို့။ မတွေ့ရတဲ့သူတွေဆိုတော့ ငေးနေလိုက် အဲ့မှာ”

“ချောလို့ဟာကို”

“ဘာ”

မုန်းရှက်ရှက်နဲ့ပဲ အရှက်မရှိထပ်ပြော‌လိုက်တော့ နွေ၊ မေသူ နဲ့ ရှားတို့ရဲ့ကောင်းချီးပေးသံလေးက ဆူညံလို့သွားပါတော့တယ်။ ချောလို့ ချောတယ်ပြောတဲ့ဟာကိုပဲ စောင် FA မတွေ ဘာမှန်းကိုမသိဘူး။ တကယ်ပဲ ရှက်တာ။ ။

မုန်းရဲ့အလင်းရောင်Where stories live. Discover now