Part 10 (U+Z)

9.7K 714 9
                                    

#Unicode

ဒီနေ့ သီတင်းကျွတ်လပြည့်နေ့မို့ အလင်းတို့လမ်းထဲမှာ အိမ်တိုင်းအိမ်တိုင်းက မုန့်တွေလုပ်ကာ ပစ္စည်းတွေဝယ်ပြီး နိဗ္ဗာန်ဈေးအဖြစ် မဲတွေဝေကြတယ်။ အလင်းတို့ငါးယောက်လည်း မဲလိုက်တိုးခဲ့ကြပါတယ်။

တိုးပြီးသိပ်မကြာခင်မှာဘဲ မုန်းကိုကြည့်လိုက်တော့ နဖူးမှာ‌ ချွေးတွေစို့ပြီး မောနေတဲ့ပုံပါပဲ။ လမ်းထိပ်ကအအေးဆိုင်က အလင်းတို့နဲ့သိပ်မဝေးတာမို့ သူတို့လေးယောက်ကိုထားခဲ့ပြီး အလင်းတစ်ယောက်တည်း ထွက်လာလိုက်တယ်။

အ‌အေးဝယ်ပြီးပြန်လာတော့ မဲဝေနေတာကိုတွေ့တာမို့ မဲဝင်တိုးနေတုန်း အလင်းရဲ့နာမည်ကို ခေါ်သံကြားလိုက်ရတယ်။

“အလင်း အလင်း”

ဘယ်သူလဲလို့လှည့်ကြည့်တော့ ကိုးတန်းတုန်းက အလင်းတို့ အခန်းထဲက မေသူသူလင်းပါ။

“ဪ! မေသူသူလင်း”

“နင့်ကို မဲလာပေးတာ”

“ဪ . . အေး . . ကျေးဇူး မေသူသူလင်း”

“မေသူလို့ပဲခေါ်ပါ အလင်းရယ်။ ဒါနဲ့ အလင်းက ကိုယ်ပိုင်ကျောင်း တက်နေတာလား။ ကျောင်းမှာ မတွေ့မိလို့လေ”

“အင်း ဟုတ်တယ်မေသူ။ မဟာမှာ ကျောင်းအပ်ထားတာ ဒါမဲ့ . . . “

“အ လင်း”

“အမေ့”

ပြောတဲ့စကား‌မဆုံးသေးခင်မှာပင် မုန်းရဲဲ့တစ်လုံးချင်း ဆောင့်အောင့်ခေါ်တဲ့အသံကြောင့် လန့်သွားရပါတော့တယ်။

အလင်းမှာ လန့်နေရုံပဲ ရှိသေးတယ် မုန်းက အလင်းလက်ကို ဆောင့်ဆွဲခေါ်သွားတာမို့ နောက်ကလိုက်သွားခဲ့ရပါတယ်။

“မေသူ ငါသွားပြီနော်”

မေသူ့ကို လှမ်းပြောလိုက်ပေမယ့် ဟိုက ဘာပြန်ပြောလဲ ပြန်ပြောလား မပြောလားတောင် မသိတော့ပေ။ မုန်း ဆွဲခေါ်ရာနောက်သာ ပါလာခဲ့ရပါတော့တယ်။

“မုန်း ဘာဖြစ်တာလဲ”

ဘာဖြစ်တာလဲ ဟုတ်လား။ မင်းက သူ့ကြောင့် ငါ့ကို တစ်ယောက်တည်း ထားပစ်ခဲ့တာလား။

မုန်းကိုအာလုံးက တစ်ယောက်တည်းထားခဲ့တာမို့ စိတ်မကောင်းဖြစ်ပြီး အလင်းကိုလိုက်ရှာနေတုန်း ကောင်မလေးတစ်ယောက်နဲ့ စကားပြောနေတဲ့အလင်းကို မြင်လိုက်ရတာမို့ ဒေါသက အလိုလို အလိပ်လိုက်ထွက်လာတာမို့ အော်‌ခေါ်ပစ်လိုက်တာပါ။

“ငါမင်းကို လိုက်ရှာနေတာလေ။ မင်းက တစ်ယောက်တည်း ဘယ်တွေ လျှောက်သွားနေတာလဲ”

“ငါ ဟိုနားမှာ မဲတိုးနေတာ”

“ဪ . . မဲတိုးနေတာလား။ ငါကတော့ မင်း ကောင်မလေးနဲ့ သာယာနေတာလားလို့”

“ဟမ် ဘာကို သာယာတာ”

“ဘာမှ မဟုတ်ဘူး။ မင်းလက်မှတ်တွေပေး”

ဆောင့်အောင့်ပြီးတောင်းနေတာမို့ မုန်းဘာကိုစိတ်ဆိုးနေတာလဲ ဆိုတာကို အလင်း မသိတာကြောင့် သူတောင်းတာကိုပဲ ပေးလိုက်ရပါတယ်။ မပေးရင်လည်း ပိုစိတ်ဆိုးနေဦးမယ် မဟုတ်လား။

“အင်း ရော့လေ။ ဒါနဲ့ နေပါဦးမုန်း မင်ဒီလိုမျိုး တိုးရောတိုးဖူးလို့လား။ ဘယ်မှာ ထုတ်ရမယ်မှန်းကို သိရောသိလား”

“မသိဘူးလေ”

မုန်းပြောပုံက ခပ်အေးအေးပါပဲ။

“ဟေ မသိဘဲနဲ့ မင်းက မဲတွေယူပြီး ဘယ်သွားထုတ်မှာလဲ။ နေဦး ငါ့မဲကြတောင်းပြီး မင်းမဲကရော”

“မရှိဘူး ရလည်းမရဘူး။ မင်းငါ့ကိုထားခဲ့ပြီး ကောင်မလေးနဲ့ သာယာနေတုန်း ငါဘာဖြစ်နေလဲ မင်းသိလား”

“ဟမ် မသိဘူးလေ ဘာဖြစ်လို့လဲ မုန်း”

“မင်းက ငါ့ကိုထားခဲ့ပြီး ဘာလို့ထွက်သွားတာလဲ။ ငါတစ်ယောက်တည်း ကျန်ခဲ့ရတယ်။ သုတနဲ့အားသစ်ကလည်း နွေတစ်ယောက်တည်းမို့ နွေနဲ့လိုက်သွားကြတယ်။ ငါ့ကြတော့ တစ်ယောက်တည်း မဟုတ်လို့လား။ ဘာလို့ တစ်ယောက်တည်း ထားခဲ့ကြလဲ”

မုန်းက မျက်ရည်လေးတွေဝဲပြီးပြောနေတာမို့ မုန်းဘယ်လောက် ဝမ်းနည်းနေလဲဆိုတာကို အလင်းသိလိုက်ပါတယ်။

“အေးပါ မုန်းရာ။ ငါက သုတတို့ အားသစ်တို့ရှိနေလို့ မင်းမှာ အဖော်ရှိတယ်ဆိုပြီး ဟိုဘက်ခဏသွားတာပါ။ ပြီးတော့ ငါသွားတာကလည်း မင်းမောနေလို့ အအေးသွားဝယ်ပေးတာပါ။ ခု မင်းဘာဖြစ်တာလဲ ငါ့ကိုပြောပြနော်”

“ငါ မင်းတို့ ပြန်လာတာကိုစောင့်နေတုန်း ငါစောင့်နေတဲ့အိမ်ရှေ့မှာ မဲဝေနေလို့ မဲဝင်တိုးတာ ငါ့ခြေထောက်ကိုတက်နင်းကြတယ် အီးးးဟီး”

“ဟမ်”

အလင်းငုတ်တုတ်ထိုင်ချပြီး ခြေထောက်ကို ဆွဲယူကြည့်တော့ မုန်းခြေထောက်လေးမှာ တက်နင်းခံရလို့ အနာဖြစ်ပြီး ညိုမဲတွေတောင် ဆွဲနေပါပြီ။

ခြေထောက်ကလည်း အတော်‌ကိုယောင်ကိုင်းနေတာမို့ အလင်းစိတ်ထဲ မုန်းကိုတစ်ယောက်တည်း ထားခဲ့မိတဲ့ ကိုယ့်ကိုယ်ပဲ ဒေါသထွက်နေမိတယ်။ အသားကဖြူဥပြီး အသားအရည်ကလည်း နုတာမို့ ဒီလိုတက်နင်းခံရတော့ ခရမ်းသီးပုပ်လေးလိုတောင် ဖြစ်နေပါပြီ။

မုန်း တကယ်တော့ ဝမ်းနည်းပြီး ရင်ထဲလှိုက်တက်လာလို့ ငိုမိတာပါ။ အနာကြောင့်လည်းမဟုတ်သလို နွေတို့မုန်းကို တစ်ယောက်တည်း ထားခဲ့တာကြောင့်လေးနဲ့လည်း မုန်းမငိုပါဘူး။ ဘာကြောင့်ဝမ်းနည်းနေတာလဲဆိုတာကို မုန်းကိုယ်တိုင်လည်း မသိတော့ပါ။ မသိရဲတာဆို ပိုမှန်ပါလိမ့်မယ်။

“ငါတောင်းပန်ပါတယ် မုန်းရာ။ မငိုနဲ့နော်။ ငါ နောက်တစ်ခါ မင်းကို တစ်ယောက်တည်း မထားခဲ့တော့ဘူးနော်။ လိမ္မာတယ် မငိုနဲ့တော့နော် မုန်း”

နွေတို့ အာသစ်တို့လည်း အနားကို ပြန်ရောက်လာကြတယ်။

“ဟယ် မုန်းငိုနေတာလား။ ဘာဖြစ်လို့လဲဟင်။ တစ်ခုခု ဖြစ်တာလား”

အလင်းစိတ်တိုနေတာမို့ မေးနေတဲ့နွေ့ကို ပြန်မဖြေဘဲ သုတတို့ကိုကြည့်ပြီး အော်လိုက်မိပါတယ်။

“သုတ မင်းတို့ရှိလို့ ငါက မုန်းကိုထားခဲ့တာ။ မင်းတို့က ဘာလို့ မုန်းကို တစ်ယောက်တည်း ထားခဲ့ကြတာလဲ။ ခု မုန်းခြေထောက်ကိုကြည့်ဦး။ အနာဖြစ်ပြီး ယောင်ကိုင်းနေပြီ”

“တစ်ယောက်တည်း ထားခဲ့တာမဟုတ်ပါဘူး အလင်းရယ်။ နွေတို့ ဟိုဘက်မှာ မဲဝေနေတာတွေလို့ သွားယူတာပါ။ အလင်းလည်း အနားမှာ မရှိ‌တော့ မုန်းကိုပါခေါ်သွားလိုက်ရင် အလင်းပြန်လာတဲ့အခါ နွေတို့ကို ရှာရခက်နေမှာဆိုးလို့ပါ။ မုန်းကလည်း မဲမတိုးတတ်တော့ မုန်းကို ခေါ်မသွားဘဲ အလင်းပြန်လာရင် တွေ့အောင်လို့ဆိုပြီးထားခဲ့တာပါ။ တစ်မျိူးမထင်နဲ့နော် အလင်း”

“အေးပါ ထားလိုက်တော့။ သုတ ငါအော်လိုက်မိတာ တောင်းပန်တယ်။ ငါတို့ ပြန်တော့မယ်”

“အေးပါကွာ ရတယ် ပြန်ပြန်”

“မဲတွေ မင်းတို့ပဲ ထုတ်ခဲ့လိုက်တော့။ အိမ်က စောင့်မယ်”

“အေးပါ ပြန်တော့နော်။ မုန်း မငိုနဲ့တော့ တိတ်တိတ်။ မုန်းမှာ မဲတွေရှိရင် ပေးခဲ့။ နွေတို့ ထုတ်လာခဲ့မယ်နော်”

“ဟင့်အင် မပြန်ဘူး။ ငါ့လည်း မဲလိုက်ထုတ်မယ်”

“မုန်း”

မုန်းကို စိတ်တိုတိုနဲ့ အလင်းအော်ပစ်လိုက်တယ်။ သူက ဘာကို မဲလိုက်ထုတ်ချင် နေသေးတာလဲ။ ခြေထောက်ကဖြင့် ယောင်ကိုင်းနေပြီကို။

အလင်းအော်လိုက်တော့ နွေတို့ပါ လန့်သွားရတာပါ။ အလင်းကို ကြည့်ရတာ မုန်းကိုကြည့်ပြီး စိတ်ပူနေတဲ့ပုံမို့ နွေကပဲ မုန်းကိုချော့ပြီး ပြန်ခိုင်းရပါတော့တယ်။

“မုန်းက မလိုက်နဲ့တော့နော်။ လိမ္မာတယ်။ နွေတို့ ထုတ်ခဲ့ပေးမယ်။ အိမ်ပြန်ရောက်မှ မုန်းကြိုက်တာရွေးယူ ဟုတ်ပြီလား။ သွား သွားတော့ အလင်း‌ မုန်းကို ခေါ်သွားလိုက်တော့”

အလင်းဆွဲခေါ်တဲ့နောက်ကို မုန်းမလိုက်ချင် လိုက်ချင်နဲ့ လိုက်ခဲ့ရပါတော့တယ်။ သူကလူကိုဘာလို့ လာအော်နေတာလဲ။ လူကို တစ်ယောက်တည်း ထားခဲ့ပြီး သူကြ ကောင်မလေးနဲ့ သာယာနေပြီးတော့။ ငါ ခုလိုဖြစ်ရတာ သူ့ကိုစောင့်ရင်း ဖြစ်ရတာကို။ လူကို လာအော်နေတယ်။ အလင်းစုတ်  အလင်းပြတ်။

****ကောင်လေးတစ်ယောက် မသိလိုက်တာကတော့ သူ့ကိုတစ်ယောက်တည်း ထားခဲ့မိလို့ ကိုယ့်ကိုယ်ကို ဒေါသထွက်ကာ ဝမ်းနည်းပြီး စိတ်မကောင်းဖြစ်နေတဲ့ ကောင်းလေးတစ်ယောက် အကြောင်းကိုပေါ့*****

မုန်းရဲ့အလင်းရောင်Where stories live. Discover now