Part 19 (U+Z)

8.7K 618 22
                                    

#Unicode

“အဆင်ပြေရဲ့လားမုန်း”

မနေ့က စိတ်ပင်ပန်းလူပင်ပန်းခဲ့ရလို့ မုန်းတစ်ယောက် ဖျားနေပါပြီ။ မိုးလည်းမိထားတာမို့ နှာတွေပါ စေးနေတာဆိုတော့ တရှူးရှူး တခွီးခွီး ဖြစ်နေရှာတယ်။

“မပြေဘူးအလင်း။ ခေါင်းလည်းကိုက်တယ်။ တစ်ကိုယ်လုံး ပူထူထူကြီးဖြစ်ပြီး နှပ်ညှစ်ရတာလည်း နှာခေါင်းတွေနာနေပြီ အီးးဟီးးဟီး”

ပြောလည်းပြော အော်လည်းငိုပါလေရော။

“မငိုနဲ့လေမုန်းရာ။ ငိုတော့ ခေါင်းပိုကိုက်မှာပေါ့။ မငိုနဲ့နော် လိမ္မာတယ်”

ဟုတ်ပါရဲ့ နှပ်တအားညှစ်ရလို့နဲ့တူပါတယ်။ နှာခေါင်းလေးကို ရဲနေတာပဲ။ တော်သေးတယ် မနေ့က‌ မေနဲ့တွေ့ရအောင်ဆိုပြီး အိမ်ကိုခေါ်လာမိလို့။ အိမ်ရောက်တော့ နှာစီးနေတာမို့ ဖျားမှာဆိုးလို့ ပြန်မလွှတ်လိုက်တာ မှန်သွားပါတယ်။

“အလင်း ငါဗိုက်ဆာတယ်”

“အင်း ခဏ။ မေမေ နို့ဆန်ပြုတ် ပြုတ်နေတာ ပြီးပြီလား မသိဘူး”

အလင်းပြောနေတုန်းမှာပဲ မေမေက ပန်းကန်လုံးလေးနဲ့ အခန်းထဲကို ဝင်လာတယ်။

“သားငယ်လေး မေမေဆန်ပြုတ် ပြုတ်ပေးထားတာ စားလိုက်ဦးနော်။ မေမေထည့်ပေးတာကို ကုန်အောင်သောက်နော်”

“ဟုတ်”

“သား အလင်း”

“ဗျာ”

“မုန်းလေးကို ပြီးရင် ဆေးခန်းလိုက်ပို့ပေးလိုက်။ ဒီနားက ဆုဆေးခန်းကို”

“ဟုတ် မေမေ”

မေမေက မုန်းကို ဆေးခန်းလိုက်ပို့ခိုင်းတာမို့ မေမေ့ကို အလင်း ခေါင်းငြိမ့်ပြလိုက်တော့ မုန်းက ဆေးခန်းမသွားချင်လို့ ငိုပါလေရော။

“မေ့ သား ဆေးခန်းမသွားချင်ဘူး။ ဆေးပဲသောက်မယ်နော် မေ နော်”

“ဟုတ်ပါပြီရှင်။ မေ့သားလေး ဆေးခန်းမသွားချင်ရင် မသွားရဘူးနော်။ အလင်းလေး ခဏနေရင် ဗောဓိညောင်ပင်လမ်းထိပ်က အောင်သုခဆေးဆိုင်ကိုသွားပြီး ဆေးသွားတွဲချည်။ မိုးမိပြီးဖျားတာလို့ပြော။ နှာလည်းစီးတယ် ခေါင်းလည်း ကိုက်တယ်လို့ပါပြောပြီး ဝယ်‌နော်။ မေလည်း ရုံးသွားလိုက်ဦးမယ်။ မေ့သားလေးလည်း ဆေးတော့သောက်နော်။ မေသွားတော့မယ်”

မေက မုန်းနဖူးလေးကိုနမ်းပြီး အခန်းပြင်ကို ထွက်သွားတယ်။ မေ သားကို သိပ်ချစ်တာပဲလားဟင်။ အလင်းကို သားက ချစ်နေပါတယ်ဆိုရင်ရော မေက သားကိုချစ်ဦးမှာလား။

မုန်းကို ဆန်ပြုတ်ကုန်အောင်တိုက်ပြီး ဆေးသွားဝယ်ရတယ်။

“မုန်း တီသဲရှိတုန်း ငါ ဆေးသွားဝယ်ဦးမယ်နော်။ တီသဲရေ သား ဆေးသွားဝယ်ဦးမယ်။ မုန်းကို ခဏကြည့်ထားပေးနော်။ တီသဲ ရုံးမသွားခင် သား မြန်မြန်ပြန်လာခဲ့မယ်”

“အေးအေး သား သွား”

အလင်းဆေးသွားဝယ်တော့ တီသဲက မုန်းအိပ်ရာဘေးမှာရုံးသွားဖို့ အလှလာပြင်နေတာမို့ တီသဲကို သေချာကြည့်လိုက်မိတယ်။ တီသဲက မေ့ထက် ပိုချောပါတယ်။ မေကကြ လှတာလည်း မဟုတ်ဘူး ချောလားဆိုတော့ တအားမချောဘူး ချစ်ဖို့ကောင်းတာ။ တီသဲကကြ ချောကိုချောတာ။ အပျိုကြီးမို့ ထင်တယ် မေ့အစ်မ ဆိုပေမယ့် မေ့ထက် ငယ်ပုံပေါ်ပြီး ပိုနုတယ်။ စမတ်ကျကျ ဝတ်တတ်စားတတ်တာမို့ တီသဲကိုကြည့်လိုက်တာနဲ့ ထင်းလင်းနေတာမျိုး။ မျက်နှာကျက မဟာဆန်ပြီး မိန်းမပီသတဲ့ရုပ်ရည်ကို ပိုင်ဆိုင်ထားတယ်။ ဒါပေမဲ့ တီသဲတို့ မိသားစုမှာ တူတဲ့အချက်က လွတ်လပ်ပေါ့ပါးပြီး ပွင့်လင်းကြတာပါ။

မနေ့က အလင်းက မေနဲ့တွေ့ရအောင်ဆိုပြီး အိမ်ကိုခေါ်လာကတည်းက တီသဲနဲ့ မုန်းကို မိတ်ဆက်ပေးထားလို့ စကားခဏတော့ ပြောဖူးထားပါတယ်။ မနေ့ကမှ မိတ်ဆက်ပေးပေမယ့် အလင်း ပြောပြထားလို့ မုန်းကိုအားလုံးက ခဏလေးနဲ့ ရင်းနှီးတာလား ဒါမှမဟုတ် မေတို့မိသားစုကိုက ဖော်ရွေလို့ အခင်လွယ်သွားလား မပြောတတ်ဘူး။ တီသဲနဲ့ မနေ့ကမှ စသိ‌ရပေမယ့် ရှိန်မနေခဲ့ဘူး။ ရင်နှီးနေသလိုခံစားရတယ် မိသားစုလိုပဲ။

တီသဲက မုန်းကိုကြည့်ပြီး စကားလှမ်းပြောပါတယ်။

“မုန်းလေး တီသဲကိုကြည့်ပြီး ဘာတွေ‌တွေးနေတာလဲ။ တီသဲအရမ်းချောတာပဲဆိုပြီး တွေးနေတာလား”

တီသဲက အရွှန်းဖောက်တော့ မုန်းပြုံလိုက်မိတယ်။

“တီသဲက အိမ်မှာ အချောဆုံးဖြစ်ရမယ်လို့ တွေးနေတာ။ တီသဲကို ဓာတ်ပုံထဲမှာ မြင်ဖူးပေမယ့် တီသဲက အပြင်မှာပိုလှတယ်”

“အမလေး တီသဲ မြောက်ချင်သွားပြီ။ တီသဲလည်း မုန်းကို အပြင်မှာ မြင်ဖူးချင်နေတာ။ တစ်နေ့‌တစ်နေ့ မုန်းလေးအကြောင်းကို အလင်းပြောလွန်းလို့ မမြင်ဘူးပေမယ့် ရင်းနှီးနေတာကြာပြီ။ တီတူ့လေးက အပြင်မှာမြင်ဖူးမှ ဓာတ်ပုံထဲမှာထက် ပိုချောတယ်။ အလင်းက အပြင်မှာ ပိုချောတယ်ပြောတုန်းက တီသဲက အပိုတွေ ပြောနေတယ် ထင်နေတာ။ ခု သေချာကြည့်တော့ မုန်းလေးက အသားလေးဖြူဖွေးပြီး ပိုးတုံးလုံးလေးကြနေတာပဲ။ မျက်ခုံးထူထူ နှာတံစင်းစင်းလေးနဲ့ နှုတ်ခမ်းလေးတွေဆိုတာ ရဲနေတာပဲ ဘယ်ရီ‌သီးလေး‌တွေကြနေတာပဲ။ တီ ခုလို ပြောလို့ ရှက်သွားတော့ နာလေးတွေ ရဲတက်သွားတာကလည်း တစ်မျိုးလေး ချောတယ်။ အဲ့ဒါကြောင့် အလင်းကပြောတာကိုး မုန်းက သူများနဲ့ မတူဘူးတဲ့။ ရှက်ရင်ပါးမရဲဘဲ နားလေးတွေ ရဲတက်လာတာတဲ့။ သူရှက်တဲ့အချိန်ဆို ပိုချောတယ်တဲ့။ တီတော့ အလင်းပြောတာကို ခုလို လက်တွေ့တွေ့မှ ပိုယုံသွားတာ”

“တီက သားကိုပြန်မြှောက်တယ်ပေါ့။ သားအတင်းကို အလင်းက အဲ့လောက်တောင် ပြောပြထားတယ်ပေါ့။ တွေ့ဦးမယ် အလင်းစုတ်”

“အမလေး ကောင်းကြောင်းတွေပဲ ပြောတာပါရှင်။ မကောင်းကြောင်းကို သူလည်းမပြောဘူး။ တီတို့က ပြောရင်တောင် သူကစိတ်ဆိုးတာ”

“ဒါနဲ့ တီ့ကို မေးချင်လို့ရလား”

“မေးလေသား”

“တီချစ်ဖူးလားဟင်”

“ချစ်ဖူးတယ်သား။ သူမှသူဆိုပြီး ချစ်ခဲ့တာ”

တီက ခုမှတွေ့ဖူးတဲ့လူလို့ သဘောမထားဘဲ မုန်းကို တရင်းတနှီး ပွင့်ပွင့်လင်းလင်း ပြောလာတာမို့ မုန်းလည်းသိချင်တာကို ဆက်မေးလိုက်တယ်။

“တီ ထပ်ပြီး မချစ်တော့ဘူးလားဟင်။ အိမ်ထောင်ရော မပြုတော့ဘူးလား”

အလင်း မုန်းကို တစ်ခါပြောပြဖူးတယ်။ တီသဲက အချစ်ကို ကြောက်သွားလို့ ထပ်မချစ်တော့ဘဲ အပျိုကြီးလုပ်နေတာတဲ့။ အဲ့ဒါကြောင့် မုန်း တီသဲကို ခုလို မေးကြည့်လိုက်မိတာ။

“ဟင့်အင် မချစ်တော့တာမဟုတ်ဘူး သား။ ရူးလောက်အောင် ချစ်ခဲ့ရတာမို့ သူ့ကို အရာရာထက် ပိုချစ်ပေးခဲ့တာမို့ နောက်လူကို သူ့လောက် မချစ်ပေးနိုင်မှာဆိုးလို့ ချစ်သူမထားတော့တာ။ သူ့ထက် ပိုချစ်နိုင်လောက်တဲ့အထိ ချစ်ပေးလို့ရမယ့် လူကိုတွေ့မှ ချစ်သူထားဖို့ ဆုံးဖြတ်ထားတာ။ တီက အချစ်ကို ကိုးကွယ်တာတော့ မဟုတ်ဘူး။ ဒါမဲ့ အချစ်မပါတဲ့ အိမ်ထောင်ရေးကို မတည်ဆောက်ချင်ဘူး။ တီချစ်တဲ့သူနဲ့ပဲ အိုအောင်မင်းအောင် ပေါင်းချင်တာ”

“တီတို့ ဘာလို့ လမ်းခွဲခဲ့တာလဲဟင်”

“တီ့အချစ်ရဆုံးသူက တီ့ရဲ့တစ်ဦးတည်းသော သူငယ်ချင်းနဲ့ ဖောက်ပြန်သွားလို့”

“ဟင် တီ အရမ်း နာကျင်ခဲ့ရမှာပေါ့”

မုန်းတကယ်ကိုအံ့ဩပြီး တီ့ကိုလည်း အရမ်းသနားသွားတယ်။ နာကျင်ခဲ့ရမှာပေါ့။ တခြားသူမဟုတ်ဘဲ အချစ်ဆုံးသူငယ်ချင်းနဲ့ ဆိုတော့။

“နာကျင်တာထက် နောက်ကျောကို ဓားနဲ့ထိုးခံခဲ့ရတာမို့ ပိုခံပြင်းမိခဲ့တာ။ ဒါမဲ့ တီ သူတို့ကို မမုန်းခဲ့ဘူးနော်။ သူတို့ တီ့ကို‌ တောင်းပန်တော့လည်း တီသဘောထားကြီးစွာ ခွင့်လွှတ်ပေးခဲ့တယ်။ ရန်သူတောင်လက်နက်ချရင် ကျေအေးရသေးတာ သူတို့နှစ်ယောက်လုံးက တီ့အချစ်ဆုံးလူတွေလေ တီက ဘာလို့ ခွင့်မလွှတ်ပေးနိုင်ရမှာလဲ။ အခုထိလည်း သူတို့နှစ်ယောက်လုံးနဲ့ အခင်အမင်မပျက်ခဲ့ဘူး။ မချစ်တော့ဘူးဆိုရင် လိမ်ညာရာကြပေမယ့် ချစ်ခဲ့ဖူးတဲ့ လူတစ်ယောက်အဖြစ်တော့ ရင်ထဲမှာရှိ‌နေတုန်းပဲ”

“အချစ်က နာကျင်ရလားတီ”

“အချစ်ကလား နာကျင်တာထက် ပိုလိမ့်မယ်။ အချစ်ကြောင့် နာကျင်ခံနိုင်တယ်ဆိုမှ ချစ်တာအကောင်းဆုံးပဲ။ ဒါမဲ့ အချစ်ကြောင့် ပျော်ရွှင်ရတဲ့အချိန်တွေကလည်း ဘာနဲ့မှမလဲနိုင်ဘူး။ အချစ်က နာကျင်မှုကိုပေးသလို ပျော်ရွှင်မှုကိုလည်း ပေးတယ်။ ရှေ့ဆက်ရမယ့် ခွန်အားတွေကိုလည်း ပေးတယ်။ သားအချစ်ကို ဖွင့်ဟဖို့ မကြောက်ပါနဲ့။ တီ သားကို နားလည်တယ်။ ချစ်ပေမယ့် ကြောက်နေတာမျိုး။ ခုခေတ်ပြောသလို Friend Zone ထဲမှာ ပိတ်မိနေတာမျိုးပေါ့။ သားချစ်မိနေတာ ခု နာကျင်နေရလို့လား”

“သားကြောင့် သူ နာကျင်သွားမှာကို ကြောက်တာတီ”

“သူကလည်း ချစ်နေတာဆိုရင်တော့ သားက သူ့အချစ်ကို သူကိုယ်တိုင် ဖွင့်ဟဝန်ခံလာအောင်လုပ်။ သူလည်း ချစ်နေတယ်လို့ထင်ရင် သားကနောက်မဆုတ်ဘဲ ကြိုးစားပေါ့။ တီ့အထင်တော့ သူလည်းချစ်မှာပါ။ သူက သားထက် ပိုပျော့ညံ့ပြီး ပိုကြောက်တတ်လို့ မချစ်ရဲတာလို့ တီတော့ထင်တယ်”

“အင်း တီပြောသလို သူလည်း သားကို ချစ်နေပါစေလို့ပဲ ဆုတောင်းရမှာပေါ့”

“သူလဲချစ်မှာ. . .”

“ဟမ်! တီ”

စကားတောင်မဆုံးသေးဘူး မုန်းက အလန့်တကြားထအော်‌တော့ ကိုယ့်မှာ ‘သူလည်း ချစ်မှာပါ’ ဆိုတဲ့ စကား‌လေးတောင် ဆုံးအောင်မပြောလိုက်ရပေ။

“နေ . . နေ . . နေပါဦး။ တီ . . တီက ဘယ် . . ဘယ် . . သူ့ကို ပြောနေတာလဲဟင်”

မုန်းမှာ အလန့်တကြားဖြစ်ပြီး အထစ်ထစ် အ’အအနဲ့ ဖြစ်သွားရတယ်။ မုန်းလည်း ခုနကတည်းက သတိမထားမိဘဲ ပြောလိုက်မိတာ။

“အမလေး မုန်း‌ရယ် တီဖြင့်လန့်တောင်သွားတယ်။ ဘာဖြစ်ရတာတုန်း”

“တီ . . တီ‌ သိနေတာလားဟင်။ ဘယ် . . ဘယ်လို သိသွားတာလဲ”

“တီ့တူလေး စကားတွေတောင် ထစ်ကုန်ပြီ။ တီသိတာပေါ့။ တီလည်းငယ်ရာက ကြီးလာတာပဲဟာ။ တီက မုန်းလေးမျက်လုံးကို ကြည့်တာနဲ့သိသလို အလင်းလေးရင်ထဲ ဘာတွေ ဖြစ်နေတာလဲဆိုတာလည်း သိတယ်။ တီက မုန်းကိုနားလည်တယ်။ အပြစ်လည်း မပြောဘူး။ ဖိုက်တင်း သား။ အိပ်ချင်ယောင် ဆောင်နေတဲ့သူကို နှိူးရ‌တာလောက် ခက်တာမရှိဘူး။ ချစ်နေရဲ့သားနဲ့ သတ္တိကြောင်ပြီး ဝန်မခံရဲတဲ့သူကို ဝန်ခံလာအောင်လုပ်ဖို့ မုန်းလေး ပင်လည်းပင်ပန်းလိမ့်မယ်။ နာကျင်စရာတွေလည်း ရှိလာလိမ့်မယ်။ အဲ့အချိန်မှာ နောက်ဆုတ်ဖို့အတွေးတော့ မတွေးနဲ့။ အဲ့အချိန် နောက်ဆုတ်လိုက်တာနဲ့ မုန်း‌လေးသူ့ကို တစ်သက်လုံး ဆုံးရှုံးရလိမ့်မယ်”

“. . .”

“တီသိနေတယ်ဆိုပြီး တီ့ကိုအာရုံမထားနဲ့။ တီက သားတို့ကြားထဲကို ဝင်မပါဘဲ ဘေးကနေပဲကြည့်မှာမို့ အကူအညီမပေးနိုင်ပေမယ့် သားဝမ်းနည်းလာတိုင်း ရင်ဖွင့်လို့ရတယ်။ သားစိတ်အားငယ် လာတိုင်း နားခိုဖို့ တီ့ရင်ဘတ်ကြီးကို သားတို့အတွက် အမြဲဖွင့်ပေးထားတယ်။ တီမကူညီနိုင်ဘူးပြောလို့ စိတ်မဆိုးနဲ့နော်။ ကိုယ်လိုချင်တဲ့အရာကို ကိုယ့်နည်းကိုယ်ဟန်နဲ့ ကြိုးစားပြီး ရလာမှ တန်ဖိုးထားတတ်သလို ကြုံလာတဲ့အခက်အခဲတိုင်းကိုလည်း ရင်ဆိုင်နိုင်မှာ။ မုန်းလေး နာကျင်မှုတွေ ပင်ပန်းမှုတွေကို ရင်ဆိုင်ပြီးမှ သူ့ကိုရလာတဲ့အခါ နောက်ထပ် နာကျင်မှုတွေ ပင်ပန်းမှုတွေရှိလာခဲ့ရင်လည်း ဘာကိုမှမမှုဘဲ သူ့ဘက်မှာပဲ အပြည့်အဝ ရပ်တည်နိုင်သွားလိမ့်မယ်”

“. . .”

“ကိုယ်က ခက်ခက်ခဲခဲ ရယူထားရတဲ့အရာမို့ ပိုဆုံးရှုံးရမှာ ကြောက်တာကြောင့် ဘယ်သူ့ကြောင့်မှ အဆုံးရှုံး မခံနိုင်တော့တဲ့အထိဖြစ်မှာ။ သားတို့အချစ်က သမရိုးကျမဟုတ်လို့ သူများတွေထက် ပိုခံနိုင်ရည်ရှိမှရမှာမို့ ဘယ်လိုအကြောင်းအရာတွေပဲရှိလာလာ သားက အလင်းဘက်က ရပ်တည်နိုင်မှ ဖြစ်မှာ။ ဒါကြောင့် အလင်းလေးအတွက် တီစိတ်ချချင်လို့ ဘေးကပဲကြည့်‌နေမယ်လို့ ပြောတာပါ။ ဒါလေးတော့ တီ့ကို အတ္တကြီးခွင့်ပေးနော်”

“သားနားလည်ပါတယ် တီ။ ကျေးဇူးလည်း တင်ပါတယ်။ တီကို ချစ်တယ်”

မုန်း တီ့ရင်ခွင်ထဲဝင်ပြီး ဖက်ထားလိုက်တယ်။ အဲ့ဒီအချိန်မှာ အလင်းကရောက်လာပြီး မုန်းတို့ကို အထူးအဆန်းလို ကြည့်နေပါတော့တယ်။ ပြီးတော့ ပြောလည်းပြောပါသေးတယ်။

“မုန်း တီသဲကို ဘာတွေကပ်ချွဲနေတာလဲ” . တဲ့။

ပြောပုံကို။ မင်းကိုဝိုက်ဖို့ ကပ်ချွဲနေတာဟေ့။

အလင်းပြန်ရောက်ပြီး ခဏကြာတော့ တီသဲလည်း အလုပ်သွားတာကြောင့် အလင်းနဲ့မုန်း နှစ်ယောက်တည်း ကျန်ခဲ့ပါတယ်။

“မုန်း တီသဲနဲ့ ဘာတွေ ပြောနေကြတာလဲ”

“ဟင့်အင် ဘာမှ မပြောပါဘူး။ တီသဲအကြောင်း မေးကြည့်တာ။ မင်းပြောပြဘူးလို့ သိပေမယ့် အကုန်လုံးမသိတော့ စပ်စုကြည့်တာ အဟီး”

“စပ်စုစိန်လေး ဆေးသောက်မယ်လာ”

“အများကြီးပဲ မသောက်ချင်ဘူး”

“မသောက်ချင်လို့ မရဘူးလေ။ ဆေးခန်း မသွားချင်ဘူးဆိုလို့ ဆေးတွဲတိုက်တာနော်။ ဆေးမသောက်ချင်ရင် ဆေးခန်းသွားရမယ်။ ပြောမရရင်တော့ မေမေ့ကို ဖုန်းဆက်ရမှာပဲ”

မေ့ကို လှမ်းပြောမယ်ဆိုတော့လည်း ရုပ်လေးကငိုမဲ့မဲ့နဲ့။ မုန်းက မေ‌မေ့ကို ဘယ်လောက်ချစ်လဲဆိုတာ အလင်းသိတာပေါ့။ ဘယ်ရမလဲ မေမေနဲ့ပဲချိန်းခြောက်ရမှာပဲ။

“သောက်မယ် ပြီးရင်တော့ မုန့်ကျွေး”

“ကျွေးမယ်။ ခုတော့ ဆေးသောက်လိုက်။ မုန်းကလိမ္မာတယ်”

ဆေးသောက်ပြီးတော့ ကိုယ်တော်လေးကို သကြားလုံး‌ ကျွေးရတယ်။ တည့်လား မတည့်လား သေချာမသိပေမယ့် မကျွေးရင်လည်း ကိုယ်တော်က ကောက်တော်မူဦးမယ်။

“အလင်း ဂိမ်‌ဆော့မယ်”

စကားလည်းပြော နှပ်ကလည်း ညှစ်ရသေးတယ်။ ညှစ်ရလွန်းလို့ နှာခေါင်းတွေလည်းနာပြီး ရဲတွတ်နေပါပြီ။

“အင်း ဆော့မယ်။ နှပ်ကို ခဏခဏမညှစ်နဲ့ တအားလည်းမညှစ်နဲ့။ အနာဖြစ်တော့မယ်”

“မညှစ်လို့ မရလို့ပေါ့ကွ။ ဒီလောက် တရှူးရှူး ဖြစ်နေတာကို”

“ဆေးသောက်ထားတာ ခဏနေရင်တော့ ပျောက်သွားမှာပါ။ လာဂိမ်းဆော့မယ်”

တစ်နေ့ခင်းလုံး တစ်ညနေလုံး နှစ်ယောက်သား PUBG ထိုင်ပစ်နေမိကြတယ်။ ညနေရောက်တော့ မုန်းရေချိုးချင်လာတာမို့ အလင်းကို ပြောကြည့်ရတယ်။

“အလင်း ငါ ရေချိုးချင်တယ်”

“ဖျားနေတယ်လေမုန်းရာ။ မချိုးရဘူး”

“ရေ မချိုးရတော့ ငြီးစီစီနဲ့နေရတာ အဆင်မပြေဘူးလေကွာ”

“မုန်း မဂျစ်နဲ့။ ကိုယ်ပူလည်း ကျသေးတာမဟုတ်ဘူး။ မချိုးရဘူးဆို မချိုးရဘူးပဲ”

မုန်းရေချိုးဖို့ဂျီကျနေတုန်းမှာ မေမေပြန်လာတာမို့ အလင်း မေမေ့ကို တိုင်ပြောလိုက်တယ်။

“မေမေ မုန်းကိုယ်ပူတွေလည်း မကျသေးဘဲ ရေချိုးဖို့ ဂျီကျနေတယ် မေမေ”

“ဟုတ်လား သား။ နှစ်ရက်လောက်နေမှ ချိုးရမယ်နော်။ အဖျားက ကျသေးတာ မဟုတ်ဘူး။ တော်သေးတယ် နှာရည်ကျတာ နည်းနည်းရပ်သွားလို့။ မေက သားကြိုက်တဲ့ အသားစုံမြေအိုးမှီးရှည် ဝယ်လာခဲ့တယ်။ အဲ့ဒါလေးစားလိုက်နော် လိမ္မာတယ် မေ့မုန်းလေးက”

မေက ပန်းကန်ထဲထည့်ပေးပြီးတော့ လာခွံကျွေးတာမို့ မုန်းလည်း ရှေ့ဆက် ဂျီမကျတော့ဘဲ စားလိုက်ရတော့တယ်။ နေသာ မကောင်းတာ။ အစားအသောက်က မပျက်ဘူး။ မုန်း တစ်ယောက်တည်း အကုန်ကိုစားပစ်လိုက်တာပါ။

“မေ့သားလေးက စိုးရိမ်ရေမှတ်ရောက်နေပြီ ဟားဟား”

မေကရယ်ပြီး ချစ်စနိုးလေးနဲ့ ပါးကိုဖြစ်ပြီး စတာမို့ မုန်းရှက်သွားတယ်။

“မေကလည်း ကောင်းလို့ဟာကို”

“ဟုတ်ပါပြီရှင့်။ ပြီးရင် ဆေးသောက်ရမယ်သား”

မေက ရေနဲ့ဆေးကို လက်ထဲထည့်ပေးတော့ မုန်း ဆေးသောက်လိုက်တယ်။

“ခဏလှဲနေနော်သား။ အလင်းရေချိုးနေတယ်။ ပြီးရင် လာလိမ့်မယ်”

“ဟုတ်မေ”

မေ အခန်းထဲကထွက်သွားတဲ့အခါ ဆေးသောက်ထားတာမို့ မှိန်းနေလိုက်တယ်။ ခဏကြာတော့ အလင်းက ရေမိုးချိုးပြီး အခန်းထဲဝင်လာတာမို့ လှည့်ကြည့်လိုက်မိတော့ အလင်းရဲ့ရေစိုနေတဲ့ကိုယ်လုံးကိုကြည့်ပြီး အာခေါင်တွေ ခြောက်လာသလို လူလည်းထူပူလာပါတယ်။ ရင်ခုန်သံတွေဗြောင်းဆန်လာတာမို့ မုန်းလက်ပတ်လေးကို အလင်းမသိအောင် မသိမသာအုပ်ထားပြီး ခလုတ်နှိပ်လိုက်ရတယ်။

ခန္ဓာကိုယ်က six pack လောက်တော့မရှိပေမယ့် four pack နဲ့ပါ။ ရေစက်တွေတွဲခိုနေတဲ့ရင်ဘတ်က မုန်းကိုဆွဲဆောင်နေသလိုပါပဲ။ ရေတွေစိုနေတဲ့ ဆံပင်တွေကို ခါနေတာကလည်း ကြည့်ကောင်းနေပြန်ပါသေးတယ်။ မုန်းကိုပြုံးပြလာတာကြောင့် ပါးချိုင့်လေးနှစ်ဖက်က ခွက်ဝင်သွားတာမို့ ပြေးနမ်းချင်စရာလေး။ ယောင်္ကျားပီသတဲ့မျက်နှာက ငေးလို့မဝနိုင်လောက်အောင်ပါပဲ။ ရေစိုနေတဲ့ နှုတ်ခမ်းလေးကလည်း ရဲနေပါတယ်။ မင်းတစ်ကိုယ်လုံးကို ငါအကုန်ကြိုက်တယ် အလင်း။

“မုန်း ဘာတွေ အဲ့လောက်‌တောင် ကြည့်နေတာလဲ”

“ဟမ် ဘာမှ မဟုတ်ပါဘူး။ မင်းအအေးပတ်နေမယ်။ အမြန်အင်္ကျီဝတ် ပြီးရင်အိပ်တော့”

အလင်းက အင်္ကျီလဲပြီးတော့ အိပ်ရာထဲဝင်လာတာမို့ မုန်းရဲ့ ရင်ခုန်သံတွေကို မနည်းထိန်းချုပ်နေရတယ်။ အလင်းကို ဒီလိုမြင်တိုင်းသာ ခဏခဏရင်ခုန်နေရရင် ကြာရင်တော့ မုန်း နှလုံးရောဂါ ဖြစ်ပြီးသေလိမ့်မယ်။

“မုန်း”

“ဟင်”

“အရင်လို ဖက်အိပ်ချင်လို့ရလား”

“အင်းးး”

ဘုရား ဘုရား မုန်း ဒီညတော့ အိပ်လို့ ပျော်ပါတော့မလား။

ရင်ခုန်သံတွေကို လိမ်ညာဖို့ လက်ပတ်လေးတွေကို ဖြုတ်အိပ်တဲ့ ကောင်လေးနှစ်ယောက်ကတော့ တစ်ယောက်ကိုတစ်ယောက် ရိုးသားတယ်လို့ ထင်နေခဲ့ကြပါတယ်။

************

သုံးရက်လောက်နေတော့ မုန်းလည်းနေပြန်ကောင်းသွားတာမို့ လှောင်အိမ်ထဲက လွှတ်လိုက်တဲ့ငှက်ကလေးလိုပါပဲ။ ခုမှပဲ လွတ်လပ်တော့တယ်။ မုန်းမှာ ရေချိုးချင်းတာလည်း အလင်းဆူလို့ မချိုးရ။ စားချင်တာလည်းမစားရနဲ့ ဆန်ပြုတ်ပဲသောက်ရပါတယ်။

ဒီနေ့တော့ နေလည်းအရှင်းကောင်းပြီမို့ ရေတော့ချိုးမှဖြစ်မယ်။ ရေမချိုးဘဲ ရေပတ်ပဲတိုက်ရတာ ညစ်ပတ်နေသလို ခံစားရလို့ပါ။

“အလင်း ငါရေချိုးချင်တယ်”

“ဒီနေ့တော့ မချိုးနဲ့ဦး မုန်း။ ခုမှ နေပြန်ကောင်းတာကို”

“အလင်းကလည်းကွာ ငါ တကယ်နေပြန်ကောင်းနေပါပြီ။ ရေချိုးမယ်နော်”

“ဟင့်အင် မချိုးရဘူးမုန်း။ မင်းနေမကောင်းရင် တအီအီနဲ့ ခွေးပေါက်ကြနေတာပဲ။ ဆေးလည်းမသောက်ချင်ဘူး။ မနည်း ချော့တိုက်ရတယ်။ ဂျစ်လည်းတိုက်တယ် တအားပဲ။ ပြောမရ ဆိုမရနဲ့”

“ရေချိုးချင်နေပြီ။ လူလည်း နံစော်နေပြီ။ ဒီနေ့မှ American Center မသွားရင် ဖေ‌ဖေက ဖုန်းဆက်ပြီး အိမ်ပြန်ခေါ်တော့မယ်။ မင်းငါ့ကို အိမ်ပြန်စေချင်နေပြီလား”

မုန်းလည်း ရှိသမျှအတတ်ပညာ အကုန်ထုတ်သုံးပြီး မျက်နှာကို ငယ်နိုင်သမျှငယ်အောင်ထားပြီး ပြောရတယ်။

“ဒါဆိုလည်း ရေမြန်မြန်ချိုး။ နှာစီးတာက ပျောက်သေးတာ မဟုတ်ဘူး။ မြန်မြန်တော့ချိုးနော်”

“အင်းပါ။ ပြီးရင်‌တော့ American Center လိုက်ပို့နော်”

“လိုက်ပို့မယ် ရေချိုးတော့ မြန်မြန်လုပ်”

မုန်းရဲ့ရင်ခုန်သံတွေ အလင်းအပေါ် မူမမှန်တော့တာကြောင့် အလင်းနဲ့အတူ အရင်လို ရေချိုးဖို့မရဲဘူး။ အလင်းကလည်း ခါတိုင်းလို မုန်းနဲ့အတူတူ ရေဝင်မချိုးဘဲ အိမ်ရှေ့မှာ ဂစ်တာတီးနေတာမို့‌ တော်သေးတယ်။ မုန်းရေချိုးပြီး ထွက်လာတော့ အလင်းက ဂစ်တာတီးလို့ကောင်းတုန်းပင်။ မုန်းအဝတ်အစားလဲပြီး ထွက်လာတဲ့အထိ အလင်းက ဂစ်တာတီးနေတုန်းမို့ ရေချိုးဖို့ ပြောရတော့တယ်။

“အလင်း ရေချိုးတော့လေကွာ။ နောက်ကျနေမယ် ငါတောင် အဝတ်အစားလဲပြီးပြီ”

မုန်းက ရေချိုးဖို့လာပြောတာမို့ လှည့်ကြည့်တော့ အားးပါးးပါး ကိုယ်တော်လေးက ချစ်ဖို့ကောင်းချက်။ ဘောင်းဘီက ဒူးတိအပွလေးနဲ့ ရှပ်အကျီအနက်ပွလေးကို ရိုးရိုးလေး ဝတ်ထားတာတောင် ချစ်ဖို့ကောင်းချက်ပါပဲ။ နှုတ်ခမ်းလေးက ရဲတွတ်နေပြီး ကိုက်စားချင်စရာလေး။ ရေချိုးပြီးစမို့ မျက်နှာလေးက ကြည်လင်ပြီး ပါးမို့မို့လေးနှစ်ဖက်က နမ်းချင်စရာလေး။ မုန်းလေးကို ကြည့်ကောင်းကောင်းနဲ့ ငေးကြည့်နေမိခဲ့ပါတယ်။

“အလင်း ဘာကြောင်ကြည့်နေတာလဲ။ ရေအမြန်ချိုးပါဆိုနေ”

မုန်းအော်လိုက်မှပဲ အလင်း အသက်ဝင်လာတော့တယ်။

“အင်း ခဏစောင့်နော်။ အမြန်ချိုးလိုက်မယ်”

အလင်းပြင်ဆင်ပြီးတဲ့အခါ American Center သွားဖို့ မုန်းတို့ YBS စီးခဲ့ကြတယ်။ YBS က နေ့ခင်းဘက် လူရှင်းတာမို့ ခုံရလို့ တော်ပါသေးတယ်။ ခုံမရရင် မုန်းကနေကောင်းခါစဆိုတော့ အရမ်းပင်ပန်းမှာ။

“အလင်း”

“ဟင်”

“ငါနဲ့အတူတူ American Center မှာ သင်တန်းတူတူ လိုက်တက်ပါ့လား”

“ဈေးကြီးတယ်လေ မုန်းရယ်။ ငါဆေးကျောင်းတက်ရင် မေမေတို့ အရမ်းကုန်မှာ။ အဲ့ကြောင့် မတက်တော့ပါဘူး။ ပြီးတော့ ငါက အင်္ဂလိပ်စာကို မရတဲ့အထဲမပါတော့ မတက်တော့ဘူး။ ငါက မင်းကိုပဲ အံ့ဩနေတာ အင်္ဂလိပ်စာတော်တာပဲကို ဘာလို့တက်မှာလဲ”

မင်းနဲ့ အတူတူရှိချင်လို့လေ။ ဒီစကားကို မုန်းစိတ်ထဲကပဲ ပြောလိုက်တာပါ။ အပြင်မှာပြောဖို့ အဲ့လောက်ထိ မရဲသေးဘူး။

“တကယ်‌တော့ ငါတက်ချင်တာကဂျပန်စာ။ Computer တက်ရင် ဂျပန်စာကျွမ်းကျင်တော့ ပိုပြီးကောင်းတာပေါ့။ ဖေဖေကငါ့ကို ဆေးကျောင်းထားချင်တာဆိုတော့ ဂျပန်စာတက်ဖို့ကို ပြောလို့မရဘူး။ အဲ့ဒါကြောင့် ဆေးကျောင်းအတွက် အထောက်အကူဖြစ်တဲ့ အင်္ဂလိပ်စာတက်ချင်တယ်လို့ပြောလို့ ရန်ကုန်လာခိုင်းတာ။ အဓိက ရည်ရွယ်ချက်ကတော့ ဂျပန်စာတက်ချင်လို့ အင်္ဂလိပ်ပါတက်တာ”

အဲ့ထက် ပိုအဓိကကြတာ‌ကတော့ မင်းကြောင့်ပါ။

“အင်းငါလည်း ဘာသာစကား တစ်ခုခုတက်ချင်တယ်။ ဂျပန် ပြင်သစ် အီတလီ တရုတ် ထိုင်း ဘယ်ဟာတက်ရင် ကောင်းမလဲလို့”

“ငါနဲ့တူတူ ဂျပန်စာ လိုက်တက်ပါ့လား။ အင်္ဂလိပ်စာ တက်မပေးနိုင်လည်း ဂျပန်စာတော့ တူတူတက်ပေးကွာ‌နော်”

“အင်းပါ”

“ပြီးတော့ ဒီနေ့ ငါနဲ့အတူတူ Level Test ဝင်ဖြေပါ့လား”

“အင်း အဲ့ဒါတော့ ဖြေချင်တယ်။ ဖြေမယ်လေ”

“Ok”

American Center ရောက်တော့ မုန်းတို့ Library Card လုပ်ပြီး စာမေးပွဲကြေးသွင်းပြီးတော့ ဖြေမယ့်ရက်ကို ဗုဒ္ဓဟူးနေ့ ရွေးခဲ့လိုက်တယ်။ ဂျပန်စာတက်ဖို့လည်း စုံစမ်းပြီး တစ်ခါတည်း အပ်လိုက်ပါတယ်။ ကံဆိုးချင်တော့ မေသူသူလင်းနဲ့ လမ်းမှာ တွေ့ပါလေရော။

“ဟယ် အလင်း ဘယ်လာတာလဲ”

“ဒီနား”

“ဂျပန်စာတက်ဖို့ သင်တန်းလာအပ်တာ”

အလင်းပြောမှာဆိုးလို့ မုန်းက ဒီနားလို့ပြောလိုက်ပေမယ့် တုံးအလွန်းတဲ့ မောင်အလင်းကတော့ အမှန်အတိုင်း ပြောလိုက်ပါတယ်။

“ဟယ်ဟုတ်လား။ မေသူလည်း သင်တန်းတက်ဖို့ လာစုံစမ်းတာ။ အလင်းတို့ ဘယ်မှာတက်မှာလဲ”

“ဦးထွန်းလင်းခြံလမ်းထဲက JLC မှာ တက်မှာ”

“အော် ဟုတ်လား။ မေသူကတော့ ဘယ်မှာတက်ရမှန်း မသိသေးဘူး”

မူလီမက စကားကြောမပြတ်နိုင်ဘဲ လေရှည်နေတာမို့ မုန်းလည်း နေမကောင်းတာကို အကြောင်းပြပြီး အိမ်ပြန်ဖို့ အလင်းကို ပြောရတော့တယ်။

“အလင်း ငါပင်ပန်းလို့ နားချင်နေပြီ”

“မေသူ ငါတို့ သွားတော့မယ်နော်။ မုန်းက ခုမှ နေပြန်ကောင်းခါစမို့ လမ်းလျှောက်ရတာ ပင်ပန်းနေပြီ။ သွားတော့မယ်နော်”

“ဪ အေးအေး အလင်း”

ဟွန့် နင့်အကြောင်း ငါသိနေတယ်မုန်း။ ငါနဲ့အလင်း စကားပြောတာကို တမင် ကပျက်ကယက်လုပ်မှန်း။ စောင့်နေမုန်း ငါအလင်းကို ခုကစပြီး ရဖို့ကြိုးစားတော့မှာမို့။

ဒီလိုနဲ့ ဗုဒ္ဓဟူးနေ့ရောက်တော့ မုန်းတို့ Level Test ဖြေတဲ့အခါ အလင်းက level 7 မုန်းက level 5 ရတယ်။ အလင်းက အစကတည်းက အင်္ဂလိပ်စာတော်တာမို့ Level 7ရတာ မဆန်းပါဘူး။ မုန်းလည်းတော်ပေမယ့် မုန်းက တက်မှဖြစ်မှာပါ။ အဲ့ဒါကြောင့် မုန်းအတွက် သင်တန်းတက်ဖို့ရက်ကို စုံစမ်းပြီး တစ်ခါတည်း အပ်ခဲ့လိုက်တယ်။ သင်းတန်းက ဒေါ်လာနဲ့ပေးရတာမို့ ဒေါ်လာဈေးတွေ တက်နေတော့ သင်တန်းဈေးလည်း ဈေးကြီးသွားပါတယ်။

‌နောက်တစ်ပတ်ကစပြီး အင်္ဂလိပ်ရောဂျပန်ပါ တက်ရပါတော့မယ်။ အင်္ဂလိပ်ကမနက်၊ ဂျပန်ကနေ့ခင်း အလင်းနဲ့အတူတူ တက်ရမှာပါ။

နေ့ရက်တိုင်းကိုလှပဖို့ မုန်း‌ ဆုတောင်းတယ်။ မင်းအချစ်ကိုရဖို့ ငါစတင်ကြိုးစားမှာမို့ မင်းက ပြေးနိုင်သလောက်ပြေးပါ အလင်း။

မုန်းရဲ့အလင်းရောင်Where stories live. Discover now