Part 36 (U+Z)

8K 460 22
                                    

#Unicode

ဒီနေ့က မုန်းတို့ Second Year စတက်တဲ့ ပထမဆုံးနေ့ပါ။ စီနီယာ စဖြစ်တဲ့နေ့ ဆိုပါတော့။ ပထမဆုံးကျောင်းတက်ရက်မို့ တက်ကြွသောခြေလှမ်းများနဲ့ ကျောင်းတော်ကြီးဆီကို ချီတက်ခဲ့ပါတယ်။ ကျောင်းကိုရောက်တော့ ဒေါ်မေသူသူလင်းနဲ့ ဒေါ်ရှားအိမ့်ချယ်က ကန်းတင်မှာရောက်နေတာမို့ ကန်းတင်ကို တန်းလာခဲ့ပါတဲ့။ အမလေး ကျောင်းတက်ဖို့ဆို အမြဲတမ်းလိုလို အတန်းချိန်နှစ်ချိန်ပြီးမှ ရောက်လာတတ်တဲ့ မယ်မင်းကြီးမ နှစ်ယောက်က ကျောင်းကို အစောကြီး ရောက်နေတယ်ဆိုပါ့လား။ ဒီကနေ့ သင်တို့ထီထိုးလိုက်ပါ မနက်ဖြန်ပေါက်ပါလိမ့်မည်။

မေသူနဲ့ရှားရဲ့ ကျောင်းစောစောရောက်နေခြင်းသည် အင်မတန် ထူးဆန်အံ့ဩဖွယ်ကောင်းသော ဖြစ်ရပ်ဆန်းကျယ် ကိစ္စကြီးဖြစ်ပေသည်။

ကန်းတင်းကိုရောက်တော့ မယ်မင်းကြီးမနှစ်ယောက်က အနှစ်နှစ်အလလက ငတ်ပြတ်ခဲ့သလား မှတ်ရပါတယ်။ သူတို့အရှေ့မှာ စားထားတဲ့ပန်းကန်က အထပ်လိုက်။ အံ့ဩရတယ်။

“နင်တို့နှစ်ယောက် ဘယ်ကတည်းက ငတ်လာတာလဲဟေ”

“ဟဲ့ အစောကြီးအိပ်ရာထခဲ့ရလို့ ဘာမှမစားခဲ့ရဘူးဟဲ့”

“အေး ငါလည်းအံဩနေတာ။ နင်တို့နှစ်ကောင် ဘာလို့အစောကြီး ကျောင်းလာတာလဲ။ ပထမဆုံးနေ့ဆိုပေမယ့် နင်တို့က ကျောင်းတက်ဖို့ကို အဲ့လောက် တက်ကြွတဲ့အစားထဲမှာ မပါပါဘူး”

“အမလေး ပြောရက်လိုက်တာ မုန်းရယ်”

“ငါပြောတာမဟုတ်လို့လား”

“ဟုတ်တော့ ဟုတ်တယ်လေ။ ဒါပေမဲ့ဟယ် ဒီနေ့က ဂျူဂျူမောင်လေးတွေကိုငမ်းဖို့ စောစောလာတာပေါ့ဟယ်”

“ဟမ် နင်တို့နှာခေါင်းတွေ တော်တော်မီးတောက်ပါ့လား။ ‌မောင်လေးတွေကိုငမ်းဖို့ အိပ်ရာစောစောထတယ်ဆိုပဲ။ ဘူးချက်က”

“ဒါပေမဲ့ မုန်းရယ် ငါ့ဘဝလေးက ငမ်းရုံနဲ့ ကျေနပ်ရမယ့်ဘဝပါ။ အဲ့ဒါကြောင့် ကျောင်းစတက်တဲ့ရက်မှာ အဝငမ်းထားမလို့”

ရှားပြောတာကို မုန်းနားမလည်တာမို့ မေးကြည့်ရပါတယ်။ ဘာအဓိပ္ပါယ်နဲ့ ပြောတာပါလိမ့်။

“ဟမ် ဘာလို့လဲ”

“မဘာနဲ့ မုန်းစုတ်ရဲ့။ နင်က နင့်လင်နဲ့ သာယာနိုင်ပေမယ့် ငါ့မှာတော့ တစ်ကျောင်းလုံးက ငါ့ကို နင့်ရဲ့မယ်မယ်ဘုရား နင့်ကောင်မလေးလို့ပဲ သိထားကြတာလေ”

“အေးဟုတ်သား။ ပိုတောင် ကောင်သေးတယ်။ နင့်ကိုကြိုက်မယ့်သူ မရှိတော့ နင်လည်း လင်မရတော့ဘူးပေါ့”

“မုန်းစုတ် သေနာ အစုတ်ပလုတ်”

“နေဦးရှားမ ငါနင့်ကို မေးစရာရှိသေးတယ်”

“ဘာမေးမှာလဲ မေသူ။ မဟုတ်က ဟုတ်ကတွေတော့ မမေးနဲ့နော်”

“နေစမ်းပါ။ ငါအကောင်းမေးမလို့”

“မေး”

“နင်နဲ့မေရွက်ဝါနဲ့က ဘာလဲ”

မေသူမေးလိုက်တဲ့ မေးခွန်းရဲ့အဖြေကို မုန်းလည်း သိချင်နေတာ ကြာပါပြီ။ လူချင်းမတွေ့ဖြစ်လို့ မမေးဖြစ်တာဘဲရှိတာ။ ခုတော့ သူလည်း သိချင်ပါတယ်။ စိတ်ဝင်စားတယ်။

“အေး ဟုတ်တယ်။ ငါလည်း အဲ့ဒါသိချင်နေတာ”

မုန်းအားရပါးရ ပြောလိုက်တော့ ရှားမ လန့်သွားတယ်။ မုန်းတို့က စပ်စုချင်လာပြီဆို အဲ့လိုပဲ အားရပါးရပါ။

“ဖြည်းဖြည်းမေးပါမုန်းရယ်။ ငါလည်း လိပ်ပြာလွင့်သွားပါဦးမယ်”

“အရမ်းစိတ်ဝင်စားလို့ နည်းနည်းလေး အားပါသွားတာ။ နင်ဖြေမှာသာ ဖြေစမ်းပါဟာ။ ဝေ့မနေစမ်းပါနဲ့”

“ဘာကိုဖြေရမှာ”

“ဟ နင်နဲ့မေရွက်ဝါက ဘာလဲဆိုတာ သိချင်လို့ပါဆို”

မဖြေဘဲ ဝေ့ဝိုက်နေတဲ့ ရှားမကို ဒေါသထွက်ထွက်နဲ့ ပိတ်အော်လိုက်တော့ ဘေးဝိုင်းကလူတွေက ချာခနဲ လှည့်ကြည့်တယ်။ သူတို့အကြည့်ရဲ့ အဓိပ္ပါယ်ကို ကိုယ်သိနေတယ်လေ။ ဒီကောင်လေးက သူ့ချစ်သူကောင်မလေးအပေါ် အရမ်းနိုင်တာပဲဆိုတဲ့ အကြည့်တွေ။ အေးလေ ကျောင်းမှာ မုန်းနဲ့ရှားကို သူငယ်ချင်းတွေလို့ သိထားတာမှ မဟုတ်တာ။ ချစ်သူတွေလို့ပဲ သိထားကြတာဆိုတော့ ရှားကိုမုန်းအော်လိုက်ရင် မုန်းကရှားကို နိုင်တယ်ပေါ့ အဲ့လိုပဲတွေးမှာပဲ။

“ဟဲ့မုန်း တိုးတိုးပြောပါဟယ်။ ဘေးဝိုင်းကသူတွေက နင့်ကို တစ်မျိုးထင်နေပါ့မယ်။ နင်ငါ့အ‌ပေါ် အရမ်းနိုင်စားတယ်ထင်ပြီး မုန်းကသူ့ကောင်မလေးကို အရမ်းအနိုင်ကျင့်တယ်လို့ ထင်နေမယ်။ ငါ့ကိုလည်း လင်ကြောက်မကြီးလို့ ထင်နေပါဦးမယ်ဟယ်”

စပ်ဖြဲဖြဲနဲ့ ရုပ်ပြောင်နေတဲ့ရှားမကို မုန်းသည်းမခံနိုင်တော့ပါဘူး။

“ဟဲ့မိရှား အခွက်ပြောင်မနေနဲ့။ နင့်ကို အဲ့လိုမထင်စေချင်ရင် နင်သာ အမှန်အတိုင်းဖြေ”

“ဟုတ်တယ်ရှား နင်ဝေ့မနေနဲ့”

မေသူကပါ ဝင်ထောက်ခံတော့ ရှားမဖြေလို့လည်း မရတော့ပါ။

“အေးဖြေမယ်။ ငါနဲ့မေရွက်ဝါက ဘာမှမဟုတ်ဘူး။ ဒီတိုင်း သူငယ်ချင်းတွေ”

“ဟုတ်လို့လား”

“ဟုတ်ပါတယ်ဆို”

“မယုံဘူးမိရှား။ နင်ငါတို့ကို မပြောပြရသေးတာတွေ ရှိတယ်လို့ ထင်နေတယ်”

“အေးဟုတ်တယ်။ မုန်း နင်ပြောတာကို ငါလည်းထောက်ခံတယ်”

မေသူမက အဲ့လိုချစ်ဖို့ကောင်းပါတယ်။ အဲ့မှာ အမြဲထောက်ပဲခံနေလိုက်။

“နင်တို့က ဘယ်လိုထင်နေလို့လဲ”

“မေသူ နင်အရင်ပြောလိုက်”

“နင်နဲ့မေရွက်ဝါ ကြိုက်နေတယ်လို့ ထင်နေတာ”

“ဟေ အဟွတ် အဟွတ်”

မေသူပြောလာတဲ့စကားကြောင့် ရှားမှာ သောက်နေတဲ့ရေတောင် သီးသွားရတယ်။

“မုန်း နင်ရောလား”

ရှား မုန်းဘက်ကိုလှည့်မေးတော့ မုန်းက ခေါင်းငြိမ့်ပြပါတယ်။

“ဟုတ်တယ် ငါလည်း မေသူ့လိုပဲထင်တာ”

“ဟားဟားဟား ဟားဟား”

“ဖြည်းဖြည်းလည်းရယ် ရယ်နေရင်းလည်း အသက်ထွက်သွားဦးမယ်”

“နင်တို့ငါ့ကို Lesbian ထင်နေတာလား။ ငါ့ပုံစံက အဲ့လိုပုံစံ ပေါက်နေလို့လား။ ပြောပါဦး ငါ့ကိုဘယ်လိုထင်လဲ။ Tachi လား Neko လား ဘယ်လိုထင်လဲ”

“ဘာလဲ Tachi နဲ့ Neko ဆိုတာ”

“ဟမ်! . . ဒါတောင်မသိဘဲ ငါ့ကို Lesbian ထင်နေသေးတယ်။ Tachi ဆိုတာ Top အထက်ပုဂ္ဂိုလ် Neko ဆိုတာ Buttom အောက်ပုဂ္ဂိုလ်။ You know? Do you understand? “

“အေး understood ပြီဟေ့။ I see သွားပြီ။ ငါတို့က နင့်လို ဂဂျောင်မဟုတ်တော့လည်း ပေါက်ပေါက်ရှာရှာတွေ မသိဘူးဟေ့”

“အေးပါ ကိုအုတ်ခဲရယ်”

မုန်းနားနားလေးကိုကပ်ပြီး တိုးတိုးလေးပြောလိုက်တော့ မုန်းကပြန်မေးရှာတယ်။

“ဘာလဲအုတ်ခဲ” . . .တဲ့။ အုတ်ခဲတောင် မသိရှာတဲ့ခလေး။

“အုတ်ခဲဆိုတာ အုခဲကိုပြောတာ။ Uke ဆိုတာ bottom အောက်ပုဂ္ဂိုလ်လို့ နင့်ကိုပြောတာ ဟားဟား”

“နင့်ကို ဘယ်သူပြောလဲ ငါကအောက်ပုဂ္ဂိုလ်ပါလို့”

မုန်းပြန်မေးလိုက်တော့ ခုနက တဟားဟားအော်ရယ်နေတဲ့ ရယ်သံလေးတွေ တိကနဲ တိတ်ကျသွားပြီး အာမေဋိတ်သံ စုံသွားတယ်။

“ဟမ်”

“ဘာ”

‘ဟမ်’တာက ရှားမဖြစ်ပြီး ‘ဘာ’တာကတော့ မေသူမဖြစ်ပါတယ်။ ရုပ်လေးတွေက အံ့ဩတကြီးဖြစ်နေပြီး စားသောက်နေတဲ့ အစားအသောက်တွေကိုတောင် ဆက်မစားနိုင်ရှာဘဲ ရပ်တန့်ကုန်ရှာတယ်။ သနားဖို့ကောင်းလိုက်တဲ့ ကလေးမတွေ။ ခုနကတော့ တဟားဟားအော်ရယ်နေတာ သူတို့မဟုတ်တဲ့အတိုင်း။ ခုကြတော့ ရယ်တောင် မရယ်နိုင်ရှာဘူး။

“မုန်း နင်ဘာကို ဘယ်လိုပြောလိုက်တာလဲ။ နင်ပြောတာ ဘာအဓိပ္ပါယ်လဲ”

“ဘာအဓိပ္ပါယ်ရမှာလဲ။ နင်တို့က ငါ့ကို ဘာကြည့်ပြီး ပြောတာလဲလို့ မသိလို့မေးတာလေ။ ပြောစမ်းပါဦး ဘာကြည့်ပြီးပြောတာလဲ”

ရှားမေးတဲ့ အဓိပ္ပါယ်ကိုသိပေမယ့် မသိချင်ယောင်ဆောင်ကာ တလွဲဖြေလိုက်ပြီး မေးခွန်းပြန်မေးလိုက်တယ်။ အဲ့လိုမှမဟုတ်ရင် ဒင်းတို့ကမေးနေဦးမှာ။ အဲ့ဒါကြောင့် ဖြေနေရမှာဆိုးလို့ အရူးကွက်နင်းလိုက်တာ ဟဲဟဲ။ မုန်းလေ သိတယ်မို့လား မုန်းပါ။

“ဪ မသိပါဘူး။ ငါတို့က တစ်မျိုးတောင် ထင်သွားတယ်။ ဘာလို့ပြောလဲဆိုတော့ နင့်ရုပ်ကိုကြည့်ပြီးပြောတာ နင့်အမူအရာကို ကြည့်ပြီးပြောတာ”

“ငါအမူအရာက ဘာဖြစ်နေလို့”

“တစ်ကိုကိုတည်း တစ်ကိုကိုပြီး ချွဲလွန်းနေတဲ့ ရုံးပတီသီးလေးမို့လို့လေ ဟားဟား”

“အေးအေး ရယ်ရယ်။ နင်တို့နှစ်ယောက်လုံး ရယ်ရင်းနဲ့ အသက်ထွက်သွားဦးမယ်”

စပ်စလူးမတွေ လူကိုများ ရုံးပတီးသီးတဲ့ ရယ်ရင်းနဲ့ အသက်ထွက်ပါစေ။

“ဟယ်”

မေသူနဲ့ရှားမရဲ့ ဆွဲဆွဲငင်ငင် အာမေဋိတ်သံကြောင့် သူတို့နှစ်ကောင်လုံးရဲ့ မျက်လုံးဦးတည်ရာကို မုန်းလိုက်ကြည့်လိုက်တယ်။ သူတို့မျက်လုံးရဲ့ ဦးတည်ရာက ကန်တင်းရှေ့က ဖြတ်လျှောက်သွားတဲ့ ကောင်လေးဆီမှာပါ။

“ချောလိုက်တာဟယ် အဆင်လေး။ ဒါမျိုးလေးကမှ မမအကြိုက်”

“အေးဟယ် မေသူရယ် ငါလည်းကြိုက်တယ်။ ဟဲ့အနောက်မှာ အဆင်လေးတစ်ယောက် ပါသေးတယ်တော့။ အမလေး ဒီလိုယောင်္ကျားပီသတဲ့ စတိုင်လေးကလည်း မမစတိုင်ပဲ။ ဒီနှစ် First Year ကောင်လေးတွေ ချောလိုက်တာဟယ်။ အကုန် အဆင်လေးတွေချည်းပဲ။ ငါကြိုက်တယ်”

“အေးကြိုက်နေ နှစ်ကောင်လုံးအရှခံနေရမယ်။ ငါ့တစ်ယောက်တည်းနဲ့တင် မှတ်သင့်နေပြီ မိရှား”

“မုန်းစုတ် အဲ့လိုမပြောနဲ့။ ဘယ်လိုဖြစ်ဖြစ် ငါကြိုက်တယ်ဟဲ့”

“အေးဟုတ်တယ် နင်ဝင်မပြောစမ်းနဲ့မုန်း”

မေသူကပါ မုန်းကို ငေါက်ပါတော့တယ်။

“နင်တို့နှစ်ကောင်လုံးကို အလင်းနဲ့တိုင်ပြောမယ်”

“တိုင်ပေါ့ အလင်းကို ငါတို့နှစ်ယောက် ဝိုင်းဖြဲလိုက်မယ်”

“ဘာလဲ”

မေသူ့အပြောကို မုန်းအမြင်ကပ်ကပ်နဲ့ စကားကိုကပ်ပြီး မေးလိုက်တယ်။

“ပါးစပ်ကိုပြောတာဟဲ့ နင်ကဘာထင်နေလဲ”

“အတန်းမတက်ရင်လည်း ပြန်မယ်ဟာ”

“ဟဲ့ အတန်းတက်စရာလား။ ခုမှကျောင်းစဖွင့်တဲ့ ပထမဆုံးရက်မှာ ဘယ်သူကများ အတန်းတက်မှာမို့လို့လဲ။ သိပ်တက်ချင်နေလည်း နင်ဘာနင် တစ်ယောက်တည်းသွားတက်။ ငါတို့နှစ်ယောက် ဒီကစောင့်မယ်။ အတန်းထဲရောက်မှ သရဲခြောက်မခံရရင် ကံကောင်းပဲ။ သွား သွားချင်ရင်လည်းသွား”

“အဲ့ဒါဆို နင်တို့နှစ်ယောက်က ကျောင်းကိုဘာလာလုပ်တာလဲ”

“ဟယ် ငမ်းရအောင် လာတာလေဟယ်။ အစကတည်းက သူငယ်ထောင်ဖို့ အဆင်ငမ်းဖို့ကျောင်းလာတာ”

“ဪ အေးပါဟယ်။ ငမ်း ငမ်း မေးမိတဲ့ငါပဲမှားတာ။ ငါဒီမှာထိုင်စောင့်မယ် ပြန်မယ်ဆိုရင်ပြော”

“အေး ထိုင်မယ်ဆိုလည်း အဲ့မှာငြိမ်ငြိမ်ထိုင်နေလိုက်”

မေသူနဲ့ရှားမကို ဘာစကားတစ်ခွန်းမှ ထပ်မပြောတော့ဘဲ သူတို့ငမ်းသမျှကို ငြိမ်ပြီးပဲကြည့်နေလိုက်တယ်။ သူတို့ငမ်းလို့ဝရင်တော့ ပြန်ရမှာပါ။ ကျွန်တော့်ချစ်သူ‌ ဆေးကျောင်းသားကြီးကတော့ ဒီနေ့ကတည်းက စာသင်နေရလောက်ပြီပေါ့။ လွမ်းလိုက်တာ။

လွမ်းလိုက်တာလို့ တွေးလို့မှမဆုံးသေးဘူး ကျွန်တော့်ချစ်သူကြီးဆီက ဖုန်းလာပါတော့တယ်။ ဖုန်းကိုင်လိုက်တာနဲ့ ကြားရတာက ကျွန်တော့်ချစ်သူရဲ့ ကျွန်တော့်ကို ခေါ်လိုက်တဲ့အသံလေး နားဝင်ချိုလိုက်တာ။

“မုန်း‌လေး”

“ဗျာ့”

“အတန်းတက်ရလား”

“အတန်းမတက်ဖြစ်ပါဘူး ကိုကိုရာ။ မေသူမနဲ့ရှားမ သက်ငယ်မုဒိမ်း ကြံစည်ဖို့ အဆင်ငမ်းနေတာကို ဘေးကနေ ဒုက္ခခံနေရတာ”

မုန်းပြောတဲ့စကားသံကိုကြားတဲ့ မေသူနဲ့ရှားက နင်ပဲပြောဆိုတဲ့အကြည့်နဲ့ ကြည့်ပြီး မုန်းကို မျက်စောင်းထိုးကြပါတယ်။

“မုန်းပေါက်ကရော ကောင်မလေးတွေကို မငမ်းဘူးလား”

“မငမ်းပါဘူးနော်။ ကိုကို့လောက်တောင် ရင်ခုန်စရာ မကောင်းတာကို ငမ်းစရာလား”

မုန်း‌စကားကိုကြားတဲ့ မေသူနဲ့ရှားက ဝေါ့ ဝေါ့ ဆိုပြီးလုပ်ပြတာမို့ လက်ဖက်ရည်ပန်ကန်လုံးနဲ့ ကောက်ပေါက်ဖို့ လက်ရွယ်ပြတော့ နှစ်ကောင်းသားက မုန်းကိုပြောင်ပြပါတယ်။ သူတို့ကိုကြည့်ပြီး သနားတောင်သနားတယ်။ အဆင်လည်းငမ်းရ သူများသမီးရည်းစား စကားပြောတာလည်း နားထောင်ရနဲ့ ဗျာများနေရှာတယ်။

“ကိုကို့မုန်းပေါက်လေးက စကားတောင်းစားလေးပါကွာ”

“ဒါနဲ့ ကိုကိုရော အတန်းတက်ရလား”

“အင်း။ ခုမနက်က ကိုကိုက EC ဆိုတော့ EC အစည်းအဝေးခေါ်လို့ သွားရသေးတယ်။ ခုနေ့ခင်းတော့ အတန်းတက်ရမယ်။ ကိုကိုအဲ့ဒါပြောမလို့ ဖုန်းဆက်တာ။ မုန်းကျောင်းကပြန်ရင် ကိုကို့တို့အိမ်ကိုဝင်ပြီး ကိုကို့ကိုစောင့်နေပေးနော်”

“ဟုတ်ကိုကို”

“အင်း လိမ္မာတယ် ကိုကို့မုန်းပေါက်က။ ချစ်တယ်မုန်း ဒါပဲနော်”

“ဟုတ်ကိုကို မုန်းလည်းချစ်တယ်”

ကိုကိုနဲ့စကားပြောပြီး ဖုန်းချလိုက်တော့ ပထမဆုံးကြားလိုက်ရတာက . . . “စိတ်ပျက်လိုက်တာဟယ်။ RS တွေများ အပိုတွေသိပ်လုပ်တာပဲ”. . . ဆိုတဲ့ မေသူနဲ့ရှားမရဲ့ သံပြိုင်သီဆိုသံပါ။

“အေးမိရှား နင်လိုFAမကတော့ ဒါတွေကို နားလည်မှာ မဟုတ်ဘူး။ မေသူမ‌ကတော့ နင့်ဘဲနဲ့ဖုန်းပြောတဲ့အချိန် ငါမကြားစေနဲ့ပေါ့ဟာ”

“ဒါကတော့ နင်မသိအောင် ခိုးပြောမှာပေါ့ဟယ်”

မေသူမကို မုန်းအမြင်ကပ်ကပ်နဲ့ မျက်စောင်းထိုးပြီး ရွဲ့ပြလိုက်တယ်။

“အေး။ အဲ့ကိစ္စနောက်ထား။ ငါနင်တို့ကို ပြောစရာရှိတယ်။ ငါနင်တို့ပြောသလို CS (Computer Science) ယူတာမဟုတ်ဘူး။ CT (Computer Technology) ယူတာ”

“ဘာ”

မေသူပြောလိုက်တော့ ရှားနဲ့မုန်း အံ့ဩထိတ်လန့်စွာဖြင့် ပြိုင်တူ အော်လိုက်မိကြပါတယ်။

“ဖြည်းဖြည်းအော်ပါဟယ်။ လန့်လိုက်တာ နင်တို့ကလည်း”

“မေသူ နင်က ငါတို့နဲ့သူငယ်ချင်း မလုပ်ချင်တော့လို့ CT ယူတာလား ဟုတ်လား”

“မဟုတ်ပါဘူး မုန်းရယ်။ ငါ့မှာ နင်တို့အပြင် ခင်ရမယ့် သူငယ်ချင်းလည်း မရှိပါဘူး။ ဒါပေမဲ့ ငါကနင်တို့လို Coding ရေးတာလည်း မကျွမ်းဘူး။ စာကျက်ဖို့ကြတော့လည်း ဉာဏ်ကထုံတယ်လေ။ ပြီးတော့ စာကျက်ရမှာလည်း ပျင်းတယ်ဟ။ CS က Programming တွေများပြီး Coding တွေပဲ အများဆုံး ရေးရတာလေ။ ကျက်စာတွေကလည်း များမှများနဲ့။ အဲ့ကြောင့်ပါဟာ စိတ်မဆိုးနဲ့နော်။ နော်ရှား နော်လို့။ မုန်လေးလည်း စိတ်မဆိုးပါနဲ့ဟာနော်”

“အဟင့်. . .ဟင့်. . . အီးးးဟီးးဟီးး နင်သစ္စာဖောက်တယ် မေသူသူလင်း။ နင်ပြောတော့ ငါတို့နဲ့အတူတူ ကျောင်းပြီးတဲ့အထိ မခွဲဘူးဆို။ ငါတို့ CSယူရင် နင်လည်း CSပဲယူမှာဆို။ ခုတော့ နင် CT ယူလိုက်တော့ အခန်းမတူတော့ဘူးလေ။ ကျောင်းဆင်းချိန်လေးပဲ တွေ့ရတော့မှာ။ အီးးဟီးးဟီးး”

မုန်းကအော်ငိုနေသလို ရှားကလည်း မျက်ရည်တွေကျနေပြီး တရှုံ့ရှုံ့ငိုနေတာမို့ မေသူ ဘာလုပ်လို့ ဘာကိုင်ရမှန်းတောင် မသိတော့ပါ။ မေသူက ရှားနဲ့မုန်းကို သူတို့CSယူသလို ယူမယ်လို့ ပြောခဲ့မိပေမယ့် Programmingတွေကို ဝါသနာမပါလို့ Coding လည်းမရေးနိုင်လို့ CT ယူခဲ့မိတာ။ ခုလိုCTယူလိုက်ရင် စိတ်ဆိုးမယ်ဆိုတာသိပေမယ့် ခုလိုကြီး ငိုကြလိမ့်မယ်လို့ ထင်မထားဘူး။ ဒီသူငယ်ချင်းလေးတွေက မေသူ့ကို မခွဲနိုင်လောက်အောင် ချစ်ကြမှန်း မေသူခုမှသိရတယ်။ သူတို့က မေသူ့ကို အရမ်းချစ်ကြတာသိရတော့ ဝမ်းသာပြီး မျက်ရည်တွေပါ လည်လာတယ်။ တကယ်ဆို မေဂျာမတူတော့လို့ အခန်းမတူတာဘဲ ရှိမှာပါ။ ကျောင်းမှာတော့ တွေ့နေရဦးမှာပါပဲ။ ဒါပေမယ့် အခန်းမတူတော့ အမြဲတော့ မတွေ့နိုင်တော့ဘူးပေါ့။

“မုန်းရယ် မငိုပါနဲ့နော်။ ရှားလည်း မငိုပါနဲ့ဟာ။ နင်တို့ငိုတော့ ငါလည်းငိုချင်တယ်”

“နင့်ကိုမခေါ်ဘူးသွား။ လာမုန်း အလင်းတို့အိမ်ကို ပြန်ကြမယ်”

ရှားတစ်ယောက် မေသူ့ကိုထားခဲ့ပြီး မုန်းလက်ကိုဆွဲကာ ထွက်လာရင်း Taxi တစ်စီးအမြန်တားပြီး အလင်းတို့အိမ်ကို ပြန်လာခဲ့ကြတယ်။

အိမ်ပြန်ရောက်တော့ အလင်းနဲ့နွေတို့ပါ ကျောင်းက ပြန်ရောက်နေကြပါပြီ။

“ကိုကို့ ကျောင်းကပြန်ရောက်နေပြီလား အစောကြီးပဲ”

မုန်းလေးက အလင်းကိုမေးရင်းနဲ့ ရင်ခွင်ထဲကိုတိုးဝင်လာပြီး ငိုနေပါတယ်။ ဘာဖြစ်လာတာလဲလို့မေးဖို့ ရှားကိုလှည့်ကြည့်တော့ ရှားကလည်း နွေ့ရင်ခွင်ထဲမှာ ငိုနေပါတယ်။ ဘာတွေများ ဖြစ်လာကြပါလိမ့်။

“ဘာဖြစ်လာကြတာလဲရှား။ ဘာလို့ငိုနေတာလဲမုန်းလေး ကိုကို့ကိုပြော”

မုန်းနဲ့ရှားကိုမေးနေစဉ်မှာပဲ မေသူက အမောတကောနဲ့ ရောက်လာပါတယ်။ ဘာတွေဖြစ်နေကြပါလိမ့်။

“မေသူ နင်ရော ဘာဖြစ်တာလဲ။ အမောတကောနဲ့ မထိတ်သာမလန့်သာ ရှိလိုက်တာဟယ်”

“‌နွေရယ် ကူပြောပေးကြပါဦးဟာ။ အလင်းကူပြောပေးပါဦး”

“ဘာဖြစ်လို့လဲ အေးဆေးပြောပြ။ နင်တို့သုံးယောက် ရန်ဖြစ်လာကြတာလား”

“ငါ့ကိုသူတို့ CS ယူမယ်ပြောတုန်းက ငါကခေါင်းငြိမ့်လိုက်မိတယ်။ ဒါပေမယ့် ငါက သူတို့နှစ်ယောက်လို ဉာဏ်လည်း မကောင်းဘူး။ ပြီးတော့ Programmingလည်း စိတ်မဝင်စားတော့ Codingတွေလည်း မရေးနိုင်ဘူးဟာ။ အဲ့ကြောင့်ငါ CT ယူလိုက်တာ။ အဲ့ဒါသူတို့ကို ဒီနေ့မှပြောပြလိုက်တော့ သူတို့ကငိုပြီး ငါ့ကိုစိတ်ဆိုးနေကြတယ်”

“အမလေး ဘာများဖြစ်ကြတာလဲလို့။ အချစ်လွန်ပြီး ဖြစ်ကြတာ”

မေသူပြောပြတော့မှ အလင်းနဲ့နွေလည်း သက်ပျင်းချနိုင်တော့တယ်။

“မုန်း ကိုကို့ကိုကြည့်ဦး။ မေသူ CT ယူတာကို စိတ်ကောက်နေတာလား ဟုတ်လား”

“စိတ်ကောက်တာ မဟုတ်ဘူး။ ဝမ်းနည်းတာ။ သူပဲမုန်းတို့နဲ့အတူတူ CSယူမယ်ပြောတာ။ ခုကြ သူကCT ယူထားတယ်တဲ့။ ကျောင်းချင်းတူပေမယ့် မေဂျာမှ မတူတော့တာ။ ‌ဘယ်လိုလုပ် ခုလိုအမြဲတွေ့နိုင်တော့မှာလဲ”

“ကျောင်းဆင်းတဲ့အချိန် တွေ့လိုရတယ်လေကွာ။ ကိုကိုတို့အိမ်မှာ လူစုံပြီးလည်း တွေ့လို့ရတယ်လေ”

“ဒါပေမဲ့ အမြဲတမ်း မတွေ့ရတော့ဘူးလေ”

“ဒါဆို မေသူနဲ့မခွဲနိုင်လို့ပေါ့ ဟုတ်လား”

“အင်း”

“ဒါဆို မုန်းလေးက ကိုကိုတို့နွေတို့ သုတတို့အားသစ်တို့ထက် မေသူ့ကို‌ပိုချစ်တာပေါ့ အဲ့လိုလား”

“အဲ့လိုမဟုတ်ပါဘူး ကိုကိုကလည်း”

“အဲ့လိုမဟုတ်လို့ဘာလဲ။ ကိုကိုတို့နဲ့မုန်းဆိုတာ ခလေးဘဝကတည်းက အတူရှိလာကြတာ မဟုတ်ဘူးလား။ ဆယ်တန်းအောင်တော့ ယူထားတဲ့ မေဂျာတူလား။ တက္ကသိုလ်ချင်းတူလားပြော။ ကိုကိုတို့နဲ့ ကျောင်းချင်းမတူတာတောင် ခွဲနိုင်ပြီးတော့ မေသူနဲ့ တစ်ကျောင်းတည်းနေပြီး မေဂျာမတူတာကြ ငိုတယ်ဆိုတော့ မုန်းလေးက ကိုကိုတို့ထက် မေသူ့ကိုပိုချစ်တယ်ပေါ့။ နွေတွေ့လား မုန်းက နွေ့ထက် မေသူ့ကိုပိုချစ်တာ”

“ကိုကိုမဟုတ်‌တာတွေ လျှောက်မပြောနဲ့နော်။ အတူတူပဲချစ်တာ”

“တူတူပဲချစ်တယ်ဆို အငိုတိတ်တော့။ ရှားလည်း အငိုတိတ်တော့။ နှစ်ယောက်လုံးက မေသူ့ကို နားလည်ပေးလိုက်လေ။ ရှားနဲ့မုန်းအတွက် CSကလွယ်ပေမယ့် မေသူ့အတွက်က ခက်ခဲနေတာလေ။ အဲ့တော့ သူ့အတွက်အဆင်ပြေပြီး သူ့အတွက်ပိုသင့်တော်မယ့် CT ကိုရွေးတာကို ရှားနဲ့မုန်းလေးက နားလည်ပေးလိုက်ပါ။ ကိုယ့်သူငယ်ချင်းကို တကယ်ချစ်ရင် ကိုယ့်သူငယ်ချင်းအတွက် အဆင်ပြေတာကို ကိုယ်က ရွေးချယ်ပေးရဦးမှာ။ အခု ကိုယ်က ရွေးချယ်မပေးနိုင်လို့ သူအဆင်ပြေမယ့်အရာကို ရွေးချယ်ထားရင်လည်း ကိုယ်ကနားလည်ပေးလိုက် ဟုတ်ပြီလား။ ခွဲရမှာဆိုးလို့လည်း ဝမ်းမနည်းနဲ့။ မေသူက ဒီအိမ်ကို အမြဲလာမှာပဲဟာ။ ဒီအိမ်က အားလုံးရဲ့ စုဝေးရာပဲ မဟုတ်ဘူးလား။ မေသူ ငါတို့နဲ့ အနေမဝေးဘူးမို့လား”

“ဝေးစရာလား အလင်းရာ။ ငါ့မှာသူငယ်ချင်းဆိုလို့ ဒီသူငယ်ချင်းလေးတွေပဲ ရှိတာကို။ ဒါလေးတွေနဲ့ သေတူရှင်မကွာ အမြဲနေမှာ။ နော်ရှား နော်မုန်းလေး။ ငါ နင်တို့နဲ့ ကျောင်းဆင်းရင်လည်း အတူတူဆင်းမှာဟာ။ နင်တို့ ကျောင်းကပြန်တော့မယ်ဆို ငါ့ကို ဖုန်းဆက်ခေါ်ဟာ။ အတန်းလစ်မယ်ဆိုလည်း ဖုန်းဆက်ခေါ်။ တူတူလစ်မယ်။ ထမင်းစားမယ်ဆိုလည်း ဖုန်းဆက်။ တူတူစားမယ်ဟာနော်”

“ဘေလ်ကုန်တယ်”

“ဟားဟားဟား ဒါဆိုလည်း message ပဲပို့ကွာ အချစ်ဆုံးလေးတွေရာ။ ၁၂ကျပ်လောက်တော့ အကုန်ခံလိုက်နော်”

“မေသူစုတ်မ”

“ချစ်တယ် အသဲနှလုံးလေးတွေ”

မေသူ ရှားနဲ့မုန်း နှစ်ယောက်လုံးကို သိမ်းကြုံးပြီးတော့ အားရပါးရ ဖက်ထားလိုက်တယ်။ ရင်ခွင်ထဲမှာ အပြိုင်ငိုပြီး အော်နေကြတဲ့ ကလေးလေးတွေ။ သိပ်ချစ်ပါတယ် ဒီသူငယ်ချင်းလေးတွေကို။ ကောင်းတူဆိုးဖက် ဒီသူငယ်ချင်းလေးတွေနဲ့ အချိန်တွေအကြာကြီး အတူနေသွားချင်ပါသေးတယ်။ အလင်းတို့ရဲ့အိမ်က မေသူတို့ သူငယ်ချင်းအားလုံးကို အမြဲပေါင်းစည်းပေးမယ့် အေးရိပ်သာလေး တစ်ခုပါပဲ။ ကျေးဇူးပါ ဒီလို သူငယ်ချင်းကောင်းလေးတွေနဲ့ ဆုံဆည်းခွင့်ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်။

မုန်းရဲ့အလင်းရောင်Where stories live. Discover now