Part 16 (U+Z)

9.2K 664 18
                                    

#Unicode

မုန်း‌ဒီနေ့ သင်တန်းတက်ဖို့ဆိုပြီး ရန်ကုန်ကိုလာခဲ့တာပါ။ ရန်ကုန်လာမယ်ဆိုတာကို အလင်းကို Surprise ချင်တာမို့ မပြောသေးဘဲ နေလိုက်တယ်။ မနက်အစောကြီးက ထွက်လာတာမို့ ရန်ကုန်ရောက်တော့ ရှစ်နာရီထိုးနေပါပြီ။

ခါတိုင်းဆို မနက်တိုင်းအလင်းကို ဖုန်းခေါ်နေကြဖြစ်ပေမယ့် ဒီနေ့တော့ တမင်ဖုန်းမခေါ်ဘဲ ထားလိုက်တယ်။ သူဖုန်းခေါ်တာကို ပြန်လည်း မခေါ်သလို ကိုင်လည်းမကိုင်ဘဲနေလိုက်တယ်။ သူဘယ်လို ဖြစ်နေမလဲဆိုတာ သိချင်လို့ပါ။

မုန်းနေမယ့်အခန်းကိုရောက်တော့ ပစ္စည်းတွေနေရာချကာ ခဏအနားယူပြီး ရေမိုးချိုးလိုက်တယ်။ ရေမိုးချိုးပြီးတဲ့အခါ 12နာရီတောင်ထိုးနေပါပြီ။

“မေမေ”

“ရှင်”

“သားအလင်းဆီကို ခဏသွားချင်တယ်”

“နောက်နေ့မှသွားပါ့လား သားရယ်။ ခုမှရောက်တာ ခရီးပန်မှာပေါ့”

“ရတယ် မေမေ။ သားသွားချင်လို့ပါနော် . . နော် . . မေမေနော်”

“ကဲသွားချင်လည်း သွားပါရှင့်။ စောစောတော့ ပြန်ခဲ့။ မင်းအဖေ မလာခင်ပြန်ခဲ့ ဟုတ်ပြီလား”

“ဟုတ်မေမေ ကျေးဇူးပါ”

အလင်းကို ဖုန်းအရင်ဆက်ဦးမှပါ။ ခုဘယ်မှာလဲလို့မေးပြီး အိမ်မှာရှိတယ်ဆိုရင် သူ့ဆီကိုသွားရမယ်။ သူ့လိပ်စာကို ကိုယ်အလွတ်ရနေတာဆိုတော့ သူအိမ်ရှေ့ရောက်မှ အိမ်ရှေ့ကို ထွက်လာခဲ့ဆိုပြီး ဖုန်းဆက်လိုက်ရင် လုံးဝ Surprise ဖြစ်သွားမှာပဲ။

ကိုယ်အတွေးနဲ့ကိုယ်ပျော်ပြီး အလင်းကိုဖုန်းခေါ်တော့ ချက်ခြင်းမကိုင်ဘဲ ခဏကြာမှကိုင်လေတယ်။ ဖုန်းကိုင်တာနဲ့ ဘယ်မှာလဲလို့ မုန်း ချက်ချင်းမေးလိုက်တော့ ရုပ်ရှင်ရုံမှာတဲ့။ ဘယ်သူနဲ့လဲလို့ မေးတော့ မေသူသူလင်းနဲ့တဲ့လေ။ အလင်းအဖြေက ရင်ဝကို စောင့်ကန်လိုက်သလိုပါပဲ။ တော်တော်လေးကို အမောပြေသွားပါတယ်။ Surprise ကလည်း သူ့ကို ကိုယ်က မတိုက်လိုက်ရဘဲ သူကကိုယ့်ကို တိုက်သွားပါတယ်။

ဘာလို့တွေ့တာလဲလို့ မေးကြည့်တော့ ဟိုမူလီမက ပိုက်ဆံအိတ် ခါးပိုက်နှိုက်ခံရလို့တဲ့။ ယုံချင်စရာကြီးကိုး။ တုံးအနေတဲ့ အလင်းပဲယုံမှာ။ ငါတော့မယုံဘူး မူလီမရဲ့ မူယာမာယာကိုများတယ်။ ပိုက်ဆံအိတ်ပျောက်တဲ့သူက ရုပ်ရှင်ကြည့်ဖို့ ခေါ်သေးတယ်ဆိုပဲ။ ဪ ပိုက်ဆံအိတ်ပျောက်တော့ စိတ်ချမ်းသာနေလို့ ကြည့်တာနေမှာပေါ့။ အဟက် ရယ်ရတယ် မူလီမ။

မုန်းက အလင်းကို သူငယ်ချင်းတစ်ယောက် လာကြည့်လိမ့်မယ်ပြောပြီး လက်မှတ်တစ်ခုံ ပိုဖြတ်ခိုင်းလိုက်ကာ သုံးခုံဝယ်ခိုင်းလိုက်တယ်။ ပြီးတော့ ဘယ်မှာ စောင့်မလဲလို့မေးတော့ ဂမုန်းပွင့်အောက်ဆုံးထပ်က Lotteria တဲ့။ Okလေ ငါနဲ့‌တွေ့ကြပြီပေါ့ မူလီမရေ။

မုန်း အိမ်ကကားမောင်းတဲ့ဦးလေးကို ဂမုန်းပွင့်ကို လိုက်ပို့ခိုင်းလိုက်တယ်။ ဂမုန်းပွင့်ရောက်တော့ ဦးလေးကိုပြန်ခိုင်းပြီး ဂမုန်းပွင့်အောက်ဆုံးထပ်က Lotteria ကြက်ကြော်ဆိုင်ကိုရှာရပါတယ်။

ဟော . . တွေ့ပါပြီ ဆိုင်ကို။ ဆိုင်ထဲမှာ အလင်းကို လိုက်ရှာတော့ တွေရပါပြီ မောင်အလင်းကို။ ဆိုင်ရဲ့ထောင့်ဆုံးမှာ မူလီမနဲ့ မျက်နှာချင်းဆိုင်ထိုင်ပြီး ပြုံးလို့ပျော်လို့။ ဘေးတိုက် မြင်နေရတာတောင် အပြုံးတွေက အသက်ဝင်နေပါရောလား မောင်အလင်းရဲ့။

ဝတ်ထားတာလည်း ရှိူးစမိူအပြည့်နဲ့။ ဂျင်းဘောင်ဘီအကျပ် Body Fit ကို ရှပ်အင်္ကျီအပွ ခါးရှည်နဲ့တွဲဝတ်ထားပြီး ကျွန်တော်ပေးထားတဲ့ ဦးထုပ်ကိုစောင်းထားကာ ပဲများနေတာပါ။‌ လိုလား မူလီမနဲ့တွေ့တာ အဲ့လောက် ဝတ်ဖို့လိုလား။

မုန်း အလင်းအနားကိုရောက်တဲ့အထိ လျှောက်သွားလိုက်တယ်။ အနားကို ရောက်တော့မှ အလင်းကိုခေါ်လိုက်တယ်။

“အလင်း”

“ဟင် မုန်း။ ဟ အားးး ဘယ်ကနေ ဘယ်လို ရောက်လာတာလဲကွာ။ ငါ့ကိုလည်း မပြောဘူး။ မင်းလာမယ်ဆို ငါလာခေါ်မှာပေါ့”

ပြောလည်းပြော ဖက်လည်းဖက်ကာ ပါးကိုလည်းဖြစ်လိုက်နဲ့ လူကို အရုပ်များမှတ်နေလား အလင်းစုတ်ရဲ့။ ဟိုမူလီမကို ကြည့်လိုက်တော့ ရုပ်က အီးမှန်ထားတဲ့ရုပ်နဲ့။ မှန်းချက်နဲ့နှမ်းထွက် မကိုက်ဖြစ်သွားလား ဒေါ်မူလီ။ Sorry ပါ ငါလာတာ‌ နင်အဲ့လောက် ပျော်သွားမယ်လို့ ထင်မထားဘူး အဟက်။

မေသူ့မှာ အလင်းနဲ့ရုပ်ရှင်ကြည့်ရဖို့ အိတ်ထဲရှိတဲ့ ပိုက်ဆံအိတ်ကိုတောင် ပျောက်သွားတယ် လုပ်ထားရတာ။‌ ဒီတောက်တဲ့ကောင်က ဘယ်က ရောက်လာတာလဲ။ မြောင်းမြကလူက ဒီကို ဘယ်လို ရောက်လာတာတုန်း။ စိတ်ပိန်လိုက်တာဟယ်။ တောက်တဲ့နဲ့ ဖားပျံနဲ့ စပ်ကျထားသလား‌ မှတ်ရတယ်။ ကျောင်းတက်တုန်းကလည်း ကျောင်းတက်တုန်းမို့ မခွာဘူး။ ကျောင်းပြီးတော့လည်း ကပ်နေတုန်းပဲ။ ဒီတောက်ဖားကတော့ ငါအတော် စိတ်တိုနေပါပြီနော်။

“မုန်းမာန် ဘယ်ကနေဘယ်လို ရောက်လာတာလဲ”

မူလီမ အလင်းကိုကြတော့ အလင်း အလင်းနဲ့ နာမည်က အလင်းရောင်ဆိုတာကိုတောင် မေ့နေပြီလားမသိ။ ငါ့ကြမှ မုန်းမာန်တဲ့ မူလီစုတ်မ။

“ခုပဲရောက်တာ။ ငါရောက်လာတော့ နင်အတော်လေး ဝမ်းသာသွားပုံရတယ်။ ရောက်တုန်းလေးရုပ်ရှင် အတူတူ ကြည့်ရအောင်လေ။ နင့် မျှော်လင့်ချက်လေး ရိုက်ချိုးမိသလို ဖြစ်သွားရင် sorryနော်မေသူ။‌ နင်မျှော်လင့်သလို ဖြစ်မလာဘဲ ငါက မဖိတ်ခေါ်ဘဲ ရောက်လာသလို ဖြစ်သွားရင် sorryနော်”

“ရပါတယ် မုန်းမာန်ရယ် နင်ကလည်း သူငယ်ချင်း အချင်းချင်းပဲကို ဟင်း ဟင်း”

“ဟင်း ဟင်း”

သူကတောင် လူယုတ်မာရယ်သံနဲ့ လာဟင်းတာ မုန်းလည်း သူနဲ့ တစ်ထေရာတည်း တူအောင် ပြန်ဟင်းလိုက်တယ်။ အလင်းကြည့်ရတာလည်း အူတူတူ အတတနဲ့ ဘာမှမသိတဲ့ရုပ်နဲ့။ ငါစိတ်ရှည်တယ်နော် အလင်း။ ငါစိတ်ပေါက်ပေါက်နဲ့ ဆွဲခေါ်သွားလိုက်ရ မကောင်းရှိဝောာ့မယ်။

“ဪ . . ဒါနဲ့ မုန်းမာန် မေသူတို့က လက်မှတ်ဖြတ်ပြီးပြီရယ်။ မုန်းမာန်က ခုမှ လက်မှတ်ဖြတ်ရင် ခုံနံပတ်ကပ်လျက် မရလောက်တော့ဘူး။ ဖြစ်ပါ့မလား”

“အလင်း မင်းကို သုံးခုံဖြတ်ခိုင်းတာ ဖြတ်ထားတယ်မို့လား”

မေသူ့အပြောကို ဂရုမစိုက်ဘဲ အလင်းကိုပဲ မေးလိုက်တယ်။

“အင်း ဖြတ်ထားတယ်လေ။ မင်းသူငယ်ချင်းလာမယ်ဆိုလို့ ငါ့မှာ ရင်ပူသွားတာပဲ။ ငါမသိတဲ့ ဘယ်က သူငယ်ချင်းတွေများ ရနေတာလဲလို့”

သူကလည်း သူစိတ်ပူတာကို ကြော်ငြာကဝင်လိုက်ရသေး။

“ငါသူငယ်ချင်းရတာကို မင်းက ဘာလို့ ရင်ပူရတာလဲ”

ဟုတ်တယ်လေ သူက ဘာကိုရင်ပူ။ သူငယ်ချင်းရတာပဲ ဘာရင်ပူစရာရှိ။

“ဟမ်! ဪ . . မင်းက ငါတို့လေးယောက်အပြင် တခြားသူငယ်ချင်းမှ မရှိတာ။ မင်းကို အပေါင်းအသင်း မှားမှာဆိုးလို့ပေါ့ကွ”

ဘာတွေပြောလိုက်တာလဲ အလင်း။ စကားကို ဘယ်လိုတွေ ပြောနေတာလဲ မဆင်မခြင်နဲ့။

“ဪ . . .ခု ငါက အပေါင်းအသင်း အမှန်တွေရထားတာပဲ။ အမလေး ဝမ်းသာလိုက်တာ။ သူတို့ကိုယ်သူတို့တော့ အကောင်းပေါ့ အဟက် ရယ်ရတယ် အလင်း။ မင်က လိပ်မျိုး”

“အဟဲ”

“ဘာမှ ရင်ပူမနေနဲ့။ ငါ့မှာ မင်းတို့ကလွဲရင် ဘယ်သူငယ်ချင်းမှမရှိဘူး။ မင်းကို Surprise လာလုပ်တာ။ ဒါပေမဲ့ မင်းတစ်ယောက်တည်း Surprise ဖြစ်သွားတာ မဟုတ်တော့ ငါ့ Surprise က အတော်ထိရောက်တယ် အဟက်။ ခုတော့ ရုပ်ရှင်သွားကြည့်မယ် လာ။ မေသူ လာ သွားမယ်လေ”

မုန်းက အလင်းလက်ကိုကိုင်ပြီး ခပ်တည်တည်နဲ့ပဲ ရှေ့က ထွက်လာလိုက်တယ်။ တကယ်တော့ ဘယ်ကို သွားရမှန်းလည်း မုန်းမသိပါ။ တော်သေးတယ် အလင်းက အလိုက်တသိနဲ့ မုန်းလက်ကိုကိုင်ပြီး အရှေ့ကနေ ဦးဆောင်ပြီးသွားပေးလို့။ အလင်းက မုန်းလက်ကို ပြန်ကိုင်လိုက်တော့ မုန်းရင်တွေ ခုန်လာပြန်ပါတယ်။

လက်ပတ်ကလည်း တာဝန်ကျေပွန်စွာ လင်းလာတာမို့ ခလုတ်နှိပ်ချင်ပေမယ့် အလင်းကိုင်ထားတဲ့လက်မှာ လက်ပတ်ရှိတာမို့ နှိပ်လို့မရပေ။ အလင်းကလည်း မုန်းလက်ကို အတင်းဆွဲကာ စက်လှေကားပေါ် တက်ဖို့ လုပ်နေတာကြောင့် ဆွဲခေါ်သလို ဖြစ်နေတာမို့ လှမ်းပိတ်ဖို့ကလည်း အဆင်မပြေပေ။

အလင်းလက်ကိုလွှတ်ခိုင်းပြီး ပိတ်ဖို့ကလည်းမဖြစ်ပြန်။ ဘယ်လို လုပ်ရမလဲ ကြံရာမရ ဖြစ်နေတုန်းမှာ မုန်းလက်ကိုဆွဲ‌ပြီး အရှေ့က လျှောက်နေတဲ့ အလင်းကလည်း မုန်းလက်ကို ခဏလွှတ်လိုက်တာကြောင့် ခလုတ်ပိတ်ဖို့အခွင့်အရေး ရလိုက်ပါတယ်။ တော်ပါသေးရဲ့ အလင်းက မုန်းလက်ကို လွှတ်လိုက်လို့။ မဟုတ်ရင် အလင်းက လက်ကိုမလွှတ်ဘဲ နောက်ပြန်လှည့်ပြီး ကိုင်ထားတဲ့လက်ကိုသာ ကြည့်မိရင်တော့ သွားပြီ။

အလင်းက မုန်းလက်ကိုလွှတ်လိုက်တာကလည်း ခဏဆိုမှခဏလေးပါ။ စက်လှေခါး စီးခါနီးကြတော့ ပြန်ကိုင်ပေးထားပြန်ပါတယ်။ ပြီးတော့ ကျွန်တော့်ကို ပြောပါသေးတယ်။

“မုန်း ငါခြေလှမ်းပြီးတက်တာကိုကြည့်ပြီး ငါတက်သလိုတက်နော်။ ငါ့လက်ကိုလည်း မလွှတ်နဲ့နော်။ အဆင်းကြလည်း ငါဆင်းတာနဲ့ လိုက်ဆင်း ကြားလား”

“ငါ့ကို ကလေးပိစိများ မှတ်နေလား အလင်း။ စက်လှေကားလောက်တော့ ငါလည်း စီးတတ်ပါတယ်”

လက်ကိုလည်းလွှတ်မပေးဘဲ ကိုင်ထားတုန်းပင်။ စက်လှေကားစီးလို့ ရင်မတုန်ဘဲ သူလက်ကိုင်ထားလို့ ရင်ခုန်ပြီး သေရပါတော့မယ်။

လက်ကလက်ပတ်လေးက ရင်ခုန်သံမြန်လာရင် screen ပဲလင်းလာလို့ တော်သေးတယ်။ အသံမြည်တာသာပါရင် မလွယ်ဘူး။ အလင်းက မုန်းလက်ကို လာကိုင်တိုင်း တတီတီသာ မြည်နေရင်တော့ ဂွမ်းမှာ အသေအချာပါ။ လင်းရုံလေးပဲလင်းလို့ လက်ပတ်ကိုတောင် ကျေးဇူးတင်ရမလိုပါပဲ။

ကျွန်တော့်ရင်ခုန်သံက ထူးဆန်းပါတယ်။ အလင်းလက်ဖဝါးနဲ့ ကျွန်တော့်လက်ဖဝါး ထိမိတဲ့အချိန်တိုင်း ရင်ခုန်သံတွေ မြန်လာတတ်ပါတယ်။

နောက်ကမူလီမကတော့ လငပုပ်ဖမ်းတဲ့ရုပ်နဲ့။ မပြုံးချင်ဘဲပြုံးနေရတဲ့ ဟန်ဆောင်အပြုံးနဲ့ လိုက်လာခဲ့ပါလေတယ်။ ရုပ်ရှင်ရုံထဲရောက်တော့ ကျွန်တော်မောင်မုန်းက အလင်းနဲ့မူလီမကြား ခပ်တည်တည်နဲ့ပဲ ဝင်ထိုင်လိုက်တယ်။ မူလီမကတော့ ခဲလေသမျှ သဲရေကျရပြီပေါ့။ Sorry ပါမူလီမရေ။

ဒီတောက်ဖားကို အတော်ကို ဒေါသထွက်လာပါပြီ။ အတူတူ ရုပ်ရှင်လိုက်ကြည့်တာကို မပြောလိုပေမယ့် ဘာလို့ ကြားထဲကို ဝင်ထိုင်ရတာတုန်း။ ငါစိတ်ရှည်ထားတယ် တောက်ဖား။ အလင်းကို မရရအောင် ရည်းစားတော်ပြမှာမို့ နင်ခုတော့ ပြုံးနိုင်အောင်ပြုံးထားပါ။ ငါတို့ ရည်းစားဖြစ်တဲ့အချိန် နင်ခုလို သကာရည်လောင်းထားတဲ့ မျက်နှာအတိုင်းပဲ ဖြစ်နေပါစေ။ ဟူးးးးးမေသူရေ ဒီနေ့လည်း နင့်အကြံတွေ တောက်ဖားကြောင့်ပျက်ရပြန်ပါပြီနော်။ ရုပ်ရှင်သာ ပြီးသွားတယ် ဘာတွေမှန်းကို မသိလိုက်ပါဘူး။

ဘေးကနှစ်ယောက်ကတော့ နေကြာစိလေးစားလိုက်၊ ရေသောက်လိုက်၊ အချိုရည်သောက်လိုက်နဲ့ အတော်ကိုသာယာနေပါတယ်။

ရုပ်ရှင်ရုံကထွက်လာတဲ့အခါ မေသူတစ်ယောက်ကတော့ ဂျလမက်‌တွေမြိုပြီး ထွက်လာခဲ့ရပေမယ့် ကျွန်တော်‌မောင်မုန်းကတော့ သကြားရည်သောက်ပြီး ထွက်လာခဲ့ရပါတယ်။

“မုန်း အိမ်လိုက်ခဲ့မလား”

“ဒီနေ့တော့ မလိုက်တော့ဘူးအလင်း။ ဒီနေ့မှလာတာဆိုတော့ မေမေနဲ့ဖေဖေပါ ပါလာကြလို့။ ဖေဖေမရောက်ခင် ငါအိမ်ကို အရင် ပြန်ရောက်မှဖြစ်မှာ။ တော်ကြာ ရောက်ရောက်ချင်း အပြင်ထွက်လို့ ဒယ်ဒီဖားသားက ဆူနေဦးမယ်။ မေ့ကိုပြောပေး ငါသတိရတယ်လို့။ မေမေပြန်သွားရင် အိမ်လည်လာခဲ့မယ်”

“အင်း ပြီးရော။ မင်း ဘာနဲ့လာတာလဲ”

“အိမ်ကကားနဲ့ လာတာ။ ဖုန်းဆက်ထားပြီးပြီ။ ခဏနေ လာခေါ်လိမ့်မယ်”

သိပ်မကြာခင်မှာပဲ မုန်းအိမ်ကရောက်လာတာမို့ မုန်းပြန်သွားတော့ အလင်းလည်း မေသူ့ကိုနှုတ်ဆက်ပြီး ပြန်ဖို့လုပ်ရတယ်။

“မေသူ ငါပြန်တော့မယ်နော်။ ထွက်လာတာလည်း ကြာပြီဆိုတော့လေ”

“အေးအေး အလင်း ပြန်လေ။ နောက်မှ တွေ့မယ်အလင်း တာ့တာ”

“အင်း တာ့တာ ငါသွားပြီနော်”

အလင်းလည်း မေသူ့ကို နှုတ်ဆက်ပြီး အိမ်ကို ပြန်လာခဲ့လိုက်တော့တယ်။ အိမ်ရောက်တော့ ခဏအနားယူရင်း ရင်ခုန်သံတွေကို ပြန်မေးနေရတယ်။ မုန်းရောက်လာတာကို မင်းအရမ်းပျော်သလား အလင်း။ မုန်းလက်ဖဝါးကို ဆုပ်ကိုင်ရတာကို အရမ်းပဲ ရင်ခုန်နေခဲ့တာလား။‌ မုန်းလက်ကို ဆုပ်ကိုင်လိုက်တဲ့အချိန် ရင်တွေခုန်ပြီး လက်ပတ်လေး လင်းလာတာကို မုန်း မမြင်လိုက်လို့ တော်သေးတယ်။ အလင်းမှာ မုန်းမမြင်ခင် အလျင်အမြန် ခလုတ်နှိပ်လိုက်ရတယ်။

ကိုယ့်ရှူးကိုယ်ပတ်တယ်ဆိုတာ ဒါမျိုး။ ဘာလို့ ဒီလက်ပတ်ကို ဝယ်မိပါလိမ့်။ မုန်းကို‌လည်း ဆင်တူဝယ်ပေးထားပေမယ့် မုန်းလက်က screenက လင်းလာတာကို တစ်ခါမှမမြင်ဖူးဘူး။ မုန်းဘက်က မင်းကို သူငယ်ချင်းလိုချစ်တာမို့ အရင်းနှီးဆုံးနေခဲ့တာ။ မင်းကတော့ မုန်းရဲ့ ရိုးသားမှုကိုအသုံးချပြီး အရောင်တွေဆိုးနေတာပဲ အလင်း။

မင်းက မုန်းအပေါ်မှာ ဘာစိတ်တွေ ဖြစ်နေတာလဲအလင်း။ ဘာစိတ်မှ ဖြစ်လို့မရဘူးဆိုတာကို မင်းသိထားပါ။ ငါတို့က ယောက်ျာလေးတွေလေ။ မဖြစ်နိုင်တဲ့အရာကို ရှေ့မဆက်တာဘဲ ကောင်းတယ်။ ဒါကြောင့် မင်းမုန်းကို ရင်ခုန်မနေပါနဲ့အလင်း။ မုန်းလည်း မင်းကို ရင်ခုန်မှာမဟုတ်ဘူး။

သူငယ်ချင်းလိုပဲ ချစ်ပါ။ သူငယ်ချင်းလိုပဲ မြတ်နိုးလိုက်ပါ။ အဲ့ထက်ပိုသွားလို့ မုန်းဘက်က နားလည်လက်ခံပေးမယ်ဆိုရင်တောင် မင်းကြောင့် မင်းရော မုန်းရော မင်းမိဘတွေရော စိတ်ဆင်းရဲရမှာ။ ပြီးတော့ မင်းကို တစ်သက်လုံးယုံကြည်ပေးခဲ့ပြီး မင်းရဲ့ ဆုံးဖြတ်ချက်တိုင်းကို အလေးအနက်ထားပေးခဲ့တဲ့ မင်းမိဘတွေလည်း သူများ လက်ညှိုးထိုးခံရမယ့်ဘဝကို ရောက်ရမှာမို့ မင်းရင်ခုန်သံတွေကို ထိန်းချုပ်ထားလိုက်ပါအလင်း။

ရှေ့ဆက် မတိုးသင့်တဲ့ ဆက်ဆံရေးမို့ ခုကတည်းက နောက်ဆုတ်လိုက်တာပဲ အားလုံးအတွက် အဆင်အပြေဆုံးဖြစ်မှာပါ။ မင်း မုန်းကို ချစ်နေတာမဟုတ်ဘူး အလင်း။ သံယောဇဉ် ရှိတာပါ။ ဟုတ်တယ် မုန်းကို သူငယ်ချင်းလို ညီလေးလို ချစ်တာပါ။ ကျွန်တော် သူ့ကို သူငယ်ချင်းတစ်ယောက်ထက် မပိုခဲ့ပါဘူး။ မပိုဘူးနော်။

မုန်းရဲ့အလင်းရောင်Where stories live. Discover now