#Unicode
ဒီနေ့ မုန်းလက်ဆောင် အကြီးကြီးရတဲ့နေ့ပါ။ ဘာ့ကြောင့်ဆို ဖေဖေက မုန်းကို ကားတစ်စီးဝယ်ပေးခဲ့လို့ပါပဲ။ အရင်ကတည်းက ကားမောင်းတတ်ပေမယ့် အသက်မပြည့်သေးတာမို့ ဖေဖေက ကိုယ်တိုင်မမောင်းရဘူးဆိုပြီး ဝယ်မပေးခဲ့တာကြောင့်ပါ။ ခုတော့ အသက်လည်းပြည့်နေပြီဆိုတော့ ရည်းစားလေးလည်းရ ကားလေးလည်းရပြီပေါ့ ဟီးဟီး။ မုန်း အပျော်လွန်နေပါတယ်ခင်ဗျာ။
ပထမဆုံးရတဲ့ကားလေးကို ပထမဆုံးနေ့မှာ အလင်းနဲ့ အတူတူစီးချင်တာကြောင့် အလင်းကိုကျောင်းသွားကြိုဖို့ ဆုံးဖြတ်လိုက်တယ်။ တကယ်ဆို အလင်းက မုန်းထက်ပိုပြီး ကားမောင်းကျွမ်းပါတယ်။ ဘာကြောင့်ဆို ဆယ်တန်း မတက်ခင်လောက်ကတည်းက ဖေက သူနဲ့အလင်းနှစ်ယောက်တည်း သွားရတဲ့အခါမျိုးဆို အလင်းကိုသင်ပေးပြီး မောင်းစေခဲ့လို့ပါ။ မုန်းကတော့ ကားမောင်းတာကို အလင်းလောက်မရဲဘူးပြောရမယ်။
အလင်းတို့ကျောင်းမှာ အလင်းကျောင်းဆင်းလာမယ့်အချိန်ကို ကားလေးကိုမှီရင်း ရပ်စောင့်နေလိုက်တယ်။ ဟော တွေ့ပါပြီ ကျွန်တော့်ရဲ့အလင်းရောင်လေး နွေနဲ့အတူ စာအုပ်ကိုကြည့်ပြီး စကားတွေပြောရင်း ကျွန်တော်ရှိရာသို့ လျှောက်လာနေတာမို့ လှမ်းကာလက်ပြလိုက်တော့ နွေကပြန်လက်ပြပေမယ့် အလင်းကတော့ မသိချင်ယောင်ဆောင်သွားပါတယ်။ ဘာလို့ပါလိမ့် ငါဘာတွေများ အမှားလုပ်မိလိုက်လို့ပါလဲ။ ခုထိတော့ ဘာမှမမှားသေးဘူးထင်တာပါပဲ။
အလင်းကျောင်းဆင်းလာတော့ မုန်းကိုတွေ့လိုက်ရတာမို့ လှမ်းခေါ်ဖို့ပြင်လိုက်ပေမယ့် ကားကိုမှီပြီးရပ်စောင့်နေတာမို့ မသိချင်ယောင်ဆောင်လိုက်တယ်။ ကျွန်တော့်ကို ကိုယ်ပိုင်ကားစီးပြီး ကျောင်းကိုလာစောင့်ပေးတာထက် YBSစီးလာပြီး လာစောင့်နေပေးတာကို ကျွန်တော်ပိုသဘောကျတယ်။
မုန်းအနားကိုရောက်တော့ ကျွန်တော်နှုတ်မဆက်ဘဲ မသိချင်ယောင်ဆောင်ပြီး လှည့်ထွက်လာခဲ့လိုက်တယ်။ မုန်းငိုမဲ့မဲ့ဖြစ်ကျန်ခဲ့မယ်ဆိုတာကို လှည့်မကြည့်ဘဲသိတယ်။ ဒါပေမဲ့ ကျွန်တော့်မာနက မုန်းကို အလျှော့မပေးနိုင်ဘူးဖြစ်နေတယ်။
“ဟဲ့ အလင်း။ ဘယ်သွားမလို့လဲ။ ဒီမှာမုန်းနင့်ကိုစောင့်နေတာလေ”
နွေဘယ်လောက်ပဲ အော်ခေါ်နေပါစေ ပြန်လှည့်ကြည့်မလာတဲ့ အလင်းကြောင့် အလင်းနောက်ကို အမြန်ပြေးပြီး လိုက်ခဲ့ရပါတော့တယ်။ အလင်းနောက်ကို ပြေးမလိုက်ခင် မုန်းကိုလည်း မေးရသေးတယ်။
“မုန်း အလင်းဘာဖြစ်တာလဲ မသိဘူး။ ငါအလင်းနောက် လိုက်မေးလိုက်ဦးမယ်။ နင်တို့ ရန်ဖြစ်ထားသေးလား”
“ဟင့်အင် မဖြစ်ပါဘူး”
မုန်းငိုမဲ့မဲ့လေးပြောလိုက်တော့ နွေက ချော့ရှာပါတယ်။
“မငိုနဲ့မုန်းလေး လိမ္မာတယ် မငိုနဲ့နော်။ အိမ်မှာစောင့်နေပေးနော်။ ငါအလင်းကိုခေါ်ပြီး ပြန်လာခဲ့မယ်”
“အင်း”
မုန်းကိုချော့ပြီးတော့ အလင်းနောက်ကို အမြန်ပြေးလိုက်ခဲ့ရတယ်။ အလင်းအနားကိုရောက်တော့ ဒေါသထွက်နေတဲ့ မျက်နှာကြီးနဲ့မို့ နွေမေးကြည့်ရတော့မှာပဲ။
“ဘာဖြစ်တာလဲအလင်း။ မုန်းက နင့်ကိုလာကြိုတာကို နင်ကမုန်းလေးကို တစ်ချက်လေးတောင် လှည့်ကြည့်မသွားဘူး။ ဘာဖြစ်တာလဲ ငါ့ကိုပြော”
“ငါဆီကို ကားနဲ့လာကြိုတာကို ငါမကြိုက်ဘူးနွေ”
“နင်ကလည်းဟာ ဘာမဟုတ်တာလေးကို စိတ်ဆိုးရလား”
“နင့်အတွက်တော့ ဘာမဟုတ်တာလေးပေမယ့် ငါ့အတွက်တော့ ငါ့မာနကို ထိခိုက်တယ်နွေ။ နင်သိပါတယ် ငါ့အကြောင်းကို။ ငါ မုန်းအခုနေနေတဲ့ တိုက်ခန်းကိုတောင် အကြောင်းမရှိဘဲ မသွားဘူးဆိုတာ။ ဒီနေ့ဒီအချိန်ထိ ငါမုန်းအခန်းမှာ နှစ်ညပဲအိပ်ဖူးသလို အဲ့ဒီကိုလည်း လေးခါပဲသွားခဲ့ဖူးတာ။ အဓိကက သူ့အဖေနဲ့ပတ်သက်တဲ့ အရာမှန်သမျှနဲ့ ငါကင်းအောင်နေချင်တယ်။ သူ့ကိုတောင် ငါလုံးဝမကင်းနိုင်လို့ မချစ်ဘဲမနေနိုင်လို့ ပတ်သက်နေတာ။ ဖြစ်နိုင်ရင် သူ့ကို သူ့အဖေရဲ့သားတောင် မဖြစ်စေချင်ဘူး”
ဪ . . အလင်းရယ် ကလေးဘဝကပြောခဲ့တဲ့ စကားတစ်ခွန်းကို ဒီလောက်တောင်မှတ်ထားပြီး ဒီအချိန်ထိ နာကျင်နေတုန်းပဲလား။ ဟိုက သူပြောခဲ့တဲ့စကားကို မေ့တောင်နေလောက်ပြီ။
“နင်ကလေ အမှတ်အတေး အရမ်းကြီးသလို မာနလည်း အရမ်းကြီးတာပဲ အလင်းရယ်”
“မုန်းနဲ့ပတ်သက်ရင် ငါ့မှာ မာနလေးပဲ ချမ်းသာလို့ပါ”
“ဘာပဲဖြစ်ဖြစ် မုန်းအရမ်းစိတ်မကောင်းဖြစ်နေတယ်။ ငါနင့်နောက်ကိုလိုက်လာတော့ မျက်ရည်လေးတွေလည်ပြီး ကျန်ခဲ့တယ်။ အိမ်ရောက်ရင်တော့ အကျိုးအကြောင်း ရှင်းပြလိုက်ပါဟာ။ မုန်းသနားပါတယ်”
“အေးပါဟာ။ ခုနက ငါအရမ်းစိတ်ဆိုးသွားလို့ပါ”
အလင်းနဲ့နွေ အိမ်ပြန်ရောက်တော့ မုန်းကပြန်ရောက်နှင့်နေခဲ့ပါပြီ။ အိမ်ထဲကိုဝင်တော့ မုန်းက အလင်းရဲ့ရင်ခွင်ထဲကို ပြေးဝင်လာတယ်။ အလင်း အလိုက်သင့်လေး ပြန်ဖက်ထားလိုက်တယ်။
“ကိုကို့ မုန်းဘာအမှားလုပ်မိလို့လဲဟင် အင့်. .ဟင့်. .ဟင့်”
ကျွန်တော့်ကလေးပေါက်လေး ခုလိုငိုနေတော့လည်း ကျွန်တော် စိတ်မကောင်းဖြစ်ရတယ်။ တစ်ခါတလေကြတော့ ကျွန်တော်က မုန်းဘက်ကိုမငဲ့ဘဲ မာနကို သိပ်ရှေ့တန်းတင်လွန်းပြီး အတ္တကြီးမိတယ်။ တောင်းပန်ပါတယ် ကိုကို့ကလေးပေါက်ရယ်။
“ကိုကို စိတ်မထိန်းလိုက်နိုင်လို့ပါကွာ။ ခုစိတ်မဆိုးတော့ဘူးနော် မငိုနဲ့တော့”
ပါးပြင်ပေါ်ကို စီးကျလာတဲ့ မျက်ရည်လေးတွေကို သုတ်ပေးပြီး နှုတ်ခမ်းလေးကို အနမ်းပေးလိုက်တော့ လူကို ပိုတိုးလို့ဖက်လာတယ်။
“မုန်းက ကိုကို့ကို လာကြိုတာကို ကိုကို့က မုန်းကိုတစ်ချက်လေးတောင် လှည့်မကြည့်ဘူး။ မမြင်ချင်ယောင်ဆောင်ပြီး လှည့်ထွက်သွားလို့ မုန်းဘယ်လောက်တောင် ဝမ်းနည်းရလဲ သိလားကိုကို”
“ဟုတ်ပါတယ်ကွာ ကိုကိုတောင်းပန်တယ်နော်။ ကိုကို အရမ်း စိတ်ဆိုးမိသွားလို့ပါကွာနော်။ တောင်းပန်ပါတယ် အသဲရယ်။ မငိုနဲ့တော့ကွာနော်။ ကိုကို့ကိုချစ်ရင် မငိုနဲ့တော့တိတ်”
မုန်းကိုချော့မြှူရင်း မျက်ရည်လေးတွေကို သုတ်ပေးတော့ လူကိုမျက်လုံးဝိုင်းလေးနဲ့ မော့ကြည့်ပြီး မေးခွန်းမေးလာတယ်။
“ကိုကိုက မုန်းကို ဘာလို့စိတ်ဆိုးရတာလဲ”
“ကိုကို့ကို ကားနဲ့လာကြိုလို့”
“မုန်းက ကားသစ်လေးရလို့ ကိုကိုနဲ့ အတူတူစီးချင်လို့လေ”
“ကိုကို့အကြောင်းကို မုန်းမသိတာလားကွာ”
“သိပါတယ်။ ဒါပေမဲ့ မုန်းကအပျော်လွန်ပြီး ကိုကိုနဲ့အတူတူစီးချင်တာနဲ့ မေ့သွားတာပါ”
“နောက်တစ်ခါဆို မမေ့ပါနဲ့မုန်းလေးရယ်။ ကိုကို့မှာ မုန်းနဲ့ပတ်သက်ရင် မာနလေးပဲ ချမ်းသာတာပါ။ မုန်းဖေဖေနဲ့ပတ်သက်တာမှန်သမျှ ကိုကိုမပတ်သက်ချင်ဘူးမုန်း။ ဒါပေမဲ့ မုန်းတစ်ယောက်ကတော့ ကိုကို့အတွက် ချွင်းချက်ပါ။ မုန်းသိတယ်မို့လား”
“ဟုတ်”
“အဲ့ဒါကြောင့် နောက်ဆို ကိုကို့ကိုလာကြိုရင် မုန်းအိမ်က ကားနဲ့ ဘယ်တော့မှ လာမကြိုနဲ့နော်”
“ဟုတ်ကိုကို မုန်းအဲ့ကားကို ဒီနေ့ကစပြီး လုံးဝမစီးတော့ဘူး”
“စီးတော့စီးပါ ကလေးပေါက်ရယ်။ ဖေဖေက စီးစေချင်လို့ ဝယ်ပေးထားတာကို။ မုန်းတစ်ယောက်တည်း အပြင်သွားတဲ့အခါ၊ ကျောင်းသွားတဲ့အခါ စီးပေါ့။ ကိုကိုနဲ့သွားရင်တော့ YBSပဲ စီးကျတာပေါ့”
“ဟုတ်”
ဘာကြောင့်မုန်းကားကို မစီးတာလဲလို့မေးရင် ပထမတစ်ချက်က မုန်းဖေဖေကြောင့် ဒုတိယတစ်ချက်ကတော့ မုန်းက ကျွန်တော့်ချစ်သူ ဖြစ်နေလို့ပါ။ တတိယကတော့ ကျွန်ဝောာ့်ရဲ့မာနကြောင့်ပါ။
မုန်းနဲ့ချစ်သူမဖြစ်ခင် ကလေးဘဝကတည်းက ကျွန်တော် မုန်းတို့အိမ်ကို အိမ်လည်မလိုက်သလို မုန်းကျွေးတာကိုလည်း မစားခဲ့ဘူး။ မုန်းပေးတာကိုလည်း ဘာတစ်ခုမှ မယူခဲ့ဘူး။ မုန်းကိုချမ်းသာလို့ပေါင်းတယ်လို့ အထင်မခံနိုင်သလို မုန်းကို ကပ်စားနေတယ်လို့လည်း အပြောမခံနိုင်ခဲ့လို့ပါ။ ခုလို ချစ်သူဘဝရောက်တော့ ပိုဆိုးတယ်။ မုန်းကို ချူစားနေတယ်။ မုန်းစည်းစိမ်တွေကိုမက်လို့ မုန်းအနားမှာ ကပ်နေတယ်လို့ အပြောမခံနိုင်ဘူး။ တစ်နေ့ မုန်းအဖေများ ကျွန်တော်တို့နှစ်ယောက် ချစ်နေတာကိုသိခဲ့ရင် မင်းငါ့သားကို စည်းစိမ်တွေကြောင့် ချစ်တာမို့လားဆိုတာမျိုး အပြောမခံနိုင်ဘူး။ ဒါ့ကြောင့် ကျွန်တော်ခုကတည်းက ကင်းအောင်နေတာပါ။
ပြီးတော့ ကျွန်တော်က ချစ်သူကိုမှီခိုရတဲ့သူ မဖြစ်ချင်ဘူး။ ကျွန်တော့်ကိုမှီခိုတာပဲ လိုချင်တာ။ ကျွန်တော့် အောင်မြင်အောင် ကြိုးစားပြီး မုန်းကို တိုက်နဲ့ကားနဲ့ ထားနိုင်အောင်ကြိုးစားမှာပါ။ ဒါကြောင့် ခုလောလောဆယ်တော့ မုန်းဖေဖေနဲ့ပတ်သက်တဲ့ ပစ္စည်းတွေနဲ့ဝေးဝေးမှာ နေပါရစေ။
***************
မုန်းတစ်ယောက်တည်း လှည်းတန်းစင်တာမှာ လိုအပ်တာတွေ လာဝယ်နေတုန်း အလင်းနဲ့မေရွက်ဝါကို တွေ့လိုက်ရတာမို့ အံ့ဩရပြန်ပါတယ်။ အလင်းပြောတော့ သူငယ်ချင်းတွေစုပြီး စာလုပ်မှာမို့ မုန်းနဲ့ဒီနေ့ မတွေ့တော့ဘူးလို့ပြောပြီး ခုကြတော့ မေရွက်ဝါနဲ့ အလင်းက ဒီကိုဘာလာလုပ်တာလဲ။
အတွေးတစ်ချိုနဲ့အတူ အလင်းကို မုန်းဖုန်းခေါ်ကြည့်လိုက်တယ်။
“ဟဲလို မုန်း”
“ကိုကို့ ခုဘယ်မှာလဲ”
“သူငယ်ချင်းတွေနဲ့ စာလုပ်နေတာလေ မုန်းရဲ့”
“စာက လှည်းတန်းစင်တာမှာ လာလုပ်တာပေါ့ အဲ့လိုလား”
အလင်းတကယ်တော့ ပြီးပြီးရော ပြောလိုက်တာပါ။ မုန်းဘယ်ကနေဘယ်လို သိသွားတာပါလိမ့်ဆိုပြီး ရှာကြည့်လိုက်တော့ အလင်းတို့ရပ်နေတဲ့အထပ်ရဲ့အောက်ထပ်ကနေ အလင်းကိုမော့ကြည့်ပြီး ဖုန်းပြောနေတဲ့မုန်းကို တွေ့လိုက်ရတယ်။ သွားပြီ ကျွန်တော်ပြီးပြီးရော ပြောလိုက်တာက ကျွန်တော့်ကို မုန်းပိုပြီးအထင်လွဲအောင် လုပ်လိုက်သလိုဖြစ်သွားပြီ။ ဖုန်းကိုချပြီး မုန်းဆီကိုပြေးသွားလိုက်တော့ မုန်းကလှည့်ထွက်သွားခဲ့ပါပြီ။
“ဟဲ့ အလင်း ဘယ်လဲ”
ရွက်ဝါရဲ့အမေးကို ပြန်မဖြေနိုင်တော့ဘဲ မုန်းနောက်ကို ပြေးလိုက်ခဲ့ရတယ်။
“မုန်း . . . မုန်းခဏလေး ကိုယ်ပြောတာကို နားထောင်ပေးဦး”
အလင်းဘယ်လောက်ပဲခေါ်ခေါ် မုန်းက လုံးဝပြန်လှည့်မကြည့်တော့ဘဲ ကားရှိရာဆီကို လျှောက်သွားပါတယ်။ မုန်းနောက်ကို အလင်းအမြန်ပြေးလိုက်ခဲ့ပြီး ကားတံခါးကိုဆွဲဖွင့်နေတဲ့ မုန်းရဲ့လက်ကို ဖမ်းဆွဲလိုက်တယ်။
“မုန်း ခဏလေးပါကွာ။ ကိုကိုပြောတာကို ခဏလေး နားထောင်ပေးပါဦးကွာ။ ပြီးမှ မုန်းကြိုက်သလို စိတ်ဆိုးကွာ နော်”
“ဖယ်. . .လွှတ် ငါ့လက်ကိုလွှတ်လိုက် ဘာမှ နားထောင်စရာမလိုဘူး အလင်း။ မင်းညာတာကို ငါကိုယ်တိုင်တွေ့ရတာ။ ရှင်းပြစရာမလိုဘူး လွှတ်”
အလင်းလက်ကိုခါထုတ်ပြီး ကားပေါ်တက်သွားတာကြောင့် အလျင်အမြန် ဖမ်းဆွဲထားပေမယ့် မမှီလိုက်ပေ။
“မုန်း စိတ်ဆိုးနေတဲ့အချိန် ကားမမောင်းပါနဲ့ကွာနော် . . မုန်းလေး . . . “
အလင်းဘယ်လောက်ပဲပြောပြော ကားကိုမောင်းထွက်သွားတဲ့ မုန်းကြောင့် ရင်တွေပူလောင်နေပါပြီ။ မုန်းက စိတ်ဆိုးတဲ့အချိန်ဆို မတ်တပ်ရပ်ဖို့တောင် ခက်ခဲတာကို ခုလိုကားမောင်းသွားတာမို့ လမ်းမှာ တစ်ခုခုဖြစ်သွားမှာကိုတွေးပြီး စိတ်ပူပါတယ်။ ငိုလည်း ငိုနေတာမို့ ပိုပြီးစိတ်ပူရပါတယ်။
“ဟဲလို ရွက်ဝါ နင်ပြန်နှင့်လိုက်တော့နော်။ နွေ့ကို ငါပြန်သွားတယ်လို့ ပြောပေးဟာ။ ငါ့ပစ္စည်းတွေကိုပါ နွေ့ကိုပြန်ယူလာဖို့ ပြောပေးပါ”
ရွက်ဝါကိုပြောပြီးတာနဲ့ တွေ့ရာ Taxi ကိုလှမ်းတားပြီး မုန်းနောက်ကို လိုက်ခဲ့ရပါတော့တယ်။
မုန်း အလင်းတို့အိမ်ကိုရောက်တော့ မေနဲ့တီသဲကို အော်ခေါ်ပြီး အော်ငိုလိုက်ပါတော့တယ်။
“မေ . . တီသဲ . . မေ အီးးဟီးးဟီးး”
“ဟယ် တီ့သားလေး ဘာဖြစ်လာတာလဲ”
“သားဘာဖြစ်လာတာလဲ မေ့ကိုပြော။ မထိတ်သာ မလန့်သာ ရှိလိုက်တာ သားရယ်”
“မေ့သား အလင်းဖောက်ပြန်နေတယ်”
“ဟမ် ဗုဒ္ဓေါ ဘာဖြစ်လာလို့လဲသား။ တီ့ကိုသေချာပြော”
“ရွက်ဝါနဲ့အလင်းနဲ့ ဖောက်ပြန်နေတာ”
“မဟုတ်လောက်ပါဘူး သားလေးရယ်။ ရွက်ဝါဆိုတာ သူ့သူငယ်ချင်း မဟုတ်ဘူးလား”
“မဟုတ်ဘူးမေရဲ့။ သူငယ်ချင်း သူငယ်ချင်းနဲ့ ခိုးစားနေတာ။ မေ့သားပြောတော့ ဒီနေ့ သားနဲ့မတွေ့နိုင်ဘူးတဲ့။ အိမ်မလာနဲ့တော့တဲ့။ သူစာသွားမေးရမှာမို့လို့တဲ့”
“ဟုတ်တယ်လေသားရဲ့။ အလင်းနဲ့နွေနဲ့ ကျောင်းကို စာသွားမေးကြတယ်လေ”
မေက မုန်းစကားကို ဖြတ်ပြောလာတော့ မုန်းမြင်ခဲ့တာကို မေ့ကို ပြန်ပြောပြလိုက်တယ်။
“မဟုတ်ဘူးမေရဲ့။ ကျောင်းကိုသွားတဲ့သူက ရွက်ဝါနဲ့လှည်းတန်းကို နှစ်ယောက်တည်း ဘာလာလုပ်တာလဲ။ သား သူတို့နှစ်ယောက်ကို တွေ့လိုက်လို့ ဖုန်းဆက်မေးတာကို စာမေးနေတယ်ဆိုပြီးညာတယ်။ သားရှေ့တည့်တည့်မှာ နှစ်ယောက်ရပ်နေပြီး ညာပြောတယ်။ ရှေ့မှာရပ်နေတဲ့သားကို မမြင်နိုင်လောက်အောင် မိုးမမြင်လေမမြင် ဖြစ်နေကြတာလေ။ သူပြောတော့ ညာတာမကြိုက်ဘူးဆိုပြီး သားကိုညာတယ် မေရဲ့ အီးးဟီးးဟီးး”
“ဒါတော့ နင့်သား တော်တော်လွန်သွားပြီ ရတနာ။ သူမှန်တယ်ဆိုရင် ဘာညာစရာလိုလဲ။ ငါလည်း မုန်းဘက်ကနေ စိတ်ဆိုးတယ်။ သားပေါက်လေး မငိုနဲ့။ သားဘက်မှာ တီသဲရှိတယ်”
“နေပါဦး မသဲရယ်။ ငါ သားလာရင် သေချာမေးကြည့်ပါဦးမယ်”
“အေး မေး။ သေချာမေး”
တီသဲကပါ မုန်းဘက်ကနေ စိတ်ဆိုးနေတာမို့ မုန်းကျေနပ်ပါတယ်။ တီသဲက ရင်ခွင်ထဲထည့်ထားပြီးချော့နေတာမို့ ပိုပြီး ရှိုက်ကြီးတငင် အော်ငိုလိုက်မိပါတော့တယ်။ လူတွေက ချော့မှ ပိုဝမ်းနည်းပြီး ပိုငိုတယ်ဆိုတာ အမှန်ပဲ။ တီသဲချော့တော့ မုန်းလည်း ပိုပြီးဝမ်းနည်းလာတယ်။
ခဏအကြာမှာတော့ အလင်းအိမ်ပြန်ရောက်လာပြီး အိမ်ထဲကို ဝင်လိုက်တော့ တီသဲရင်ခွင်ထဲမှာ အော်ငိုနေတဲ့မုန်းကို တွေ့လိုက်ရတယ်။ တီသဲကလည်း အလင်းကို ဒေါထွက်နေတဲ့မျက်နှာနဲ့ ကြည့်နေပြီး မေကလည်း စိတ်ဆိုးနေသလိုပါပဲ။ ဟိုချွန်တွန်းလေးက မေမေတို့ကို ပြောလိုက်ပြန်ပြီနဲ့တူပါတယ်။ မေမေတို့ တီသဲတို့ဆိုတာကလည်း မုန်းမပြောလိုက်နဲ့ ပြောလိုက်တာနဲ့ မုန်းအမှန်ပဲ။ စိတ်ညစ်တယ်တကယ်။ ငါလည်း ဘာလို့ ညာပြောလိုက်မိပါလိမ့် ဒီပါးစပ်က။
“ကဲပြောပါဦး အလင်း။ သားနဲ့မေရွက်ဝါက ဘာတွေလဲဆိုတာ”
“ဘာမှ မဟုတ်ပါဘူး မေမေရယ်”
“ဟဲ့ ဘာမဟုတ်ဘဲ ငါ့သားလေးက ဝမ်းပမ်းတနည်းနဲ့ ငိုပြီးပြန်လာမလားဟဲ့”
တီသဲက ဝင်ပြောလိုက်တော့ အလင်းမှာ ဘာပြန်ပြောရမှန်းတောင် မသိတော့ပါ။ သူ့သားလေးက ဘာလေးပဲဖြစ်ဖြစ် အမြဲငိုနေတာကြ ထည့်မပြောဘူး။
“မဟုတ်ပါဘူးဆို တီသဲရာ။ သားနဲ့ရွက်ဝါက ဈေးလာဝယ်တာပါ”
“ဈေးလာဝယ်တာဆို မင်းငါ့ကို ဘာလို့ညာလဲ။ မင်းပဲ ညာတာ မကြိုက်ဘူးဆို။ ဘာလို့ညာလဲပြော”
မုန်းက တီသဲရင်ခွင်ထဲကနေ အလင်းကို လှမ်းပြီးရန်တွေ့နေပါတယ်။
“ဟ ငါက ဒီတိုင်းဘာရယ်မဟုတ်ဘူး ပြီးပြီးရော ပြောလိုက်တာ”
“ဘာကို ဘာရယ်မဟုတ် ပြီးပြီးရောလဲ”
“ရွက်ဝါနဲ့အပြင်မှာလို့ ပြောလိုက်ရင် မင်းစိတ်ပူနေမှာဆိုးလို့လေကွာ မုန်းရာ”
“မင်းကို အဲ့ဒီမေရွက်ဝါနဲ့ တတွဲတွဲလုပ်တာ မကြိုက်ပါဘူးလို့ ပြောထားတယ် မဟုတ်ဘူးလား။ ပြောထားရက်နဲ့ ဘာလို့ အတူတူတွဲပြီး ထွက်လာလဲ”
“တီချယ်က အားလုံးစားဖို့ မုန့်သွားဝယ်ဖို့ပြောလို့ ငါကထွက်လာတာ။ ရွက်ဝါက လက်ဆောင်ဝယ်စရာရှိလို့ဆိုပြီး လိုက်လာတာ။ အဲ့ဒါကို မင်းဖုန်းဆက်တဲ့အချိန် ငါက ရွက်ဝါနဲ့အပြင်မှာလို့ပြောရင် စိတ်ပူနေမှာဆိုးလို့ ဒီတိုင်းညာလိုက်တာ”
“မင်းကိုယ်မင်း လိပ်ပြာလုံရင် ညာစရာမှမလိုတာ”
မုန်းပြောလိုက်တော့ တီသဲနဲ့မေက ခေါင်းငြိမ့်ပြီး ထောက်ခံတယ်။ ထိုအချိန်မှာပဲ ရှားက အိမ်ကိုရောက်ချလာပါတယ်။
“ဘာတွေဖြစ်နေကြတာလဲ”
“နင့်သူငယ်ချင်းပေါ့ ငါ့ကိုရွက်ဝါနဲ့ သဝန်တိုပြီး ပြသနာရှာနေတာ”
“ဟယ်”
“ဘာပြသနာရှာတာလဲ။ မင်းညာလို့လေ မင်းမညာရင် ပြသနာဖြစ်စရာလားပြော”
“အေး ငါလည်းပြောပါဦးမယ်။ မင်းတို့ပြောတော့ ရွက်ဝါနဲ့ရှားနဲ့ ကြိုက်နေတာဆို။ အဲဒါကို ငါနဲ့ ဘာကို သဝန်တိုစရာရှိလဲ”
“ဟယ် ဗုဒ္ဓေါ ငါက ဘယ်က ပါလာရတာတုန်း။ ငါလာမိတာ မှားပြီလားဟင်”
ရှားဟာလေ အတွဲတွေရန်ဖြစ်ချိန်ဆို အမြဲတမ်း ဆိုက်ဆိုက်မြိုက်မြိုက်ကို ရောက်သွားတတ်တယ်။ ငါလေး အတော်ကံဆိုးတာပဲ။
“နင်နဲ့ရွက်ဝါနဲ့ ကြိုက်နေတယ်ဆိုလည်း မုန်းကိုပြောပြလိုက်ဟာ။ ငါ့ကို ဘာမဟုတ်တာနဲ့ ပြသနာရှာနေတယ်”
“ဟမ် ငါက ရွက်ဝါနဲ့ ဘာလို့ကြိုက်ရမှာလဲ။ ရွက်ဝါက ငါ့အစ်ကိုဝမ်းကွဲနဲ့ ကြိုက်နေတာလေ။ သူတို့နှစ်ယောက်ကို အိမ်ကသဘောမတူလို့ တွေ့လို့မရလို့ ငါကကူညီပေးတာပါဟယ်”
“အေး ခုရွက်ဝါမှာ ရည်းစားရှိတယ်မို့လား”
“အေးလေ ရှိတယ်။ ရွက်ဝါရည်းစားက ငါ့အစ်ကိုဝမ်းကွဲလေ”
“အေး ကြားလားမုန်း။ သဝန်တိုစရာမရှိ ကြံဖန်ပြီး သဝန်တိုမနေနဲ့။ တကယ်ပဲ အဲ့အကြောင်းနဲ့ပတ်သက်ပြီး ပြသနာတက်ရတာလောက် စိတ်ညစ်တာမရှိဘူး”
“စိတ်ညစ်နေပြီပေါ့။ ခုတော့ စိတ်ကုန်နေပြီမို့လား။ ငါနဲ့တွဲရတာ အရမ်းစိတ်ညစ်နေရင်လည်း လမ်းခွဲလိုက်”
“မုန်းမာန်”
“အမလေး”
“အမေ့”
“အမလေး”
လမ်းခွဲစကားပြောလာတဲ့ မုန်းကို စိတ်တိုပြီးအော်လိုက်တော့ ဘေးကလူတွေလည်း အကုန်လန့်သွားပါတော့တယ်။ မုန်းလည်းလန့်ပြီး တုန်သွားပါတယ်။
“ဟဲ့ ကလေးကို ဘယ်လိုကြီးခေါ်ပြီး ဘယ်လိုတောင်အော်လိုက်တာလဲ။ လန့်လိုက်တာ”
မေမေကပြောတော့ ရှားကပါ ထောက်ခံစကား ဝင်ပြောပါတော့တယ်။
“အေးဟယ် အလင်းရယ် လန့်သွားတာပဲ။ နင်ကလည်း ဘာလို့အော်လိုက်တာလဲ”
မုန်းကတော့ သူ့ကိုအော်လိုက်တာမို့ တက်မတတ် ချက်မတတ် ငိုနေပါတော့တယ်။ မုန်းငိုတာမြင်တော့ တီသဲက အလင်းကို ဆူပါတော့တယ်။
“ဟဲ့ နင်က ဘာတွေမှန်တာလုပ်ထားလို့ ကလေးကို အော်ရတာလဲ”
“အေးလေ သားရယ်။ ကလေးကို ဘာလို့ အော်လိုက်တာလဲ”
“မေမေ့သားက သားဒီလောက်ရှင်းပြနေတာကို ဘာလို့ လမ်းခွဲစကားပြောလဲ။ ကြီးကြီးကျယ်ကျယ်ဖြစ်တဲ့ ပြသနာလည်း မဟုတ်ဘဲနဲ့ လမ်းခွဲစကားပြောစရာလား။ သားကို အဲ့လို လမ်းခွဲစကားပြောတာ သားမကြိုက်ဘူးမေမေ။ သားသူ့ကို လမ်းခွဲဖို့ ချစ်ထားတာမဟုတ်ဘူး။ တစ်သက်လုံးအနားမှာထားပြီး အသက်ကြီးတဲ့ထိ အတူတူနေဖို့ လက်ထပ်ဖို့ထိ ရည်ရွယ်ထားတာ။ သားသေတဲ့အထိ သူနဲ့နေဖို့ ရည်ရွယ်ပြီးချစ်တာ။ အဲ့ဒါကို သူမို့လို့ လမ်းခွဲစကားကို လွယ်လွယ်ပြောထွက်တယ်”
“သူလည်း စိတ်ဆိုးလို့ပြောတာနေမှာပါ သားရယ်။ သားကခလေးကို စိတ်ညစ်တယ်လို့ ပြောလိုက်တာကိုး”
“လာ သားလေး။ အဲ့လိုလူမျိုးကြောင့်နဲ့ ငိုမနေနဲ့။ သားမောတယ်။ လာ သူ့ကို မခေါ်နဲ့ ထားလိုက်။ တီသဲအခန်းထဲ သွားမယ် လာ”
တီသဲက မုန်းကိုဆွဲခေါ်ပြီးထွက်သွားပါတယ်။ တီသဲ လုပ်တာနဲ့ပဲ မုန်းက ပိုဆိုးမှာ။
“အလင်းရယ် နင်ကလည်း မုန်းတအားဝမ်းနည်းသွားမှာပေါ့။ နင်အော်လိုက်တာ ငါတို့တောင်လန့်တယ်”
“စိတ်တိုလို့ပါဟာ။ လမ်းခွဲစကားပြောတာကို ငါမကြိုက်ဘူးဆိုတာ သိရက်နဲ့။ ခုကြည့် ဘာမဟုတ်တဲ့ကိစွလေးနဲ့ လမ်းခွဲစကားပြောတယ်”
“သားရယ် သားက ခလေးကို နားလည်ပေးရမှာပေါ့။ သားကိုညာရင် သားလုံးဝမကြိုက်ဘူးမို့လား။ အခု သားက သူ့ရှေ့တည့်တည့်ကြီးမှာ ညာလိုက်တာလေ သူစိတ်ဆိုးမှာပေါ့။ ခလေး စိတ်အေးသွားတဲ့အခါ သေချာချော့လိုက်ဦး”
“ဟုတ်မေမေ”
ရှားတစ်ယောက်ကတော့ အလင်းတို့ရန်ဖြစ်တာကိုကြည့်ပြီး လာရင်းကိစ္စတောင် မေ့ပြီးမပြောဖြစ်ခဲ့ဘဲ ပြန်လာခဲ့ရတော့တယ်။ မထူးပါဘူး နောက်မှ ဖုန်းဆက်ပြောလိုက်တော့မယ်။
အလင်းစုတ် သူလည်းမှားသေးတယ် လူကိုအော်တယ်။ မုန်းမာန်လို့လည်း ခေါ်တယ် အီးးးဟီးးဟီးးး။ သူ့ကိုညာရင်ကြ မကြိုက်ဘူး။ သူများကြ ဗြောင်လိမ်တယ် လူယုတ်မာကြီး။
*************
နောက်တနေ့မနက် ရောက်တော့ မုန်းကိုချော့ဖို့အတွက် တီသဲအခန်းထဲကနေ မုန်းထွက်လာမယ့်အချိန်ကို စောင့်နေလိုက်တယ်။ တီသဲအခန်းထဲကိုလည်း မသွားရဲဘူး။ မနေ့က ပြသနာဖြစ်ပြီးကတည်းက တီသဲက အလင်းကိုမခေါ်သလို မုန်းကိုလည်း မခေါ်ခိုင်းတာကြောင့် အလင်းမှာမုန်းလေးကို မျက်နှာချင်းဆိုင်ဖို့ အခွင့်မသာ ဖြစ်နေရတယ်။
မုန်းလေးက အပြင်ထွက်လာတာမို့ ဝမ်းသာအားရနဲ့ မုန်းရဲ့အနားကို ပြေးသွားလိုက်တယ်။
“မုန်းလေး ကိုကိုတောင်းပန်ပါတယ်နော်။ မနေ့က ကိုကိုခလေးပေါက်ကို အော်လိုက်မိတာ ကိုကိုမှားသွားပါတယ်နော်။ ကိုကို့ကို ဘာလုပ်ချင်လဲ။ ခလေးပေါက်စိတ်ကြိုက် လုပ်လေနော်”
“ငါ့နာမည် မုန်းမာန်ပါ အလင်းရောင်။ မုန်းလေးလည်း မဟုတ်သလို ခလေးပေါက်လည်း မဟုတ်ပါဘူး။ မင်းလူမှားနေပြီထင်တယ်”
“အသဲရာ ကိုကိုတောင်းပန်တယ်လေကွာနော်။ ကိုကို့ကို အဲ့လိုကြီး ပစ်ထားတော့ ကိုကိုမနေတတ်ဘူး။ နေလည်း မနေနိုင်ဘူး။ ကိုကို့ကို ခွင့်လွှတ်ပေးနော်”
ထိုစဉ် တီသဲက မုန်းကိုလှမ်းခေါ်ပါတော့တယ်။ ချော့လို့ အဆင်မပြေရတဲ့အထဲ တီသဲကပါ စကားကိုအပြောမခံတော့ ပိုဆိုးရပြီ။
“မုန်းလေးအဲ့မှာ ဘာလုပ်နေတာလဲ။ ဒီကိုအမြန်လာ။ မဟုတ်တဲ့သူတွေနဲ့ စကားရပ်ပြောမနေနဲ့ စာကျက်ရဦးမယ်။ လာ တီ့ဘေးနားကို”
တစ်နေ့လုံး တီသဲလစ်မယ့်အချိန်ကို စောင့်နေရသော်လည်း တီသဲနဲ့ လစ်တယ်ကို မရှိဘူး။
ညနေရေချိုးတော့ တီသဲလစ်ပြီအထင်နဲ့ မုန်းအနားကိုသွားကာ ထပ်ပြီးတောင်းပန်လိုက်တယ်။
“မုန်း ကိုကို့ကို စိတ်ဆိုးမပြေသေးဘူလားဟင်။ ကိုကိုနောက်ဆို မုန်းကို လုံးဝမအော်တော့ဘူးနော်။ မုန်းမာန်လို့လည်း မခေါ်တော့ဘူးလေ”
“မုန်းလေး ရေချိုးတာကြာတယ် မြန်မြန်လုပ်”
တီသဲက အော်ခေါ်ပြန်ပါပြီ။ ချော့မရတဲ့အထဲ တီသဲက ခဏလေးတောင် စကားပြောမခံဘူး။
ညနေဘက် နွေပြန်လာတော့ ရန်ဖြစ်တဲ့အကြောင်းစုံကို ရှင်းပြပြီး မုန်းကို ကူချော့ခိုင်းရတယ်။ မုန်းကို ကူချော့ဖို့သွားတဲ့နွေ့ကို တီသဲက မောင်းထုတ်လိုက်ပါတော့တယ်။ နောက်တစ်ကြိမ် နွေ့ကို အကူအညီတောင်းတော့လည်း တီသဲကိုကြောက်လို့ဆိုပြီး ကူညီမပေးဘူး။
မေမေ့ကို ကူပြောပေးခိုင်းတော့လည်းမရ။ မုန်းအနားကို ချော့ဖို့လာတဲ့သူဆို ဘယ်သူမှ မလာခဲ့နဲ့ဆိုပြီး တီသဲက မောင်းထုတ်ပါတယ်။ အပျိုကြီး အဲ့လိုကိုယ်ချင်းမစာတတ်လို့ အပျိုကြီး ဖြစ်နေတာ။
အလင်းက တစ်နေကုန်တစ်နေခမ်း တီသဲအလစ်ကို ခိုးခိုးပြီး မုန်းကို လာချော့ရှာပါတယ်။ တကယ်ဆို မုန်းလည်း စိတ်ဆိုးပြေနေပါပြီ။ တီသဲကိုကြောက်လို့ စိတ်ဆိုးမပြေရသေးတာပါ။ တီသဲကအလင်းကို အခုထိ စိတ်ဆိုးမပြေသေးပါဘူး။ ဖုန်းကလည်း တီသဲဘေးမှာမို့ လှမ်းမယူရဲဘူး။ အလင်းက Messageတွေ တောက်လျှောက် ပို့နေရှာပါတယ်။ တစ်အိမ်တည်းနေပြီး လွမ်းနေရတယ် အဟင့်။ အလင်းကို မုန်းလည်းလွမ်းတယ်။
ဘာလိုလိုနဲ့ ဒီနေ့နဲ့ဆို ရန်ဖြစ်တာ နှစ်ရက်ရှိပါပြီ။ မုန်းဘေးနားမှာ တီသဲက တစ်နေကုန်ရှိနေသလို အနားကလည်း ပေးမသွားတာကြောင့် တစ်နေကုန် တစ်နေခမ်း ထိုင်ကာလွမ်းနေရပါတယ်။ မြင်သာမြင် မကြင်ရတဲ့ဘဝနဲ့ မုန်းပေါက်လေးကို လွမ်းလိုက်တာ။
အားးး မုန်းဘယ်လိုမှ မနေနိုင်တော့ပါဘူး။ အလင်းကို တွေ့ချင်နေပါပြီ။
“အဟင့် ကိုကို့။ မုန်းကို လာခေါ်ပေးပါကိုကို”
တီသဲကို ကြည့်လိုက်တော့ အိပ်ပျော်နေပြီလို့ ထင်ရတာကြောင့် မုန်းခြေသံဖွဖွလေးနင်းပြီး အလင်းဆီကိုသွားဖို့ ခိုးထွက်လိုက်တယ်။
မုန်းခိုးထွက်သွားတော့ တီသဲပြုံးလိုက်မိတယ်။ ဘာမဟုတ်တာလေးနဲ့ ရန်ဖြစ်နေတာမို့ သက်သက်အမြင်ကပ်လို့ နောက်ရန်မဖြစ်ရဲအောင် လုပ်ပေးလိုက်တာပါ။ ခုလောက်ဆို နှစ်ယောက်လုံး နောင်ကျဉ်သွားလောက်ပြီ။ တီသဲ သဘောတကျပြုံးလိုက်ရင်း အိပ်စက်လိုက်တော့တယ်။ ကလေးတွေ အမြဲတမ်း ဒီ့ထက်ပိုပြီး ချစ်နိုင်ပါစေ။
“ကိုကို့”
“ဟင် ခလေးပေါက်”
မုန်းလေးက အခန်းထဲကိုဝင်လာပြီး အလင်းရင်ခွင်ထဲကို အတင်းတိုးဝင်လာကာ ဖက်ထားပါတယ်။
“အဟင့်. . .ဟင့် ကိုကို့ကိုလွမ်းတယ်။ နောက်တစ်ခါဆို မုန်းတို့ ရန်မဖြစ်တော့ဘူးနော်။ မုန်းလည်း စိတ်မကောက်တော့ဘူးနော်”
ရင်ခွင်ထဲကနေ တရှုံ့ရှံ့ငိုနေတဲ့ ကျွန်တော့်ရဲ့ချစ်သဲညှာလေး။
“ကိုကိုလည်း မုန်းကို နောက်တစ်ခါ မအော်တော့ဘူးနော်။ မုန်းလေးကလည်း နောက်ဆို ကိုကိုလုံးဝမကြိုက်တဲ့ လမ်းခွဲစကားကို ဘာအကြောင်းကြောင့်နဲ့မှ မပြောရဘူးနော်။ ကိုကိုတို့ ဘယ်လောက်ပဲ ရန်ဖြစ်ဖြစ် ဘယ်လောက်ပဲ ပြသနာတက်တက် ဘယ်လိုအကြောင်းတွေပဲရှိရှိ လမ်းခွဲစကားမပြောကြရအောင်။ ဘယ်တော့မှလည်း လမ်းမခွဲရအောင်နော်။ ဘာပြသနာပဲရှိလာရှိလာ တစ်ယောက်ကိုတစ်ယောက် နားလည်ခွင့်လွှတ်ပေးပြီး သေတဲ့အထိ အတူတူနေကြမယ်။ ဒါကြောင့် လမ်းခွဲစကားကို လုံးဝမပြောရဘူး”
“ဟုတ်ကိုကို မုန်းလည်းတောင်းပန်ပါတယ်။ ကိုကို့ကို စိတ်ဆိုးမိခဲ့လို့။ လမ်းခွဲစကားပြောခဲ့မိလို့ တောင်းပန်ပါတယ်နော်”
“အရမ်းချစ်တယ် အသဲပေါက်လေးရယ်”
“မုန်းရောပဲ”
ထို့နောက်မှာတော့ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် အနမ်းတွေပေးရင်း အနမ်းတွေမှတစ်ဆင့် အားကောင်းသော မုန်တိုင်းငယ်ဆီသို့ ဦးတည်လိုက်ကြတယ်။ တစ်အိမ်တည်းနေပြီး နှစ်ရက်တောင် လွမ်းနေခဲ့ရတာမို့လား အတိုးချပြီး ချစ်ကြတော့မှာပေါ့။
ထိုနေ့ညက ကောင်လေးနှစ်ယောက်လုံး မမောနိုင်မပန်းနိုင် နပန်းလုံးရင်း အကြိမ်ကြိမ်အခါခါ သာယာမှုများဆီသို့ . . . . .။
YOU ARE READING
မုန်းရဲ့အလင်းရောင်