အပိုင်း - ၃ { မိတ်ဆွေဟောင်းအဖြစ် ဆက်ရှိနေမြဲ }

6K 1K 45
                                    

အပိုင်း - ၃

( မိတ်ဆွေဟောင်းအဖြစ် ဆက်ရှိနေမြဲ)

ပြာမှုန့်အဖြစ် ဘဝပြောင်းသွားခဲ့မည်ဆိုလျှင်တောင် ထိုအသံကို ကျင်ချီး နားကြားမလွဲနိုင်ပါချေ။

မေ့လျော့ခြင်းမြစ်၏ကမ်းနံဘေးတွင် ရှိနေစဥ် ပိုင်ဝူချန်ဆီမှ " ဟယ့်လျန်ရိ" ဟူသော အမည်ကို ကြားလိုက်ရသော်လည်း သူ့စိတ်အား ရှုပ်ထွေးနောက်ကျိစေနိုင်ခြင်း မရှိခဲ့။ ကုန်ဆုံးခဲ့ပြီးသော အချိန်ကာလများအတွင်း အရာရာတိုင်းကို မေ့ဖျောက်ပစ်ရန် သူ အပြင်းအထန် ကြိုးစားအားထုတ်ခဲ့သောကြောင့် ထိုအမည်နာမကို သူ့မှတ်ဉာဏ်၏အနက်ရှိုင်းဆုံးတစ်နေရာတွင် ပြန်လည်တူးဖော်၍မရနိုင်အောင် မြှုပ်နှံပစ်လိုက်ပြီးပြီဖြစ်၏။

သို့ရာတွင် ထိုသူ၏အသံကို ကျင်ချီး မှတ်မိနေသေးသည်၊ ထိုသူ၏ အပြုအမူသေးသေးလေးများကို မှတ်မိနေသေးသည် ၊ ထိုသူ၏လက်ချောင်းများ မိမိ၏နဖူးပြင်သို့ လာရောက်ထိတွေ့တတ်သည့် အချိန်များကို မှတ်မိသေးသည်။ ထို့အပြင် မိမိ၏ဆံနွယ်စများကို ထိတွေ့လာတတ်သည့် အကျင့်ကိုလည်း ထိုသူက ထိန်းချုပ်ရပ်ဆိုင်းနိုင်ဟန်မပေါ်။

ထိုအရာအားလုံးက ကျင်ချီး၏ရိုးတွင်းချဥ်ဆီထဲထိတိုင် ထိုးဖောက်ဝင်ရောက်ကာ အမြစ်တွယ်နေခဲ့ဟန်ရသည်။

ဟုတ်ပါသည်လေ၊ ထိုစဥ်တုန်းက ဟယ့်လျန်ရိအပေါ် မပြီးပြတ်မဖြတ်တောက်နိုင်သော နှောင်ကြိုးအတွယ်အတာမျိုးသာမရှိခဲ့လျှင် သုံးဘဝကျောက်တုံးဘေးနား နှစ်ခြောက်ဆယ်တိုင် ထိုင်နေခဲ့ရသည့် အရှင်ခုနစ်ဆိုသည်မှာလည်း ရှိလာခဲ့မည်မဟုတ်ပေ။ ရံဖန်ရံခါတွင် ကျင်ချီး ထိုအတွေးမျိုး တွေးဖူးခဲ့ပါသည်။

ဝဋ်ကြွေးနှောသောကံကြမ္မာဟူသည် မိမိနေအိမ်မှထွက်ထွက်ချင်း ငှက်ချီးသင့်သည့် အဖြစ်နှင့် ပုံပမာနှိုင်းယှဥ်၍ရနိုင်သည်။ ထိုအဖြစ်ဆိုးကို ရှောင်လွှဲရန် ဦးနှောက်ကို အရည်ထွက်အောင်ညှစ်ပြီး နည်းလမ်းမျိုးစုံ တွေးဆကြံစည်ထားသည့်တိုင်၊ ဘယ်ကနေထွက်လာမှန်းမသိရသော ငှက်တစ်ကောင် ရှ ပေါ်ကိုပေါ်လာမည်ဖြစ်ကာ ခြုံခိုတိုက်ခိုက်လာသော ရန်သူတစ်ယောက်ပမာ အကြင်သူ၏ဦးခေါင်းကို သေချာရွေးချိန်ပြီးစင်ကြယ်လှသောအတုံးလေးတစ်တုံးကို အနှေးနှင့်အမြန် ပါချလိုက်မည်သာဖြစ်သည်။ ထို့နောက် ကံဆိုးမိုးမှောင်ကျခြင်းက ထိုသူ၏နောက်သို့ အရိပ်မည်းပမာ လိုက်ပါကပ်ငြိလာသည်ဟု အထင်ရောက်စေမည်ဖြစ်၏။

အရှင်ခုနစ် Where stories live. Discover now