အပိုင်း - ၄၀ { နန်းမြို့တော်သို့ နွေဦးဂိမှာန် ရောက်ရှိလာခြင်း }

3K 727 62
                                    

အပိုင်း - ၄၀

{ နန်းမြို့တော်သို့
နွေဦးဂိမှာန် ရောက်ရှိလာခြင်း }

နွေဦးဂိမှာန်မှာ နန်းမြို့တော်ထဲသို့ တိတ်တဆိတ် တိုးဝင်လာခဲ့သည်။ အေးစိမ့်စိမ့်အငွေ့အသက်များ ကျန်ရှိနေဆဲဖြစ်သော်လည်း အအေးဓာတ်များ အတော်လေးလျော့ပါးသွားခဲ့ပေပြီ။ နွေဦးရာသီက အအေးဓာတ်ကို အနွေးဓာတ်သို့ ချက်ချင်းပြောင်းလဲပေးလိုက်သော်လည်း နောက်တစ်ကြိမ် ပြန်အေးသွားပြန်၏။ ဥတုရာသီနှစ်ခုမှာ သူတစ်ပြန်ကိုယ်တစ်ပြန် အားချင်းယှဥ်ပြိုင်နေကြသည်။

နဂါးပလ္လင်ရှိရာခန်းမကြီးမှ ကျင်ချီးထွက်လာလိုက်သည်နှင့် သူ့မျက်နှာပေါ်ရှိ အမူအရာများကလည်း ချက်ချင်းပပျောက်သွားသည်။ ထို့နောက် ဝေါယာဥ်စီးကာ စံအိမ်တော်သို့ တန်းပြန်လာခဲ့သည်။

အရင်တုန်းကမူ သူများထက်အရင် လက်ဦးအောင် သူ လုပ်ဆောင်တတ်ကြောင်း ပြန်လည်တွေးဆနေခဲ့သည်။ ဤနှစ်များအတွင်း မိမိမှာ မိမိအရည်အချင်းအစစ်ကို လူအများမသိအောင် လျို့ဝှက်သိပ်သည်းစွာနေခဲ့သည်။ ညီလာခံသဘင်မှ လူအများစုသည်လည်း မိမိအား လူ့ပေါ်ကြော့မင်းသားလေးဟုသာ သဘောထားခဲ့သည်။ သို့သော် ကျန်ကျုံးက မတည်ငြိမ်မှုများအား လာမွှေနှောက်လိုက်သောအခါ သူ၏ရွေ့လျားမှုများမှာ ရှေ့မှောက်တွင်ဖြစ်စေ နောက်ကွယ်တွင်ဖြစ်စေ လူအများ လျစ်လျူရှု၍ရမည့် သေးသေးမွှားမွှားကိစ္စများ မဟုတ်တော့ပါ။ ယခု လျန်ကွမ်အရေးကိစ္စ၌ဆိုလျှင် သူ့အား ပိုပြီးအာရုံစိုက်လာကြလိမ့်မည်။

သူ သီချင်းသီဆိုလိုပါလျှင် သူ၏ပထမဆုံးသောသီချင်းမှာ တစ်ကမ္ဘာလုံးကိုပင် အံ့ဩသွားစေခဲ့မည်ဟု ချူပြည်ထောင်၏ဧကရာဇ်က ပြောခဲ့ဖူးသည်။ ထိုအဖြစ်များက ကိုယ်တိုင်ကြုံတွေ့ရမှသာလျှင် အားပေးစကားများထက် ပိုဆိုးနေမှန်း သိရပေမည်။

တစ်နေ့ကျလျှင် ရေကြည်ရေသန့်များက ဆုတ်ခွာသွားကြပေလိမ့်မည်။ ကျင်ချီးက အစေခံများကို ပြန်လွှတ်လိုက်ကာ စာကြည့်ခန်းထဲတွင် တစ်ယောက်တည်း ခဏတဖြုတ် ထိုင်နေခဲ့သည်။ သူ့လည်တိုင်ထက် ချိတ်ဆွဲထားသည့်၊ သူ့အား ဝူးရှီးပေးထားသည့် ကျောက်စိမ်းလက်စွပ်ကို ပွတ်သပ်ရင်း ဆော့ကစားနေလို့။ ဟယ့်လျန်ဖေ့၏ပြောစကားအရ ဤအချိန်မှာ မိမိဘက်မှ နောက်ဆုတ်ဖို့ရန် အချိန်ကျပြီဖြစ်ကြောင်း ကျင်ချီး တွေးလိုက်သည်။ ဤတိုင်းပြည်မှာ ဟယ့်လျန်မျိုးရိုး၏အပိုင်သာလျှင် ဖြစ်ပေသည်။ အချို့သောကိစ္စများတွင် မီးအားပိုကောင်းလာအောင် ဆီလောင်းထည့်ပေး၍ရသော်ငြား သူတို့နှင့်အတူ စင်မြင့်ထက်သို့ တက်သွားနေဖို့ရန်တော့ မလိုအပ်ခဲ့ပါချေ။

အရှင်ခုနစ် Where stories live. Discover now