အပိုင်း - ၁၃ { ညီနောင် ဝူးရှီး }

4.2K 864 86
                                    

အပိုင်း - ၁၃

{ ညီနောင် ဝူးရှီး}

ပွင့်ပွင့်လင်းလင်းပြောရစတမ်းဆိုလျှင် ဤဟယ့်လျန်ချီဟူသောလူထံမှ ထူးဆန်းသောမိစ္ဆာနတ်ဆိုး အငွေ့အသက်တစ်မျိုး ဖြာထွက်နေ၏။

ထိုသူသည် သာယာပျော်ရွှင်ဖွယ်ကောင်းသော ဘဝမျိုးတွင် နေထိုင်ရင်း အင်မတန်မှပေါများသော အားလပ်ချိန်များရှိနေဟန်ရကာ တွေ့ကရာလူများနှင့် ရှုပ်ထွေးပတ်သက်နေတတ်သည်။ ဤမျှရှည်ကြာသောနှစ်ပေါင်းများစွာအတွင်း သူ့နောက်တော်ပါး ထပ်ကြပ်မကွာ လိုက်ပါခဲ့သောသူမှာ သစ်ကိုင်းခြောက်တစ်ချောင်းပမာ ပိန်လှီလှစွာသော အရိုးပေါ်အရေတင်ခန္ဓာကိုယ်ရိှသည့် တောက်ဘုန်းတော်အိုကြီးတစ်ပါးသာဖြစ်သည်။

ထိုဘုန်းတော်ကြီး၏ မျက်ဝန်းများကလည်း သူတစ်ပါးကိုအထင်သေးသောအကြည့်များဖြင့် ပြည့်နေကာ ချွန်မြသောမေးစေ့ကလည်း ဆောက်သွားနှင့် သိပ်တောင်မကွာလှ။ သူ၏ ချိုင့်ဝင်နေသော ပါးများကလည်း အရေများတွန့်​ခေါက်နေ၏။ ထိုကြန်အင်လက္ခဏာများနှင့်ပင် ထိုဘုန်းတော်ကြီးက လူကောင်းတစ်ယောက်မဟုတ်မှန်း ချက်ချင်းလက်ငင်း ပြောနိုင်ပေသည်။

ဟယ့်လျန်ချီ၏ရုပ်သွင်မှာ ကြောက်စရာကောင်းလှသည်ဟု မဆိုသာ၊ သို့သော် သူ့ကိုကြည့်လိုက်သောသူအား ပထမအကြည့်တည်းမှာတင် အသက်ရှူမှားသွားစေလောက်သည့် ထူးဆန်းသော ခံစားချက်တစ်မျိုးကို ရသွားစေလိမ့်မည်။ စင်စစ်တွင်မူ သိမ်မွေ့ကျော့ရှင်းဟန်ရသည့် ထိုယောက်ျားပျိုမှာ ဟယ့်လျန်ကျောက်ထက်ပင် အဆများစွာအန္တရာယ်ပိုရှိသော ရန်သူတစ်ယောက်ဖြစ်နေပေသည်။

မည်သို့ပင်ဆိုစေ၊ ခက်ထန်ကြမ်းတမ်းသောအပြုအမူများအရ ဟယ့်လျန်ကျောက်မှာ အရိုင်းအစိုင်းတစ်ကောင်မျှသာ ဖြစ်လေသည်။

ကျင်ချီးက သူ့ကို ရုတ်တရက်လှမ်းဆွဲလိုက်သောကြောင့် ဝူးရှီးမှာ အံ့ဩထိတ်လန့်သွား၏။ သူ့အနားသို့ မည်သူ့ကိုမှ အကပ်မခံခဲ့ဖူးပေ ။ ၎င်းမှာလည်း လူအများနှင့် ပေါင်းသင်းဆက်ဆံလိုစိတ်မရှိ​သော သူ့ဆန္ဒအပြင် သူ့ခန္ဓာကိုယ်ပေါ်တွင် အဆိပ်ရှိသတ္တဝါများ အမြဲရှိနေသော​ကြောင့်လည်းပါသည် ။ ဥပမာအားဖြင့်ဆိုရလျှင် သူ့လက်ကောက်ဝတ်ပေါ်တွင် သေစေနိုင်လောက်အောင်အဆိပ်ပြင်းသည့် ဝါးရွက်စိမ်းမြွေပွေးတစ်ကောင် အမြဲတစေ ရစ်ခွေလိမ်ယှက်နေလျက်ရှိ၏။

အရှင်ခုနစ် Where stories live. Discover now