အပိုင်း - ၃၂ { ရှုပ်ထွေးနေခဲ့သော အချိန်ကာလများ }

3.2K 776 137
                                    

အပိုင်း - ၃၂

{ ရှုပ်ထွေးနေခဲ့သော အချိန်ကာလများ }

ဟယ့်လျန်ဖေ့က ထိုအမိန့်စာလွှာအား ဝမ်းမြောက်ပျော်ရွှင်စွာ ထုတ်ပြန်ပေးအပ်လိုက်သည်၊ အမိန့်စာလွှာအား လက်ခံရရှိသော ကျင်ချီးက ပို၍ပင်ဝမ်းမြောက်ပျော်ရွှင်နေ၏။ ထိုလူအိုကြီးနှင့် လုလင်ပျိုလေးတို့အား ကြည့်ရင်း စိတ်ထဲမှကျိတ်ပျော်နေသော ဟယ့်လျန်ချီသည်ပင် သိပ်ပြီးမပျော်တော့ချေ။ ထို့ကြောင့်  ဟယ့်လျန်ချီမှာ ကျင်ချီးအား သေချာအကဲခတ်သည့် အကြည့်များဖြင့် ကြည့်လာခဲ့၏။

ငယ်ရွယ်နေသေးသော ဤနန်နဥ်မင်းသားနှင့်ပတ်သက်လာလျှင် သူ နားမလည်နိုင်သောအရာတစ်ချို့ရှိပေသည်။ အထူးသဖြင့် ဤမင်းသားငယ်က ဟယ့်လျန်ကျောက်အား ပေါ်ပေါ်ထင်ထင်ရော နောက်ကွယ်ကပါ နည်းလမ်းအမျိုးမျိုးဖြင့် ချဥ်းကပ်ခဲ့စဥ္တုန်းကဆိုလျှင် ဟယ့်လျန်ချီရော တောက်ဘုန်းတော်ကြီးလီပါ အတော်လန့်ဖျတ်သွားခဲ့သည်။ သို့သော် သူတို့၏အကြောက်တရားက အခြေအမြစ်မရှိသည့်အကြောက်တရားလည်း ဖြစ်နိုင်ပါသေး၏။ ၎င်းမှာ တိုက်ဆိုင်မှုတစ်ခုလေလား၊ မင်းသားငယ်လေး၏ တမင်လုပ်ဆောင်ချက်​လေလားဟု တပ်အပ်ပြော၍ မရနိုင်ခဲ့။

မည်သို့ပင်ဆိုစေ၊ ညီလာခံသဘင်၌ ခစားနေကြသောသူများမှာ မိမိတို့၏ခြေလှမ်းတိုင်းအား သတိကြီးစွာထားပြီး စိုးထိတ်​စွာ လှမ်းချီရပေသည်။ အစကတည်းက ဟယ့်လျန်ချီမှာ သမာသမတ်ကျကျလုပ်ကာ တစ်ဖက်လူကို လွတ်မြောက်ခွင့်ပေးရမည့်အစား နိုင်ထက်စီးနင်းလုပ်ပြီး အားလုံးကို သတ်ပစ်လိုက်မည်ဟူသည့် လူစားမျိုးသာ ဖြစ်ချေသည်။

ဤနေရာတွင်ရှိကြသောသူများမှာ လျဲန်ကွမ်အရေးအခင်းမှ အညှီအဟောက်နံ့ရနေကြောင်းသိကြပြီးသားမို့ တိတ်ဆိတ်စွာသာ ရေငုံနှုတ်ပိတ်နေခဲ့သည်။ ဧကရာဇ်မင်းမြတ်နှင့် ဘုရင့်တမန်တော်အလောင်းအလျာလေးတို့ကသာ အကောင်းမြင်တတ်လွန်းသောစိတ်ထားမျိုး ရှိနေကြဆဲဖြစ်၏။

ဟယ့်လျန်ဖေ့၏နန်းဆောင်မှ ထွက်လာသည်နှင့် ကျင်ချီးလည်း ချက်ချင်းပင် အမြန်ပြေးထွက်လာခဲ့သည်၊ ဟယ့်လျန်ရိက သူ့အား လိုက်ဖမ်းမည်စိုးသောကြောင့် ဖြစ်၏။ ထိုအကြောင်းကြောင့်ပင် အမြဲတည်ကြည်ကာ ဣန္ဒြေသိက္ခာထိန်းချုပ်တတ်သော ဟယ့်လျန်ရိ၏ မျက်နှာမှာ နောက်ဆုံးတော့ အရောင်မျိုးစုံသမ်းသွားခဲ့သည်။ သို့သော် နှမြောစရာကောင်းသည်မှာ ၊ တစ်ယောက်သောသူက သူ၏ကံကြမ္မာဆိုးမှ ရုန်းထွက်ရန် အမြန်ထွက်ပြေးနေခဲ့စဥ် ၊ ဟယ့်လျန်ရိက သူ့ထက်ပိုပြီး ခြေလှမ်းသွက်ခဲ့လေသည်။ အကြောင်းမှာ နန်းတော်တံခါးဝနား ရောက်လာသည်နှင့် သူ့အားစောင့်ဆိုင်းနေသော ဝေါယာဥ်တစ်စီးကို ကျင်ချီးတွေ့လိုက်ရသည် ။ ထိုဝေါယာဥ်ရှေ့တွင်လည်း အစောင့်ရဲမက်များက "ဒီလမ်းကို ဖြတ်သွားချင်ရင် မင်းတို့ပါလာသမျှငွေတွေကို အကုန်ချထားခဲ့လိုက်စမ်း!!!! "ဟူသော - လမ်းခုလတ်တစ်နေရာ၌ ခရီးသွားများအား ဓားပြတိုက်ယူမည့်တိုက်ကွက်မျိုး တန်းစီထားကြသည်။

အရှင်ခုနစ် Where stories live. Discover now