အပိုင်း - ၂၁ { ယှဥ်ပြိုင်တိုက်ခိုက်ခြင်း }

4K 807 39
                                    

အပိုင်း - ၂၁

( ယှဥ္ပြိုင်တိုက်ခိုက်ခြင်း)

ပထမမြောက်လ ကုန်ဆုံးပြီးသွားသောအခါ နန်းမြို့တော်ထဲရှိ ဆူပူမှုလေးများမှာလည်း အတူလိုက်ပါပျောက်ကွယ်သွား၏။

မည်သို့ပင်ဆိုစေ၊ ဝူးရှီးမှာ အသက်အရွယ်အားဖြင့်လည်း ငယ်သေးသည့်အပြင် သူ၏ဒဏ်ရာများကလည်း ပြင်းထန်မှုသိပ်မရှိသဖြင့် များမကြာမီမှာပင် ပြန်လည်၍ ခုန်ပေါက်​လှုပ်ရှားလာနိုင်ပေသည်။ လွန်ခဲ့သောဆယ်ရက်တုန်းကမူ ကျင်ချီး၏မျှားခေါ်ခြင်းကို ခံခဲ့ရကာ တစ်မြို့လုံးနှံ့အောင် နှစ်ယောက်သား လှည့်ပတ်လျှောက်သွားနေခဲ့ကြသည်။

နန်းမြို့တော်သို့ သူ ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့တုန်းက ဝူးရှီးအသက်မှာ ဆယ်နှစ်စွန်းရုံလေးမျှသာဖြစ်ခဲ့သည် ။ ဤနှစ်များအတွင်းမှာ ဝူးရှီးကသူတစ်ပါးအံ့ဩရလောက်အောင်ပင် သူ၏အမျက်ဒေါသများကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကာ နတ်ဆေးဆရာစံအိမ်၏ အထီးကျန်ဆန်လှသော တိတ်ဆိတ်ငြိမ်သက်ခြင်းကို ကြံ့ကြံ့ခံရပ်တည်ခဲ့ပြီးပြီဖြစ်သည်။ တစ်နေ့တစ်နေ့ သူ အဖော်ပြုဖြစ်သောသူဟူ၍ အဆိပ်ရှိသတ္တဝါများသာဖြစ်နေကာ ၊ အခြားသူများနှင့်ဆိုလျှင် သတိကြီးစွာထားပြီး ဆက်ဆံရသည်ကို အကျင့်ပါနေပြီဖြစ်သည် ။သို့သော် ကျင်ချီးက ဝူးရီှး၏ ခေါင်းမာလှစွာသောအကျင့်ကို ၊ တားဆီး၍မရအပ်သော ခွန်အားကြီးတစ်ခုနှယ် တစ်စစီဖျက်ဆီးလိုက်ကာ ၊ ဝူးရှီးအား မွေ့လျော်ဖွယ်ကောင်းပြီး သာယာစည်ကားလှသည့် နန်းမြို့တော်အနှံ့သို့ အစုံအလင်ရောက်ဖူးအောင် ခေါ်ထုတ်သွားတတ်သည်။

သူတို့နှစ်ယောင်မှာ ခြံစည်းရိုးတွင်မှီကာ တေးသီချင်းများကို နားသောတဆင်ဖြစ်ကြသည်။ လက်ဖက်ရည်ဆိုင်တွင်ထိုင်ရင်းလည်း ပုံပြင်ဇာတ်လမ်းများကို နားဆင်တတ်ကြသည်။ သစ်တော်ဥယျာဥ်၌လည်း ပြဇာတ်များ ရှုစားဖြစ်ကြသည်။ အကြင်လှုပ်ရှားမှုက ရှေးဆန်သည်ဖြစ်စေ၊ လက်ရှိခေတ်၌ပေါ်လာသည်ဖြစ်စေ၊ အနှီရှုခင်းက ကျော့ရှင်းတင့်တယ်သည်ဖြစ်စေ၊ ကျော်ကြားထင်ရှားသည်ဖြစ်စေ၊ တောတောင်ရေမြေ ပန်းချီကားချပ်အလား လှပသည်ဖြစ်စေ၊ ကျင်ချီးက ဟယ့်လျန်ရိထံမှရသော မှတ်ချက်စကားနှင့် လုံးဝထပ်တူကျနေခဲ့သည်။ ထိုမှတ်ချက်စကားက အဘယ်နည်းဟူမူ - ကျင်ချီးတစ်ယောက် အိမ်အပြင်ဘက် ခိုးထွက်လာတိုင်း ဟယ့်လျန်ရိနှင့်တိုးမိလျှင် တစ်ဖက်လူလိုက်မမှီနိုင်အောင် ထွက်ပြေးနိုင်လွန်းသည်မို့ ဟယ့်လျန်ရိအား အမျက်ချောင်းချောင်းထွက်စေလွန်းပေရာ ဟယ့်လျန်ရိက ကျင်ချီးအား မိစ္ဆာဘုရင် ဝင်စားတဲ့ဟာလေးဟု ​မှတ်ချက်ပြုထားလေ၏။

အရှင်ခုနစ် Where stories live. Discover now