အပိုင်း - ၅ { ဖော်ရွေပျူငှာသော်လည်း စိတ်ရင်းဖြောင့်မှန်မှု မရှိခဲ့ }

5K 1K 93
                                    

အပိုင်း - ၅

(ဖော်ရွေပျူငှာသော်လည်း
စိတ်ရင်းဖြောင့်မှန်မှု မရှိခဲ့ )

လေလွင့်ဝိညာဥ်ဖြစ်ခဲ့ဖူးခြင်းကို ကျင့်သားရနေသောကြောင့်လား ၊ သို့တည်းမဟုတ် ဤကောင်လေး၏ခန္ဓာကိုယ်ကိုက ဖွံ့ဖြိုးနေဆဲအရွယ်ရောက်နေသောကြောင့်လားမသိ၊ ကျင်ချီးတစ်ယောက် အချိန်တိုင်းလိုလို အိပ်ချင်နေ၏။ လပေါင်းများစွာ ကုန်လွန်သွားသည့်တိုင် ကျင်ချီးမှာ ဘာဆိုဘာမှ လုပ်ချင်ကိုင်ချင်စိတ်မရှိ။

ဖင်အန်းသည်ပင် သူ၏သခင်လေးမှာ နွေဦးတွင် နွမ်းရိကာ၊ ဆောင်းဦးတွင် ပင်ပန်းလျက်၊ နွေရက်တွင် တစ်ရေးတစ်မောအိပ်တတ်ပြီး ဟေမာန်သုံးလတွင် ဆောင်းခိုနေတတ်သည်ဟု ထင်မိလာ၏။ တစ်နေ့တစ်နေ့ ဝက်တစ်ကောင်လို အပြုအမူမျိုးဖြင့်သာ ဘဝကို ကုန်ဆုံးနေစေပေသည်။

မိမိ၏ရောဂါဝေဒနာအကြောင်း မင်းကြီးထံလျှောက်တင်ကာ ညီလာခံမှ ခွင့်ယူခဲ့ပြီးသည့်နောက် မင်းကြီးဆီ ရံဖန်ရံခါ သွားရောက်အရိုအသေပြုသည်မှလွဲ၍ ကျင်ချီးမှာ စံအိမ်အပြင်ဘက်သို့ တစ်ဖဝါးမှ မခွာခဲ့။ အခြားသောမိသားစုများ၏ သမီးပျိုများထက်ပင် ပို၍လိမ္မာနေကာ အနေအထိုင်ပိရိနေပေ၏။

အရင်လူသားဘဝတုန်းက ကျင်ချီးမှာ ဟယ့်လျန်ရိအပေါ် စွဲလမ်းတွယ်တာခဲ့သည် ။ ငယ်စဥ်တောင်ကျေး ကလေးဘဝကတည်းက အချင်းချင်းသနားငဲ့ညှာခဲ့ရာမှ အစပြုကာ၊ ဟယ့်လျန်ရိ၏ အခက်အခဲများ ပျော်ရွှင်မှုများကို ပို၍ရှေ့တန်းတင်တတ်လာခဲ့ပြီး ဟယ့်လျန်ရိအတွက် ဘာမဆိုဆောင်ရွက်ပေးဖို့ စိုင်းပြင်းနေခဲ့သည်။ သားသမီးဝတ္တရားနှင့်အညီ မိမိဖခင်ရင်းအပေါ် ထားရှိသင့်သည့် ကြိုးပမ်းအားထုတ်မှုများကို ထိုသူအပေါ်တွင်သာ သွန်းလောင်းပုံအောခဲ့၏။

ယခုဘဝမှာတော့ အဆိုပါစွဲလမ်းရူးသွပ်မှုများ ပျောက်ဆုံးသွားပြီဖြစ်ကာ သူ့ရင်ထဲတွင် ဗလာဟင်းလင်းကြီး ကျန်ရစ်နေခဲ့၏။ တစ်ချိန်တည်းမှာလည်း လေးလံသောဝန်ထုပ်ဝန်ပိုးတစ်ခုကို ထုတ်ပစ်နိုင်ခဲ့ပြီဖြစ်သောကြောင့် စိတ်လက်ပေါ့ပါးနေပေသည်။

အရှင်ခုနစ် Where stories live. Discover now