အပိုင်း - ၄၈ { ပြန်လည်သင့်မြတ်ခြင်း }

3K 711 72
                                    

အပိုင်း - ၄၈ { ပြန်လည်သင့်မြတ်ခြင်း }

သူ့အား လေးနက်စွာ ကြည့်လာပြီးသည့်နောက် ဝူးရှီးက ခေါင်းခါပြလာ၏။

"မလိုပါဘူး၊ ကျွန်တော်ပြန်တော့မှာပါ"

ကျင်ချီး၏ မျက်ခုံးတန်းများ အနည်းငယ်ကြုံ့သွားသည်။ ထိုအဖြစ်ကို ဝူးရှီးက သတိထားမိသွားလေရာ တိုးညှင်းစွာဆိုလာ၏။

"မျက်မှောင်မကြုံ့လိုက်ပါနဲ့.......။ အရှင့်သား ကျွန်တော့်ကို မမြင်ချင်ဘူးဆိုရင် အရှင့်သားရှေ့ ခဏခဏ ပေါ်မလာတော့ပါဘူး။ ကျွန်တော် - "

ကျင်ချီးက သက်ပြင်းချလိုက်ကာ ထိုကောင်လေး၏ လက်ကောက်ဝတ်အား ဆွဲကိုင်လိုက်သည်။

"ငါနဲ့ လိုက်ခဲ့"

အစပထမတော့ ဝူးရှီး အံ့အားသင့်သွားသည်။ ထို့နောက်မှာတော့ အင်မတန်မှ ပျော်ရွှင်သည့်အလား သူ၏မျက်နှာပြင်မှာ ဝင်းပသွား၏။ ထိုအပြုံးအား ကျင်ချီးက မျက်ဝန်းထောင့်မှတစ်ဆင့် မြင်လိုက်ရလေရာ သူ၏နှလုံးသားကပါ နွေးထွေးကြည်နူးသွားရ၏။ သို့သော် တစ်ဖက်သို့သာ လှည့်ကာ ဘာမှမမြင်လိုက်ရသလိုသာ ဟန်ဆောင်နေလိုက်သည်။

ခံစားချက်များကင်းမဲ့နေသည့် ကျိုးကျစ်ရှူးလိုလူသားသည်ပင် သူ၏ ဉာဏ်တိမ်လှသော ဆရာတူညီလေးအတွက် တတ်စွမ်းသလောက် ကောင်းနိုးနိုးရာရာများ ခြစ်ကုတ်စုဆောင်းပေးချင်ခဲ့သည်ဟု ပြန်တွေးမိရင်း သူသည်လည်း ကျိုးကျစ်ရှူးလိုပင် ခံစားနေရသည်။ အန္တရာယ်များနေပြီးသား ဤကမ္ဘာကြီးထဲဝယ် ပို၍အန္တရာယ်များသော လမ်းကြောင်းတစ်ခု ပွင့်ဟလာသောအခါ အကြင်သူတို့မှာ နားနားနေနေ နေပိုင်ခွင့်မရှိတော့။ ထိုအကြောင်းကြောင့်ပင် ရိုးသားဖြူစင်သော မျက်ဝန်းအိမ်များရှိသည့် ဤကလေးငယ်များ၏ မျက်ဝန်းများအား ကြည့်လိုက်ရသောအခါ ထူးဆန်းစွာဖြင့်ပင် သူတို့၏ စိတ်နှလုံးမှာ နူးညံ့သိမ်မွေ့လာခဲ့ကာ အင်မတန်ကိုမှ မြတ်နိုးချင်စဖွယ် ဖြစ်စေလှ၏။ 

နှစ်ယောက်သားမှာ အရှေ့တံခါးဝမှသည် စာကြည့်ခန်းသို့ ဝင်လာခဲ့လိုက်သည်။ ထို့နောက် သူတို့အတွက် ဂျင်းဟင်းချိုရည် နှစ်ပန်းကန်ယူလာခဲ့ရန် ဖင်အန်းအား သေချာမှာကြားလိုက်သည်။ သူတို့နှစ်ယောက် အခန်းထဲ ဝင်ထိုင်ပြီးသွားသောအခါ ကျန်သောလူများကလည်း အလိုက်သိစွာပင် တိတ်တဆိတ် ထွက်ခွာသွားကြသည်။

အရှင်ခုနစ် Where stories live. Discover now