အပိုင်း - ၁၂ {ကြေးနီသားနှင့် သံရိုး}

4.1K 832 59
                                    

အပိုင်း- ၁၂

{ ကြေးနီသားနှင့် သံရိုး }

နန်နဥ်စံအိမ်တော်တွင် နေထိုင်ခဲ့သော လေးငါးနှစ်တာကာလအတွင်း ကျင်ချီးက မြေပြင်အခြေအနေကို အမြဲနားစွင့်နေကာ ထိုနံရံများနောက်တွင်နေပြီး သတင်းများအကုန် သိအောင် အားထုတ်ခဲ့၏။ ပညာရှိများ၏ အဆုံးအမဩဝါဒများကို တစ်ချိန်လုံး စိတ်နှစ်ပြီး ဖတ်ရှုလေ့လာဖို့ဆိုသည်မှာ သူ့အတွက် လုံးဝမဖြစ်နိုင်ပါချေ။ ဧကရာဇ်ထံမှ  အချစ်မေတ္တာများကို တနင့်တပိုးရရှိခဲ့သည့်မင်းသားဟု ဆိုစမှတ်ပြုကြသော ၊ အိမ်တော်တံခါးဝမှ အပြင်လုံးဝထွက်မလာသော မင်းသားငယ်လေးမှာ အပြင်လူများအတွက်တော့ ထူးခြားစိမ်းသက်သည့်အရာတစ်ခုသာဖြစ်နေခဲ့လိမ့်မည်။

နဂိုစိတ်ရင်းအားဖြင့် ကျင်ချီးက ကိုယ့်နေရာကိုကိုယ်မသိ၊ အတည်တကျ ရပ်ဆိုင်းရ​ကောင်းမှန်းမသိသော လူစားမျိုးဖြစ်ခဲ့ဖူးသည်။ သို့သော် ခုနစ်ကြိမ်ခုနစ်ခါ ဘဝအမျိုးမျိုးတွင် ကျင်လည်ခဲ့ရပြီးနောက် ၊ လူသားအဖြစ် နှစ်ပေါင်းလေးဆယ်ဝန်းကျင်နှင့်  သုံးဘဝကျောက်တုံးနားတွင် ရာစုနှစ်များစွာကြာအောင် ပျင်းရိစွာထိုင်နေခဲ့ရသောအဖြစ်များက ထိုအကျင့်စရိုက်များကို ပပျောက်ကင်းစင်စေခဲ့သည်။ သို့မဟုတ်ဘဲ မူလဘဝအတိုင်းက အကျင့်ဟောင်းများကို ပြန်လည်ကျင့်သုံးနေခဲ့လျှင်တော့ မိမိအား မြေခွေးမိစ္ဆာဝင်စီးထားသည်ဟု ထင်ကောင်းထင်ကြမည်ဖြစ်ကာ ယခုလိုမျိုး နန်နဥ္စံအိမ်တော်၌ နှစ်ပေါင်းကြာရှည်စွာ တစ်ကိုယ်တည်းခွဲထွက်ပြီးနေထိုင်နိုင်ဖို့ဆိုသည်မှာ လွန်စွာမှ ခက်ခဲသောကိစ္စဖြစ်နေပေလိမ့်မည်။

ကျင်ချီးမှာ အကြမ်းဖျင်းအားဖြင့် အသက်ဆယ့်ငါးနှစ်ပြည့်ပြီးသားဖြစ်လေရာ တိုင်းရေးပြည်ရာကိစ္စများကို ကြားနာဖို့ ညီလာခံသို့တက်ရောက်နိုင်သည့်အရွယ်ရောက်ပြီဟု အဓိပ္ပာယ်ရပေ၏။ မည်သူကမှလည်း သူ့ကို ကလေးတစ်ယောက်ဟု မယူဆကြတော့။ မိဘများကို ဆုံးရှုံးခဲ့ပြီးသည့်နောက် သောကပရိဒေဝများဝေခဲ့ရသည့် ဆယ်ကျော်သက်လုလင်တစ်ယောက်အဖို့ သူ့အသက်ထက်ပိုသော လူကြီးဆန်ဆန်စကားများကို ပြောလာခဲ့လျှင်လည်း အံ့အားသင့်စရာမဟုတ်တော့ပါ။ ထို့ကြောင့် ဟယ့်လျန်ရိ သူ့ကို ဆင့်ခေါ်လိုက်တိုင်း ကျင်ချီးလည်း အလိုက်သင့်လေး လိုက်ပါစီးမျောကာ ရေလိုက်ငါးလိုက်သာနေခဲ့၏။

အရှင်ခုနစ် Where stories live. Discover now