အပိုင်း - ၁၀ { ကံကောင်းခြင်းဟု ခေါ်ဆိုကြသောအရာ }

4.7K 920 41
                                    

အပိုင်း - ၁၀ { ကံကောင်းခြင်းဟု ခေါ်ဆိုကြသောအရာ }

နန်းမြို့တော်သို့ ဝူးရှီးရောက်လာပြီးသည့်နောက် မရေမတွက်နိုင်လောက်အောင်များပြားသည့် လှိုင်းတံပိုးနှင့်မုန်တိုင်းကြီးများကို ဖန်တီးလှုပ်ခတ်စေခဲ့သည်။ လူတိုင်းအားတုန်လှုပ်ခြောက်ခြားစေခဲ့သော ပြဇာတ်ငယ်လေးဖြစ်ပွားစေပြီးသည့်နောက် ဝူးရှီးလည်း စည်းကျော်ဘောင်ကျော်ကိစ္စများကို ထပ်မလုပ်ဖြစ်ခဲ့။ ဧည့်ခန်းဆောင်တွင် နေထိုင်ခဲ့သော ကာလတစ်လျှောက်လုံး သူရှိလို့ရှိမှန်းပင် အများကသတိမထားမိကြ။ နတ်ဆေးဆရာငယ်လေးအတွက် အထိန်းသိမ်းခံစံအိမ်ကြီး ဆောက်လုပ်ပြီးစီးသွားသောအခါတွင်လည်း နှစ်တစ်ဝက်စာအချိန်ပင် ကုန်လွန်သွားခဲ့ပြီဖြစ်သည် ။ တမင်သက်သက် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခဲ့လေသလား ၊ တိုက်ဆိုင်လေရော့သလားတော့ မသိ၊ နတ်ဆေးဆရာလေး၏ အထိန်းသိမ်းခံစံအိမ်မှာ နန်နဥ္မင်းသားစံမြန်းရာ စံအိမ်တော်နှင့် တစ်လမ်းတည်းသာခြားသည့်နေရာတွင် ဆောက်လုပ်ထားခြင်းခံရသည်။

ပုံမှန်အားဖြင့် ဤကိစ္စမှာ ထုံးတမ်းစဥ်လာနှင့် ကိုက်ညီဆီလျော်ခြင်းမရှိသော်ငြား မည်သူတစ်ဦးတစ်ယောက်ကမှ အရေးတယူပြောဆိုဝေဖန်ခြင်းမရှိချေ။ အကြောင်းမှာ "ဘယ်လိုတောင် မဆီလျော်လိုက်လေသလဲ!!!!!!" ဟူသောစကားကို ​လက်သုံးစကားအဖြစ်​သုံးတတ်သည့် အမတ်မင်းကျန်းစစ်ကျုံးမှာ အင်မတန်မှဆိုးရွားပြီး အမြင်မတော်လှသောအဖြစ်ကို ကျူးလွန်ထားသဖြင့် အပြင်းအထန်ရှုတ်ချခံရသောကြောင့်ဖြစ်သည်။ ခေါင်းလည်းအရိုက်ခံရကာ မျက်ခုံးမွေးလည်း မီးဟပ်သွားသည့် သနားစရာကံဆိုးသူကြီးအဖြစ်သို့ ဘဝပြောင်းသွားခြင်းကြောင့်ဖြစ်သည်။

သူ့ကိုယ်သူပိတ်လှောင်ကာ ကမ္ဘာကြီးနှင့် အဆက်အသွယ်ဖြတ်ထားသော ဝူးရှီးကတော့ ထိုဖြစ်ရပ်များကို လုံးဝသတိမထားမိခဲ့ပါချေ။ သို့သော် စံအိမ်တော်ထဲတွင် ဂူအောင်းသိုင်းကျင့်နေသလား ထင်မှတ်မှားရသော ကျင်ချီးကမူ ထိုအဖြစ်များကိုကောင်းစွာသိရှိနေခဲ့သည်။

နတ်ဆေးဆရာငယ်လေးဘက်က တိတ်ဆိတ်ငြိမ်သက်နေသော်ငြား နောက်ကျိညစ်ပတ်နေသောရေထဲ ငါးဝင်မျှားချင်နေသော ၊ သူတို့၏အကျိုးစီးပွားအတွက် ထိုဖြစ်ရပ်ဟောင်းကြီးကိုပြန်ဖော်၍ အသုံးချလိုသောသူ အတော်များများရှိနေ၏။ အရှုပ်အထွေးကိစ္စများ လုံးဝဖြစ်မလာမည်ကို အရမ်းစိုးရိမ်ကြသော ထိုသူများကိုသာ တစ်စုတစ်စည်းတည်းခေါ်ပြီးတန်းစီခိုင်းလိုက်လျှင် နန်းမြို့တော်တစ်ခုလုံးကိုပင် တစ်ပတ်ပြည့်အောင်ဝန်းရံနိုင်ပေလိမ့်မည်။

အရှင်ခုနစ် Where stories live. Discover now