အပိုင်း - ၂၇ { သစ်ခွခန်းဆောင်၏ ညဥ့်ချမ်းချိန်ခါဖန်ဆင်းမှုလက်ရာများ }

3.3K 761 71
                                    

အပိုင်း - ၂၇

{ သစ်ခွခန်းဆောင်၏ ညဥ့်ချမ်းချိန်ခါဖန်ဆင်းမှုလက်ရာများ }

ဝူးရှီးက ခေတ္တခဏမျှတွေးကြည့်လိုက်ကာ ဖြေဆိုလာသည်။

"အရှင့်သားပြောချင်တာက ....ဒီလိုမဟာမိတ်မျိုးဆိုတာ ဟန်ဆောင်မှုသာဖြစ်တယ်၊ စိတ်ရင်းအမှန်ကလာတာ မဟုတ်သလို အချိန်အကြာကြီးလည်း မတည်မြဲဘူးဆိုတဲ့သဘောလား"

ကျင်ချီး၏စိတ်ထဲမှာတော့ ထူးချွန်သောဤကောင်လေးကို သင်ပေးရကျိုးနပ်လှသည်ဟု မှတ်ချက်ပေးနေသော်လည်း ၊ ဘယ်ကတည်းက သူ့လက်ထဲ ရောက်နေမှန်းမသိရသော ယပ်တောင်ဖြင့် ဝူးရှီး၏ပခုံးပေါ် ဖတ်ခနဲ ရိုက်လိုက်သည်။ သို့သော်လည်း ထိုပုဂ္ဂိုလ်မှာ ခွန်အားသိပ်မများကြောင်း၊ ထိုရိုက်ချက်လေးကလည်း အသားနာသွားစေမည်မဟုတ်ကြောင်း ဝူးရှီး ကောင်းစွာသိနေသည်မို့ ထိုရိုက်ချက်အား ရှောင်တိမ်းခြင်းပင်မပြုဘဲ အသာတကြည်ခံယူလိုက်ပေသည်။ ထို့နောက်မှာမှ စိတ်ရှည်စွာဖြင့် မေးကြည့်လိုက်၏။

"ကျွန်တော်ပြောတာ မှားသွားလို့လား"

"မမှားဘူး၊ အဓိကဆိုလိုရင်းကို မင်းပြောလိုက်တာပဲ "

ကျင်ချီးက ခေါင်းတခါခါလုပ်ကာ ပြောလာသည်။ သူ့ကိုယ်သူလည်း လွန်စွာမှ အားရကျေနပ်နေသည့်ဟန် ရနေ၏။

"အဲ့လိုမဟာမိတ်မျိုးဟာ ယုံကြည်အားထားလို့ကောင်းတဲ့အရာ မဟုတ်ဘူး။ လင်မယားတွေဟာ တောအုပ်တစ်ခုတည်းကလာတဲ့ ငှက်တွေနဲ့ တူနေတာတောင်၊ ဘေးရန်ဥပဒ်နဲ့ ကြုံလာရင် ကိုယ့်လမ်းနဲ့ကိုယ် ကိုယ်လွတ်ရုန်းပြီး ပျံပြေးသွားကြတာချည်းပဲဆိုတဲ့ စကားတောင် ရှိတယ်မလား။ ဒီလို တစ်ခဏတာပဲခံတဲ့ သာမန်ကာလျှံကာဆက်ဆံရေးမျိုးကိုဆို ထည့်ပြောနေစရာတောင် မလိုဘူး - "

ဝူးရှီး မျက်နှာမဲ့သွားသည်။ ထိုကောင်လေး၏ မျက်နှာရိပ်မျက်နှာကဲမှာ သူ့စကားအား လုံးဝထောက်ခံမှုမရှိကြောင်း သိသာထင်ရှားနေလေရာ ကျင်ချီးမှာ ချောင်းအနည်းငယ်ဟန့်လိုက်ကာ ထိုကိစ္စအား အာရုံလွှဲလိုက်၏။

အရှင်ခုနစ် Where stories live. Discover now