အပိုင်း - ၂၈ { ကျောက်စိမ်းစံရိပ်မြိုင်ရှိ ယဇ်ပလ္လင် }

3.2K 756 83
                                    

အပိုင်း - ၂၈

{ ကျောက်စိမ်းစံရိပ်မြိုင်ရှိ ယဇ်ပလ္လင် }

ရှန်းစံတော်ချိန်မရောက်မချင်း "ညဥ့်ချမ်းချိန်ခါဖန်တီးမှုလက်ရာ"ပွဲမှာ စတင်သေးမည်မဟုတ်ပေ။ သို့သော်လည်း ကျောက်စိမ်းစံရိပ်မြိုင်၏ အတွင်းပိုင်းမှာရော အပြင်ဘက်မှာပါ လူပင်လယ်ကြီးဖြင့် လွှမ်းမိုးခြင်းခံလိုက်ရပြီဖြစ်သည်။ တစ်ဖက်လမ်းမဘေးရှိ တံတိုင်းနံရံထက်တွင်လည်း နေရာလပ်မကျန်လောက်အောင် လူများပြည့်ကျပ်နေပြီဖြစ်သည်။ လမ်းတစ်ဖက်ခြမ်းရှိ စားသောက်ဆိုင်များကလည်း သူတို့၏အဆောက်အဦးက အခြားနေရာများထက်မြင့်ကာ ပွဲသဘင်အား ပိုပြီးသေသေချာချာမြင်ရသည်ကို အခွင့်ကောင်းယူလိုက်ကြပြီး လုပ်နေကျစီးပွားရေးလုပ်ငန်းများကို ရပ်တန့်ထားတတ်ကြသည်။ ယခုလိုအ​ချိန်မျိုးမှာ ပွဲကြည့်ရန်နေရာ ရောင်းချရခြင်းလောက် အကျိုးအမြတ်များသောလုပ်ငန်း မရှိနိုင်တော့ပါချေ။

ကျင်ချီးလည်း ညနေစာကို ဇိမ်ပြေနပြေစားပြီးသည့်နောက် ဝူးရှီးကိုခေါ်ကာ စံအိမ်တော်မှထွက်လာခဲ့သည်။ အကြောင်းအရာမျိုးစုံကို ရောက်တတ်ရာရာပြောဆိုရင်းနှင့် လမ်းမကြီးတစ်လျှောက် အတူလျှောက်လှမ်းလာခဲ့သည်။ လူအများစည်ကားပြည့်ကျပ်နေသည့် နေရာများကို အနည်းငယ်ကြောက်ရွံ့တတ်သည့် ဝူးရှီးမှာ သူ့ရှေ့ရှိလူပင်လယ်ကြီးကို မျက်ဝါးထင်ထင်တွေ့မြင်လိုက်ရသောအခါ အသက်ရှူပင်မှားသွားခဲ့ပြီး ကျင်ချီးအား ခပ်တိုးတိုးလေး မေးမိလိုက်သည်။

"ဘာလို့ ဒီလောက်ကြီးထိ လူများနေတာလဲ"

ကံမကောင်းစွာဖြင့်ပင် ဘေးပတ်ဝန်းကျင်၏ ဆူညံသံများကြောင့် ထိုစကားများက ကျင်ချီး၏နားသို့ ရောက်မသွားခဲ့ပါချေ။

ကျင်ချီးကမူ ဤအခြင်းအရာများကို ကြိုတင်သိရှိထားသည့်အလား၊ အရပ်ထောင်ထောင်မောင်းမောင်းရှိပြီး တုတ်ခိုင်သန်စွမ်းသော ကိုယ်ရံတော်များကိုပါ တစ်ခါတည်း ခေါ်ဆောင်လာခဲ့သည်။ ယခုတော့ ထိုကိုယ်ရံတော်များမှာ လူအုပ်ကြားလမ်းရှင်းပေးရာတွင် လွန်စွာမှအသုံးဝင်လှ၏။ လူအုပ်ကြီး၏တိုးဝှေ့မှုကြောင့် တစ်ယောက်နှင့်တစ်ယောက် လူစုကွဲသွားမည်စိုးသဖြင့် ကျင်ချီးက ဝူးရှီး၏လက်အား လှမ်းဆွဲကာ ခိုင်မြဲစွာဆုပ်ကိုင်ထားလိုက်သည်။

အရှင်ခုနစ် Where stories live. Discover now