အပိုင်း - ၄၂ { အရှင်ခုနစ်၏ ရှေ့ဖြစ်ဟောခန်း }

3.1K 743 178
                                    

အပိုင်း - ၄၂

{ အရှင်ခုနစ်၏ ရှေ့ဖြစ်ဟောခန်း }

ယနေ့တော့ ရာထူးစီမံခန့်ခွဲရေးဌာနမှ အမတ်မင်းကျောက် ရာထူးနှုတ်ထွက်ပြီဖြစ်ကြောင်း ကြားလိုက်ရသည် ။ နက်ဖြန်ကျလျှင်တော့ဘဏ္ဍာရေးရာဝန်ကြီးဌာနမှ အမတ်မင်းကျိုးကို ဖယ်ရှားထုတ်ပယ်မည်ဖြစ်ကာ အခြားခရိုင်သို့ ပြောင်းရွှေ့ခန့်အပ်မည်ဖြစ်သည်။ သန်ဘက်ခါကျလျှင်တော့ အရပ်မျက်နှာပေါင်းစုံမှ ရန်ပွဲများ ထကြွဆူပွက်လာမည်ဖြစ်ကာ ညီလာခံတစ်ခွင်လုံး မှုန်မှိုင်းမှိုင်းလေထုကြီးနှင့် အမည်းရောင်မီးခိုးလုံးများ ပြည့်နှက်အုံ့ဆိုင်းလာလိမ့်မည်။ ထို့နောက် "အေး၊ မင်း သီချင်းအဆိုရပ်တာနဲ့ ငါ စင်ပေါ်တက်ခဲ့မယ်" ၊"မင်းပြောပြီးတာနဲ့ ငါပြောမယ်"ဟူသောပွဲများ ထွက်ပေါ်လာမည်ဖြစ်သည်။

ကျင်ချီး၏ဘဝကမူ လွယ်ကူချောမွေ့စွာပင် ဖြတ်သန်းကုန်လွန်သွားခဲ့သည်။ မိုးလင်းလာသည်နှင့် အစီရင်ခံစာတင်ဖို့အတွက် နန်းတော်သို့ နေ့စဥ်ထွက်သွားသည်၊ ထိုမှူးမတ်များ၏ မျက်လုံးအောက်က မျက်ကွင်းညိုများကို လိုက်ကြည့်ခဲ့ကာ သူကိုယ်တိုင်ကမူ ဘာဖြစ်တည်မှုမှမရှိသလိုပင် နေခဲ့သည်။ ထို့နောက် သဲလွန်စရှာမရလောက်အောင် လှစ်ခနဲပျောက်ကွယ်သွားတတ်သည်။

ပေါ်လာလိုက်ပျောက်သွားလိုက်နှင့် သူ့အား သရဲတစ္ဆေတစ်ကောင်ဟု ခိုင်းနှိုင်း၍ပင် ရပေ၏။

နန်းတော်မှ ပြန်ရောက်လာပြီး ကျန်ရှိသောအချိန်များတွင်လည်း ထိုကောင်စုတ်လေးဝူးရှီးအတွက် ပေါပေါပဲပဲစာသင်ဆရာအဖြစ် နေ့တိုင်းစာသင်ပေးလိုက်၊ ရာသီဥတုကြည်လင်သာယာတိုင်း ဟွောင်ဟွားအပျော်မောင်အိမ်သို့ အပြေးသွားလိုက်နှင့် အချိန်ဖြုန်းတတ်သည်။ ရာသီဥတုမကောင်းလျှင်တော့ နန်နဥ်စံအိမ်တော်တွင်သာ ဂူအောင်းနေတတ်သည်။ ဘာမှလုပ်စရာမရှိတော့လျှင် ဘယ်ကသွားခေါ်လာမှန်းမသိရသော သဘင်သည်အဖွဲ့တစ်ဖွဲ့ကို စံအိမ်၏အနောက်ဘက်ခြံဝန်းထဲ လာရောက်ဖျော်ဖြေခိုင်းစေသည်။ ထို့နောက် သူတို့သီဆိုဖျော်ဖြေဖို့ရာအတွက် ဇာတ်ကြောင်းနှင့် ဘာမှသက်ဆိုင်ခြင်းမရှိသော ထူးထူးဆန်းဆန်းစာသားများ ရေးသားသီကုံးပေးလေ့ရှိသည်။ စိတ်ကောင်းဝင်လာချိန်ဆိုလျှင် ဝူးရှီးကိုပါ ဖိတ်ခေါ်လာတတ်သေးသည်။

အရှင်ခုနစ် Where stories live. Discover now