အချပ်ပို - ၂ { နှောင်းနောင်ချိန်ခါ }

5.1K 826 166
                                    

အချပ်ပို - ၂ { နှောင်းနောင်ချိန်ခါ }

အမျိုးအမည်မသိရသော အရောင်စုံအသွေးစုံလှသည့် ငှက်လေးတစ်ကောင်က ကျင်ချီး၏ပခုံးထက်သို့ သက်ဆင်းနားခိုလာခဲ့သည်။ ကျင်ချီးမှာ ထိုငှက်လေးကို အတန်ကြာသည့်အထိ ထူးဆန်းအံ့ဩစွာ စူးစမ်းလေ့လာနေခဲ့သည်။ ဤလောကကြီးထဲတွင် နန်ကျန်းထက်ပိုပြီး သက်ဝင်လှုပ်ရှားမှုများပြည့်နှက်နေမည့်နေရာ ရှိနိုင်တော့မည်မဟုတ်ဟုပင် ကျင်ချီး ခံစားလိုက်ရသည်။ ဤဒေသမှာ သက်ရှိသတ္တဝါမျိုးစုံတို့၏ လှုပ်ရှားသွားလာမှုများဖြင့် တစ်နှစ်တာကာလပတ်လုံး တက်ကြွလန်းဆန်းမှုများ ပြတ်လပ်သွားမည့်ဟန်လည်း မရ။

ဆယ်ကျော်သက်အရွယ် နန်ကျန်းသားလုလင်ပျိုလေးတစ်ဦးက သူ၏ဝိုင်းစက်ရွှန်းလဲ့သော မျက်ဝန်းများဖြင့် ကျင်ချီးအား စူးစမ်းစွာ အကဲခတ်လာခဲ့သည်၊ ထို့နောက် ဝူးရှီးအနား တိုးလာပြီး စကားအချို့ပြောလာ၏။ ဝူးရှီးလည်း ခေါင်းညိတ်လိုက်ကာ ကျင်ချီးဘက် လှည့်ပြောလာခဲ့သည်။

"ကျွန်တော့်ဆရာ....၊ ဟို.....အဓိကရပုဂ္ဂိုလ်ကြီးလို့ ကျွန်တော်တို့ခေါ်နေကြတဲ့ နန်ကျန်းရဲ့အရင်နတ်ဆေးဆရာကြီးက ခင်ဗျားကို တွေ့ချင်နေလို့ပါတဲ့"

နေရာတကာ လျှောက်ကြည့်နေသော ကျင်ချီး၏မျက်ဝန်းများမှာ ချက်ချင်းပင် တုံ့ဆိုင်းရပ်တန့်သွားကာ ဝူးရှီးဘက်သို့ လှည့်​ကြည့်လာခဲ့သည်။

"မင်း ဘာပြောလိုက်တယ်"

"ခင်ဗျားရဲ့အကြောင်းကို ကျွန်တော် သူ့ဆီ တစ်ခါ ပြောပြထားဖူးတယ်။ ခင်ဗျားကို သူ တွေ့ချင်နေခဲ့တာ"

သူ့နှုတ်ခမ်းသားများ အနည်းငယ်ခြောက်သွေ့သွားသည်ဟု ကျင်ချီး ခံစားလိုက်ရသည်။
အနည်းငယ်အံ့အားသင့်သွားပြီးသည့်နောက် ဝူးရှီးအား မေးခွန်းထုတ်လာခဲ့၏။

"မင်း....မင်း သူ့ကို ဘာတွေပြောထားသေးလဲ"

ဝူးရှီးက ပြုံးရင်းနှင့်သာ ခွန်းတုံ့ပြန်လာသည်။

"ခင်ဗျားက ကျွန်တော့်ရဲ့ကျောက်စိမ်းလက်စွပ်ကို ဆင်မြန်းသိမ်းဆည်းထားတဲ့လူပါလို့ ပြောထားတယ်"

အရှင်ခုနစ် Where stories live. Discover now