အပိုင်း - ၄၁ { သိုဝှက်ထားသည့်အချစ်ပန်းများ ပွင့်လန်းဝေဖြာလာခြင်း }

3.1K 737 52
                                    

အပိုင်း - ၄၁

{ သိုဝှက်ထားသည့်အချစ်ပန်းများ
ပွင့်လန်းဝေဖြာလာခြင်း }

"ချီတက်ဆုတ်ခွာနည်းဗျူဟာမှာ မင်းဘက်က အရေးသာနေတဲ့အချိန် နောက်ဆုတ်တတ်တာရယ်၊ နောက်ဆုတ်နေတဲ့အချိန် အရေးသာအောင်လုပ်တတ်တာရယ်ဆိုတဲ့ အပိုင်းကဏ္ဍတွေ ပါဝင်တယ်  "

ကျင်ချီးက အပြာရောင်ခပ်ဖျော့ဖျော့အဆင်းရှိ ဝတ်ရုံတစ်ရုံအား ကပိုကယို ဝတ်ဆင်ထားသည်။ ခုလေးတင် နေ့ခင်းပိုင်း တစ်ရေးအိပ်ပြီး ပြန်နိုးလာခြင်းဖြစ်လေရာ ထုံးဖွဲ့ဖြီးသင်ခြင်းမပြုရသေးသော မင်ရောင်ပမာ ဆံနွယ်မျှင်များမှာ တွဲခိုကျဆင်းနေခဲ့သည်။ ထိုဝတ်ရုံ၏လည်ပင်းစက အဖြူရောင်ဖြစ်နေပေရာ ထိုဆံနွယ်များနှင့် အရောင်အဆင်းချင်း လွန်စွာမှ ကွဲပြားနေလို့။ ကျောမှီသလွန်ထက် မှီထားရင်း မျက်လွှာတစ်ဝက်ချထားကာ ကျင်ချီး၏ စကားသံထဲတွင် နှာသံနည်းနည်းပေါက်နေ၏။ ထို့နောက်မှာတော့ ထိုအသံထဲ ကြည်လင်ပြတ်သားမှုများ ဘယ်ကတည်းက ဝင်ရောက်လာမှန်း မသိလိုက်ရ ၊ အချိန်ကြာလာသည်နှင့်အမျှ တိုးလျဩရှသောအသံမျိုး ပြန်ဖြစ်လာခဲ့သည်။ အလျင်စလိုနိုင်ခြင်းမရှိသော ထိုသူ၏ စကားအခွန်းတိုင်းက ဝူးရှီး၏ နှလုံးသားအား တသိမ့်သိမ့် ရိုက်ခတ်နေခဲ့သယောင်။

"ဘေးလူအယောက်တိုင်းက မင်း ရှေ့ဆက်တိုးလိမ့်မယ်လို့ ထင်ကြေးပေးနေကြရင် မင်းဘက်က ခြေလှမ်းနည်းနည်းလောက် နောက်ပြန်ဆုတ်ပေးရမယ်။ ဒါမှ သွားပြီးမပိတ်ပင်ကောင်းတဲ့ တစ်ချို့ပုဂ္ဂိုလ်တွေရဲ့လမ်းပေါ် အတားအဆီးတစ်ခု ဖြစ်မလာမှာ။ ဒါပေမယ့် ဘေးလူတွေက မင်း နောက်ဆုတ်တော့မယ်လို့ ထင်နေကြရင် ဘာပဲဖြစ်နေနေ မင်းဘက်က ရှေ့ဆက်တိုးရမယ်။ ဒါကို ဗိုလ်ခြေတစ်သိန်းနဲ့ ဆန့်ကျင်ရင်ဆိုင်ရတာတောင် ရှေ့ကိုဆက်တိုးမယ်လို့ ခေါ်ကြတယ်"

ဝူးရှီးက သူ့အား တိတ်ဆိတ်စွာသာ ကြည့်လာသည်၊ သူ့စိတ်အစဥ်ကမူ လျှောက်တွေးနေမိ၏။ ကျင်ချီးက ထိုအကြောင်းကို ပျင်းရိလေးတွဲ့စွာသာ ပြောပြနေခဲ့ကာ အချိန်မရွေးအိပ်ပျော်သွားတော့မလို ဖြစ်နေသည်။ ထို့ကြောင့် ဝူးရှီးဘာဖြစ်နေမှန်း သတိမထားခဲ့ပါချေ။ အတန်ကြာသွားသည့်တိုင် ထိုကောင်လေးဘက်က ပြန်လည်တုံ့ပြန်ခြင်းမရှိတော့မှ ခေါင်းလေးစောင်းငဲ့ပြီး မေးလာ၏။

အရှင်ခုနစ် Where stories live. Discover now