အပိုင်း - ၃၉ { တုံ့ဆိုင်းခြင်းများစွာ }

2.8K 717 106
                                    

အပိုင်း - ၃၉

{ တုံ့ဆိုင်းခြင်းများစွာ }

ဝူးရှီးမှာ စကားဖောင်ဖွဲ့ပြောတတ်သောသူ မဟုတ်ပါ။ အများစုအားဖြင့် တစ်ပါးသူကသာ ပြောနေမည်ဖြစ်ကာ သူကချည်း နားထောင်ပေးတတ်၏။ ထိုစကားများကို သူ သေချာအာရုံစိုက်သလား မစိုက်ဘူးလားဟု မသိရသော်လည်း သူ၏တုံ့ပြန်ချက်အများစုမှာမူ မေးခွန်းတိုတိုလေးများ ပြန်မေးတတ်ခြင်း၊ ခေါင်းညိတ်ခြင်းနှင့် ခေါင်းခါခြင်းတို့သာဖြစ်သည်။ သို့သော် သူနှင့် အချိန်အကြာကြီးသိကျွမ်းရင်းနှီးလာခဲ့သော ကျင်ချီးကမူ ဝူးရှီးဘက်မှ တကယ်စိတ်ပါဝင်စားစွာ နားထောင်နေစဥ်ပြသော အမူအရာနှင့် စိတ်မပါ့တပါနားထောင်နေစဥ်ပြသော အမူအရာမှာ မတူညီကြောင်း သိလာခဲ့ပေသည်။

တစ်ဖက်လူ၏ အရည်မရအဖတ်မရစကားများကို နားထောင်နေရလျှင် ဝူးရှီး၏မျက်ဝန်းများမှာ အများအားဖြင့် အောက်သို့စိုက်ကြည့်နေတတ်ကာ တစ်ဝက်မျှ မျက်လွှာချထားလျက် ငြိမ်သက်စွာရှိနေတတ်သည်။ ထို့ကြောင့် ​တစ်ဖက်လူပြောနေသောစကားနှင့် အဆီအငေါ်တည့်စွာ ခေါင်းညိတ်ပြနိုင်ဖို့ အခက်တွေ့တတ်သည်။ သို့သော် သူ တကယ် စိတ်ပါဝင်စားစွာ နားထောင်နေပါလျှင်မူ တစ်ဖက်လူအပေါ်တွင်သာ မျက်တောင်မခတ်စတမ်း စိုက်ကြည့်နေတတ်သည်။

ထိုသို့သောမျက်ဝန်းများဖြင့် အကြည့်ခံရတိုင်း ကျင်ချီးလည်း နည်းနည်းပါးပါးတော့ စကားဆက်ပြောချင်လာတတ်၏။

အကြင်သူတစ်ယောက်မှာ ရှုပ်ထွေးပွေလီလှသော လူသားများနှင့် ရှုပ်ထွေးပွေလီလှသော ခံစားချက်ပေါင်း သောင်းခြောက်ထောင်ကို အမြဲတစေ တွေ့ကြုံခဲ့ရပါလျှင် ၊ ရိုးရှင်းကာ လိမ်ညာလှည့်ဖျားခြင်းမရှိသော အရာများနှင့် ကြုံကြိုက်ရသောအခါ စိတ်နှလုံးသားများပျော့ပျောင်းသွားတတ်သည်။ ထိုအကြောင်းကြောင့်ပင် ကျင်ချီးမှာ ကလေးသူငယ်များနှင့် တိရစ္ဆာန်လေးများပေါ်တွင် ထူးဆန်းစွာပင် စိတ်ရှည်သည်းခံတတ်ပေ၏။ သို့သော် သူ ဘယ်နှစ်ဘဝပင် ပြန်လည်မွေးဖွားခဲ့ပါစေ ၊ သူ့ထံတွင် ရင်သွေးမျိုးဆက်များ မထွန်းကားခဲ့သည်မှာ နှမြောစရာကောင်းလှသည်။

အရှင်ခုနစ် Where stories live. Discover now