အပိုင်း - ၇၄ { အဆုံးသတ်တိုက်ပွဲ ၊ စတုတ္ထပိုင်း }

2.5K 641 57
                                    

အပိုင်း - ၇၄

{ အဆုံးသတ်တိုက်ပွဲ ၊ စတုတ္ထပိုင်း }

ဝူးရှီးမှာ တစ်နေ့ကို လီတစ်ထောင်နှုန်းဖြင့် ခရီးနှင်ခြင်းဟူသည့် ဆန်းကြယ်လှသောအဖြစ်ကို  တကယ်လက်တွေ့ ဖြစ်လာစေခဲ့သည်။

တာ့ချင့်နှင့် နန်ကျန်းကြားရှိ နယ်စပ်တပ်ဖွဲ့သည်လည်း နန်းမြို့တော်သို့ ပြန်လည်ဆင့်ခေါ်ခံရလေရာ ထိုတပ်ဖွဲ့များသည်လည်း အမျိုးမျိုးသောအမြန်နှုန်းနှင့် တာ့ချင့်သို့ အလျိုလျိုပြန်သွားခဲ့ကြသည်။ သို့သော် ထိုတပ်ဖွဲ့များက ရှူဒေသမှ ထွက်ခွာလာရုံသာရှိသေး၊ ဝူးရှီးတို့၏နန်ကျန်းအဖွဲ့က သူတို့အား လိုက်မီလာခဲ့သည်။ စစ်သူကြီးဖုန်၏ လက်ရွေးစင်စစ်သည်တော်လေးသိန်းကို ဤနေရာတွင် မြေမြှုပ်ပစ်ခဲ့သည့် ထိုနန်ကျန်းသားများ သူတို့ရှေ့ ဘွားခနဲ ပြန်ရောက်လာသောအခါ ထိုနယ်စပ်တပ်သားများမှာ အလွန်ပင်ထိတ်လန့်သွားခဲ့ကာ ချွေးစေးများပင် ပျံလာခဲ့သည်။

နန်ကျန်းမျိုးနွယ်စုမှာ သတ္တိသွေးပြောင်မြောက်လှသည်။ သို့သော်လည်း သူတို့ဒေသနှင့်သူတို့ ရောင့်ရဲတင်းတိမ်တတ်ကြ၏။ ထိုသူတို့က ချစ်ရဲကြသည္၊ မုန်းရဲကြသည်။ သို့တည်းမဟုတ် အချစ်နှင့်အမုန်း ထိုခံစားချက်နှစ်မျိုးစလုံးကို ရိုးရှင်းသန့်စင်စွာ ရင်ဝယ်ပိုက်ထားနိုင်ကြသည်။

နတ်ဆေးဆရာကြီးအဖြစ် လွှဲပြောင်းခံယူလိုက်ကတည်းက ဝူးရှီးမှာ နန်ကျန်းဒေသတစ်ခုလုံးအပေါ် အဆုံးစွန်သောဩဇာအာဏာ သပ်ရောက်စိုးမိုးနိုင်ခွင့် ရရှိပိုင်ဆိုင်ခဲ့လေပြီ။ ထိုသူတို့က မည်သည့်ရည်ရွယ်ချက်ဖြင့် ရောက်ရှိလာကြမှန်း သိသွားခဲ့သည့်တိုင် တာ့ချင့်တပ်သားများမှာ ရက်အနည်းငယ်ကြာညောင်းသောအခါ သူတို့နောက်သို့ အမီမလိုက်နိုင်ကြတော့။ နန်ကျန်းသားများကမူ နတ်ဆေးဆရာအသစ်စက်စက်ကြီးကို သူတို့၏စိတ်ဝိညာဥ်ပိုင်းဆိုင်ရာ ခေါင်းဆောင်တစ်ယောက်ဟုပါ လက်ခံယုံကြည်ထားကြသဖြင့် ထိုပုဂ္ဂိုလ်နှင့်အတူ လိုက်ပါချီတက်ရရုံနှင့်ပင် နောက်လိုက်တပ်သားဖြစ်သူတို့မှာ အစွမ်းအစများ တိုးပွားလာခဲ့ကာ စိတ်ခွန်အားမြင့်တက်လာကြသည်။ ရက်အနည်းငယ်ကြာသွားသဖြင့် ထိုင်းမှိုင်းနှေးကွေးကာ အသက်မဲ့သလိုဖြစ်နေခဲ့သည့် တပည့်တပ်သားများပင် သူတို့ခေါင်းဆောင်ကြီးကို ကြည့်လိုက်ရရုံမျှနှင့် ပင်ပန်းမှုတစ်ဝက် လျော့ပါးသွားခဲ့လေသည်။

အရှင်ခုနစ် Where stories live. Discover now