အပိုင်း - ၈ { အံ့အားသင့်စွာ လည်ပြန်ငေးမိ }

4.5K 955 47
                                    

အပိုင်း - ၈

{အံ့အားသင့်စွာ လည်ပြန်ငေးမိ}

အမတ်မင်းကျန်းမှာ တကယ်ကိုပင် ဉာဏ်နီဉာဏ်နက်များလှသော မြေခွေးအိုကြီးပေတည်း ။ ဤဘိုးတော်ကြီး၏ အရှက်ကင်းမဲ့မှုကို ကျင်ချီး ပေါ့ပေါ့ဆဆ တွက်ဆမိလိုက်ခြင်းသာဖြစ်သည်။ အကြောင်းမှာ ကျန်းစစ်ကျုံးက ပြန်နိုးလာပြီး ဖြစ်ကြောင်းကုန်စင်ကို သိသွားပြီးသည့်တိုင် ခေါင်းကိုတိုင်နှင့်လည်း ပြေးမဆောင့်၊ နံရံနှင့်လည်း ပြေးမတိုက် ၊ ငိုလည်းမငို၊ သောင်းကျန်းခြင်းလည်းမရှိ၊ ရုန်းကန်ငြင်းဆန်ခြင်းလည်းမရှိဘဲ မျက်ဖြူသာလန်သွားကာ ခြေကားယားလက်ကားယားကြီးနှင့် ထိုနေရာမှာပင် ချက်ချင်းကြီး မေ့လဲသွားလေသည်။

ကောင်းပေစွ၊ ​ကောင်းပေစွ။

ဘာတစ်ခွန်းမှပင် မပြောလိုက်ရ၊ ဘာမှတောင် မလုပ်လိုက်ရရှာပေ။

ဟယ့်လျန်ရိက ခေါင်းအနည်းငယ်မော့လိုက်ကာ လက်ရှိအခြေအနေကို အကဲခတ်လိုက်၏။ ခန်းမကြီးထဲတွင် ကျောက်မင်ကျီး၏ မိုးမွှန်နေအောင် ကျိန်ဆဲနေသောအသံနှင့် နန်းတွင်းအရာရှိများ၏ မပြီးနိုင်မစီးနိုင်သေးသော စွပ်စွဲပြောဆိုချက်များကသာ ပဲ့တင်ထပ်ကာ သောသောညံနေလျက်ရှိသည်။ ထိုအသံများကို ခဏလောက်နားထောင်ပြီးသွားသောသကာလ ဟယ့်လျန်ရိ၏စိတ်ထဲ အနည်းငယ်ထုံပေပေဖြစ်လာကာ မျက်လုံးများကလည်း အနည်းငယ်ထိုင်းမှိုင်းပင်ပန်းနေပြီး ဦးခေါင်းကို မသိလိုက်မသိဘာသာမော့ကာ ဝူးရှီး၏ လှုပ်ရှားမှုများကို အတုလိုက်ခိုးနေမိသည်။ 

သူ၏မျက်လုံးများက ကြောက်စရာကောင်းလောက်အောင်ကို ကိုက်ခဲနေသည်။ ယခု ဟယ့်လျန်ရိ အလုပ်ချင်ဆုံးသောအရာမှာ ဤဒေါသများကို အားပါးတရ ဖောက်ခွဲပစ်လိုက်ကာ " တိတ်စမ်း!!!!!"ဟုသာ အော်ပစ်လိုက်ချင်၏။ ရှေ့မှောက်ရှိ စားပွဲကို စိတ်အားရှိသလောက် ရိုက်ခွဲပစ်လိုက်ချင်ကာ ကျယ်လောင်စွာ အော်ဟစ်ပစ်လိုက်ချင်၏။

"ကောင်းကင်သားရတနာကို ခစားတဲ့လူတွေပါ၊  ပညာရှိအကျော်အမော်တွေရဲ့ တပည့်တွေပါလို့ မင်းတို့ကိုယ်မင်းတို့ ပြောနေကြတဲ့ လူတွေအကုန်လုံး ကိုယ့်ရဲ့ဣန္ဒြေသိက္ခာ  ဘယ်လိုတွေဖြစ်နေကြပြီလဲဆိုတာ ကိုယ့်ကိုယ်ကိုပြန်ကြည့်ကြစမ်း။ ​မင်းတို့တစ်တွေက ဘယ်လိုတောင် ရယ်သွေးသွမ်းစရာကောင်းတဲ့ အခြေအနေထဲ ရောက်နေကြတာလဲ။ ညီလာခံသဘင်ကို မထီမဲ့မြင် စော်ကားရဲတဲ့ ကောင်တွေကိုရော၊ တစ်ကိုယ်လုံးအဆိပ်တွေနဲ့ ပြည့်နေတဲ့ နန်ကျန်းကနေလာတဲ့ မကောင်းဆိုးဝါးတွေအကုန်လုံးကို အပြင်ဆွဲထုတ်သွားပြီး တစ်ယောက်မကျန် ခေါင်းဖြတ်သတ်ပစ် !!!!  "  - ဟုသာ အော်ပစ်လိုက်ချင်၏။

အရှင်ခုနစ် Where stories live. Discover now