အချပ်ပို - ၃ { ကူရာမဲ့တံတား၏ တစ်ဖက်ခြမ်းဝယ် }

7.1K 843 224
                                    

အချပ်ပို - ၃

{ ကူရာမဲ့တံတား၏ တစ်ဖက်ခြမ်းဝယ် }

( အရင်ဘဝ ၊ ဟယ့်လျန်ရိ )

အမှတ်တရများဆိုသည်မှာ အပေါက်ဗရပွပြည့်နေသည့် သစ်ဆွေးတုံးတစ်ခုနှင့် တူလှပေ၏။ ထိုသစ်ဆွေးတုံးထဲတွင် အရာများစွာ စိမ့်ဝင်နေသည်ဟု ထင်မှတ်ရသော်ငြား အချိန်ကာလဟူသောအရာက ၎င်းအား တိုက်စားသွားခဲ့မည်သာ။ ပကတိမျက်စိဖြင့် မမြင်နိုင်သောအရာများကိုဆိုလျှင် မေ့ပျောက်ရန်ပင် ပိုလွယ်သေးသည်။ လူသားတစ်ယောက်၏ဘဝမှာ မှိုပင်တစ်ပင်ထက်တော့ ရှည်ကြာကာ ပုစဥ်းရင်ကွဲတစ်ကောင်ထက်တော့ ကြာညောင်းသည်။ သူတို့အားလုံးမှာ ဘဝခရီးလမ်းတစ်ခုကို အမြဲလျှောက်လှမ်းနေရကာ လမ်းခုလတ်မှာတင် မျက်စိလည်နေကြကုန်သည်။

တစ်ခုခုကို မြင်တွေ့လိုက်ရသောအခါမှာမှ လွန်လေခဲ့ပြီးသော နှစ်ပေါင်းများစွာကို ပြန်ပြီး အစဖော်မိတတ်ကြကာ နှလုံးသားထဲတွင် ဂယက်ငယ်များ လှုပ်ခတ်လာခဲ့သည်၊ အတိတ်ဟောင်းများ၏ ရိုက်ပုတ်မှုဒဏ်ကို ခံယူခဲ့ကြရသည်။ ထို့နောက်မှာတော့ အတွေးစများကို မရပ်တန့်နိုင်ကြတော့ပေ။

မိုးသည်းသောနေ့တစ်နေ့တွင် ဟယ့်လျန်ရိမှာ ကျင်ပေယွမ်းအား သတိရမိနေခဲ့လေ၏။

လွန်ခဲ့သောနှစ်ပေါင်းများစွာတုန်းက ထိုကောင်လေးကို ခမည်းတော်ဧကရာဇ်ကိုယ်တော်တိုင် ပွေ့ချီကာ နန်းတော်သို့ ခေါ်ဆောင်လာခဲ့သည်။ ထိုပေါက်စလေးက သွားတစ်ဝက်မျှသာ ပေါက်နေကာ မပီကလာပီကလာစကားလေးသာ ပြောတတ်ဆိုတတ်ခဲ့ပေသည်။ ကြွေထည်ဖြင့် သွန်းလုပ်ထားသည့် ယမင်းရုပ်ထုလေးအလား၊ ထိုပေါက်စလေးမှာ ရွှန်းလဲ့တောက်ပသောမျက်ဝန်းအစုံနှင့် အင်မတန်မှ ချစ်ဖို့ကောင်းနေခဲ့သည်။

ကျင်ပေယွမ်းမှာ ငယ်ရွယ်စဥ်ကတည်းပင် သူ့အတွက် အပါးတော်မြဲတစ်ယောက်လို ဖြစ်ခဲ့သည်။အချိန်များစွာ ဖြတ်သန်းကုန်လွန်ပြီးသွားသောအခါ ထိုကောင်လေးက ချောမောတင့်တယ်စွာ အရွယ်ရောက်လာခဲ့ရုံတင်မက ပင်ကိုအားဖြင့်လည်း အရာရာတိုင်းကို ဂရုစိုက်အကဲခတ်တတ်သေးမှန်း ဟယ့်လျန်ရိ သိလိုက်ရသည်။ ထိုသူက ရွှေနန်းတော်ထဲတွင် ကျွေးမွေးပျိုးထောင်ခံလာရသောကြောင့်ထင်၊ သူ့ကို လူအများ ချစ်ခင်မြတ်နိုးလာအောင် မည်သည့်အချိန်တွင် မည်သည့်စကားမျိုးပြောရမည်မှန်း ကောင်းစွာသိနေသည်။ ထို့ကြောင့် ဟယ့်လျန်ရိမှာ ထိုယောက်ျားပျိုအား အလိုအလျောက်ပင် သတိကြီးစွာ ထားလာခဲ့သည်။ သူနှင့် တူညီသောကံကြမ္မာရှိသည့် အဖော်လူသားတစ်ယောက်ဟု ခံစားခဲ့ရသည်။

အရှင်ခုနစ် Where stories live. Discover now