Episode 2(Unicode )

6.3K 507 2
                                    

ဝါးအိမ်နှင့် ပေနှစ်ဆယ်ခန့်ဝေးသော ရေတွင်းသည် အင်္ဂတေဖြင့် ဘောင်ခတ်ပြီး သွပ်အမိုးဖြင့် တည်ဆောက်ထားသည် ။ ရေပုံးကို စက်သီးဘီးကြိုးတပ်ထားသဖြင့် အလွယ်တကူ ဆွဲတင်နိုင်၏ ။ အကာမရှိသော်လည်း ပတ်ဝန်းကျင်၌ ခရေပင် ၊ ဇီဇဝါပန်းပင် ၊ သံပရာပင်တစ်ချို့ ဝန်းရံထား​သော​ကြောင့် လုံခြုံမှု ရှိနေသည် ။

မနက်ဝေလီဝေလင်းချိန် နှင်းကျထား​သော​ကြောင့် သစ်ရွက်များပေါ်၌ ​ရေစက်များ ခိုတွဲကာ မြူခိုးဝေဝေဖြင့် ချမ်းစိမ့်စိမ့် ။ ခိုက်ခိုက်တုန်​အောင် ချမ်း​နေသော်လည်း ညို့ကတော့ အေးစိမ့်နေသော ရေကို အံတု၍ အဝတ်အစားများ လျှော်ဖွပ်ကာ ရေသွက်သွက်လက်လက် ခပ်ချိုးသည် ။

ရွှင်ရွှင်မှာမူ ရေမချိုးသေးဘဲ ထဘီရင်လျှားနှင့် ခရေပင်​အောက် ခ​ရေပန်းကြွေများကောက်နေသည် ။ ညို့လည်း ရေချိုးပြီးလျှင် ခရေပန်းများ ကောက်ယူရန် တွေးမိ၏ ။ ညို့တို့ ရေချိုးနေစဥ် တီးတိုးတီးတိုးအသံကြားရ၍ နောက်လှည့်ကြည့်တော့ ရေလဲပိုင်းပတ်ထားသော အ​ပေါ်ပိုင်းအဝတ်ဗလာယောက်ျားနှစ်ဦး ရေတွင်းသို့ လျှောက်လာကြသဖြင့် ညို့ လန့်သွားသည် ။ ခပ်ထားပြီးသော ရေကို အမြန်လောင်းချိုးလိုက်ပြီး မျက်နှာသုတ်ပဝါကို လွှမ်းခြုံရစ်ပတ်ကာ လျှော်ပြီးသည့် အဝတ်ပုံးယူ၍ ဖိနပ်ထိုးစီးလိုက်သည် ။

"ရေတွင်းက ကျားမ,မခွဲခြားထားဘူးလားရွှင်ရွှင်ရယ် ၊ ယောက်ျားတွေ လာနေပြီ ''

"အလုပ်သမားအချင်းချင်း နေ့တိုင်းမြင်နေရတာ မိသားစုဖြစ်​နေပြီပဲ ၊ ဒီလိုမခွဲခြားထားပါဘူးတော် ၊ မောင်မြင့် ဒီနေ့ကျမှ နင်တို့ စောလှချည်လားဟယ် ၊ အရင်ဆို ရေချိုးသောက်ပျင်းထူတဲ့ဟာတွေ ဇွဲကောင်းနေကြတာ''

ရွှင်ရွှင်က ညို့အမေးကို ​ပြန်ဖြေပြီး ထိုယောက်ျားနှစ်ဦးကို ထဘီစဆွဲ၍ အော်ဟစ်နှုတ်ဆက်နေသေး၏ ။

"ညက မချိုးလို့ အခုလာချိုးတော့ပေါ့ဟ ၊ အလို သူလေးက ဘယ်သူတုန်းဗျ ၊ ရွှင်ရွှင် အလှလေးနဲ့ ငါတို့ကို မိတ်ဆက်ပေးဦးလေဟာ''

"ဘာပြောတယ်ငနာလေး ၊ ကျုပ် ရေပုံးနဲ့ လာထုလိုက်ရ''

"ဟို...ညို့ အရင်ပြန်နှင့်ပြီရွှင်ရွှင် ၊ လိုက်လာခဲ့တော့နော်"

This is my prayerDonde viven las historias. Descúbrelo ahora