Episode 32(Unicode)

4.1K 408 48
                                    


ကလောမြို့ပတ်လမ်းသည် မနက်ခင်း၌ မြူဝေ၍ အလွန်တိတ်ဆိတ်နေ၏ ။ ညို့ မနက်အစောထ၍ ထင်းရှူးတောထဲ လမ်းလျှောက်မိသည် ။ အခြားသဘာဝအနံ့ကို မရနိုင်အောင် ထင်းရှူးအနံ့တွေက ဝန်းကျင်၌ စိုးမိုးနေ၏ ။

မြို့ပတ်လမ်းဘေး ချိုင့်ထဲတွင်မူ ခုတ်လှဲ ပစ်ထားသည့် ထင်းရှူးပင်စည်အချို့ကို တွေ့ရသည် ။ ခုတ်လှဲပစ်ပြီးမှ နိုင်ငံခြားဝယ်သူက မကြိုက်သဖြင့် ကျန်ရစ်ခဲ့သည့်အပင်များဟု မြို့ခံများထံမှ ညို့သိခဲ့ရပါသည် ။ ထင်းရှူးပင်များကို ဤအတိုင်း ပစ်ထားခြင်းမှာ နှမြောစရာကောင်းလှ၏ ။

ကလောရှိ ခြံတွေက ကျယ်သည် ။ ခြံတစ်ခြံကို လေးငါးဧကခန့်ရှိနိုင်၍ တစ်ဖက်ခြံမှအသံကို သေချာမကြားရနိုင်ပါ ။ ညို့ သေချာနားစွင့်ကြည့်ပါမှ လေတိုးသံလိုလို တဝီဝီ တရွှီရွှီ မြည်နေသော ရေဒီယိုအသံတဂျိဂျိကို ကြားရသည် ။ တစ်စုံတစ်ယောက်က ကြိုးကြိုးစားစားဖြင့် ရေဒီယိုအသံဖမ်းနေ၏ ။ အတန်ကြာတော့ တဂျိဂျိအသံများ ပျောက်ကာ သီချင်းတစ်ပုဒ်ကို တိုးလိုက်ကျယ်လိုက် စိမ့်စိမ့်ကြားရသည် ။

"သိန္နီနယ် လာရှိုးက ရွာဖြိုးအုံ့ဆင် မိုးခါမဟုတ် မထင် ရွာဖြိုးအုံ့ဆင် ကမ္ဘောဇ ဂုတ်မြတ်မဟီ ဒုဌဝတီ ရွှေသီတာရေယာဥ် နန်းရှေ့ကိုကြီးတင်က ကျွန်မ လေဘာတီကိုမြင်"

ခပ်တိုးတိုး ပျံ့လွင့်လာသည့်ရေဒီယိုသီချင်းသံကို အသေအချာ နားစိုက်ထောင်မိ၏ ။ သီချင်းမှာ နန်းတော်ရှေ့ဆရာတင်ရေးသော လေဘာတီမမြရင်၏ ကမ္ဘောဇဟူသော သီချင်းဖြစ်သည် ။ ညို့ အတော်ကြာအောင် နားဆင်ဖြစ်၏ ၊၊ သီချင်းဆုံးတော့ ညို့ဆက်လျှောက်လာခဲ့သည် ။

ထင်းရှူးတောသည် လမ်းလျှောက်ကောင်းသည် ။ ထို့အပြင် စာရေး စာဖတ်၍လည်း အတော်ကောင်းလိမ့်မည် ။ ဤနေရာ၌ စာအုပ်တစ်အုပ်ကို ဖတ်နေရလျှင် အရာအားလုံးမေ့သွားနိုင်လောက်အောင် အေးချမ်းဆိတ်ငြိမ်လှပါသည် ။

ထိုနောက် ဘန်ဂလိုရှေ့မှ ချိုင့်ဝှမ်းထဲရှိ သစ်တော်ပင်တန်းကို ညို့ကြည့်နေမိသည် ။ ထိုစဥ် ကိုခမ်းတွမ်၏ ဂျစ်ကားသံကို ကြားလိုက်သဖြင့် ညို့ မြို့ပတ်လမ်းကို လှည့်ကြည့်သည် ။ ကိုခမ်းတွမ်က စားစရာအထုပ်များကိုင်ဆွဲကာ ညို့ဆီသို့ လျှောက်လာနေ၏ ။

This is my prayerWhere stories live. Discover now