Episode 5(Unicode)

4.7K 455 1
                                    

သခင်လေးစိုင်းဝဏ္ဏဇော်လက်ထပ်မည့် မိန်းမနာမည်ကြားပြီး ညို့ထိတ်လန့်သွားသည် ။

"သေချာလို့လားကြီးမေရယ် ၊ မဖြစ်နိုင်ပါဘူး ၊ စောမြမွန်က ဘယ်လိုလုပ်''

"သေချာတယ်ညို့ ၊ ကြီးမေ သမီးဘကြီးလုံကို အတည်ပြုခိုင်းပြီးပြီ ၊ မောင်မိုးမာန်ရဲ့ညီမလေး စောမြမွန်မှစောမြမွန်အစစ် ၊ ဟိုနေ့က စံအိမ်လာတော့ သမီးဘကြီးကလည်း မျက်လုံး မှုန်မှုန်ဝါးဝါးနဲ့ ရုတ်တရက်မမှတ်မိဘူးကွယ် ၊ သူကလည်း ပုံစံပြောင်းထားတာကိုး”

နေမကောင်းဖြစ်ခဲ့သည့် တစ်ရက်နှစ်ရက်အတွင်း ထောင့်သိပ်ထားခဲ့သည့် အဝတ်များကို လျှော်ဖွပ် မီးပူတိုက်၍ ညို့ အလုပ်များနေသည် ။ ကြီး​မေက ဝါးအိမ်သို့ ရောက်လာပြီး မယုံချင်စဖွယ် စကားများလာပြောသဖြင့် ညို့ပြန်ဖျားချင်သွားသည် ။

"အစ်ကိုက စောမြမွန်အတွက် လျော်ကြေးပေးဖို့ ညို့မှာ ငွေတောင်းတာဆိုတော့ သူ့ယောက်ျားနဲ့ပြတ်သွားပြီထင်တယ် ၊ စောမြမွန် အပျိုမဟုတ်ဘူးဆိုတာရော ကိုစိုင်းဝဏ္ဏ​ဇော်က သိရဲ့လား"

"ကိုလုံက သိသိချင်း မောင်စိုင်းဝဏ္ဏဇော်ကို ပြောပြလိုက်တယ် ၊ သိပြီးသားတဲ့လေကွယ် ၊ စောမြမွန်နဲ့သူ အရင်တည်းက ကြိုက်နေကြတာ ဟို​ကောင် ဖိုးထိန်က စောမြမွန်ကို အလိုမတူလိမ်ပြီး သူ့ရွာကို ခိုးပြေးသွားတာ ၊ အဲဒီညမှာပဲ စောမြမွန်ထွက်ပြေးပြီး မောင်စိုင်းဝဏ္ဏဇော်​နောက်လိုက်သွားတာတဲ့ ၊ တစ်ချိန်လုံး မောင်စိုင်းဝဏ္ဏဇော်နဲ့ပဲအတူနေနေတာတဲ့ကွယ် ''

"တကယ်ပဲလား ၊ ညို့တို့က ကိုဖိုးထိန်နဲ့ အဆင်ပြေပြေနေတယ်လို့ထင်နေတာ''

"အင်းပေါ့ကွယ် ၊ ဖိုးထိန်က လိမ်ထားတော့ ဘယ်သူမှ မသိဘူးပေါ့ ၊ အဲဒါ မောင်စိုင်းဝဏ္ဏဇော်နဲ့စောမြမွန်အတူ ရွာပြန်လာတော့ ဖိုးထိန်က သတင်းကြားပြီး ဓားဆွဲတုတ်ဆွဲနဲ့ ပြဿနာလာရှာတာတဲ့ကွယ် ၊ စောမြမွန်ကလည်း လက်ရဲဇက်ရဲဆိုတော့ ဖိုးထိန်ခေါင်းရိုက်ခွဲလိုက်လို့ အမှုတွေဘာတွေဖြစ်ရော မောင်စိုင်းဝဏ္ဏဇော်ပဲ ငွေသုံးပြီးဖြေရှင်းလိုက်ရတယ်တဲ့ ၊ ပြီးတော့ အခုလို သော်ကမြိုင်ကို ခိုးလာတာပဲကွယ် ''

This is my prayerWhere stories live. Discover now