Episode 7 (Unicode)

4.5K 452 3
                                    

ညို့ အသက်၂၉နှစ်၌ ယောက်ျားတစ်ဦးနှင့် ချစ်ကြိုက်ရန် အကြောင်းဖန်၏ ။ ထိုအရွယ်မတိုင်ခင် တစ်ကြိမ်တစ်ခါမျှ ချစ်သူမထားခဲ့ဖူး ၊၊ ပညာတတ် အသိုင်းအဝိုင်း ပိုက်ဆံရှိသူဌေးသားများစွာက ညို့ကို လာကြိုက်ကြသကဲ့သို့ မိဘများထံ လူကြီးလူကောင်းပီသစွာ နားဖောက်ကြသူများစွာရှိသော်လည်း အမြဲအလိုလို အလိမ္မာနည်းဖြင့် ငြင်းဆိုခဲ့၏ ။ မိဘတွေက လက်ထပ်ရန် အတင်းတိုက်တွန်း​စေခိုင်းမှုမရှိသလို ညို့သ​ဘောဆန္ဒအတိုင်းနေစေခဲ့သည် ။

စာအုပ်ဆိုင်ထိုင်သည် ။ အကူအညီတောင်းသည့် တက္ကသိုလ်ဝင်တန်းကလေးတစ်ချို့ကို တစ်ဦးချင်း သို့မဟုတ် ငါးဦးစုပေါင်း၍ တာဝန်ယူ စာသင်ပြပေးသည် ။ အားလပ်ချိန်များတွင် သိုးမွေးထိုးသည် ။ တစ်ခါတရံ၌ ရပ်ကွက်မှ အကူအညီတောင်းလျှင် ရပ်ကွက်​ကိစ္စများကို ​ဆောင်ရွက်ပေး၍ ညို့ဘဝကို ရိုးရှင်းစွာ နေထိုင်သည် ။

ပြည်မှ ပြောင်းလာသည့် စက်ချုပ်ဆရာမတစ်ဦးထံတွင် အိမ်တွင်းမှုအဖြစ် တတ်​မြောက်ထားချင်၍ ညို့ စက်ချုပ်သင်တန်းသွားတက်ခဲ့သည် ။ သင်တန်းတက်ရာမှ အစ်ကိုနှင့် ရေစက်ဆုံခဲ့၏ ။

အ​ကြောင်းမှာ အစ်ကိုက သင်တန်း​၏ ဘေးခန်းတွဲ၌ ဌားနေ​သော​ကြောင့်ဖြစ်သည် ။ အစ်ကိုသည် ညို့သင်တန်းမှ ပြန်ချိန်တိုင်းတွင် ညို့စက်ဘီးနောက်လိုက်တတ်သည် ။ ကြာ​တော့ မြင်ဖန်များ၍ ညို့ သတိထားမိလာ၏ ။

ထို့အပြင် စာအုပ်ဆိုင်သို့ မကြာမကြာလာတတ်သည် ။ တစ်ခါတရံ စာအုပ်လာဌားသကဲ့သို့ တစ်ခါတရံ လမ်းကြုံအကြောင်းပြပြီး စကားလာထိုင်ပြောတတ်သည် ။ စာအုပ်ဌားနေကြ ဖောက်သည်ဖြစ်၍ ညို့ ဖော်ဖော်ရွေရွေ ဆက်ဆံခဲ့သည် ။

ဒေါ်လေးက အစ်ကို့ကို လုံးဝကြည့်မရ ။ လွယ်အိတ်တစ်လုံးလွယ်ပြီး ဦးထုပ်ခပ်ငိုက်ငိုက်ဆောင်း၍ တစ်​နေကုန် လမ်း၌ ပါးစပ်ရေပက်မဝင် အာပေါက်အောင် ပြောရသော အစ်ကို၏ အိမ်ခြံ​မြေပွဲစားအလုပ်ကိုလည်း ဒေါ်​လေးက အထင်မကြီး ။ လူပျင်းလူဖျင်း​တွေ၏ လူကြား​ကောင်း​အောင်ပြော​သောအလုပ်ဟု ဆိုးဆိုးဝါးဝါး ​ဝေဖန်တတ်သည် ။ တစ်မြို့တစ်ရွာသားဖြစ်​သော​ကြောင့်လည်း ပါ၏ ။

This is my prayerWhere stories live. Discover now