Episode 14(Unicode)

3.9K 359 6
                                    

ရွက်ဟောင်းကြွေ၍ ရွက်သစ်အဖူးအ​ညှောင့်များ အပြိုင်အဆိုင် အလုအယက်ပွင့်လန်းနေသည့် ပင်ပျိုပင်အိုများ ။ မကြာမီ၌ မိုးဥတုကို ရောက်တော့မည် ။ ငယ်ငယ်က မိုးရေထဲ ပြေးလွှားဆော့ကစားရသည်မှာ ညို့ သိပ်ပျော်ခဲ့ဖူးသည် ။ ယခုတော့ အသက်အရွယ်အလိုက် ရာသီဥတုအပေါ်၌ အမြင်တွေ ပြောင်းလဲလာသည် ။ မိုးရာသီသည် လူကို စိုထိုင်းစေရုံမက ရင်ကိုလည်း စိုထိုင်း​စေသည် ။

တိမ်ညို တိမ်မဲများ စုနေသည့်ကောင်းကင်မှာ ညို့ကို သူနှင့်အတူ ငိုကြွေးမြည်တမ်းရန် အဖော်ခေါ်သည် ။ ညို့ မငြင်းနိုင်ခဲ့ ။ အရှုံးပေးချင်သည် ။ ရင်နှင့်ထပ်တူ ချစ်ရပါသော ထိုယောက်ျားကို ဘယ်အရာနှင့်မျှ မချည်နှောင်ချင် ။

ထိုယောက်ျားအသိစိတ်ဝင်မည့်နေ့ကို မျော်လင့်ချက်ကြီးစွာ ညို့ စောင့်နေခဲ့သည် ။ သို့သော် ယနေ့တိုင် ထိုနေ့ ရောက်မလာခဲ့ ။ ညို့ တဖြည်းဖြည်း သိလာခဲ့သည် ။ ထိုယောက်ျားက ညို့ကို ဖွင့်ပြောတောင်းပန်ရန် စိတ်ကူးမရှိ ။ လက်လွတ်ရန်လည်း စိတ်ကူးမရှိ ။ ညို့ကို စိတ်ကုန်မနစ်မြို့​နေသည့် အပြုအမူများလည်း ထိုယောက်ျား၌ မရှိ ။ ညို့ကို လိမ်မြဲလိမ် ညာမြဲညာပြီး အပြစ်ကင်းသူကဲ့သို့ အေးဆေးစွာနေသည် ။

ထို​ယောက်ျားမှာ စိတ်ကစားတတ်သည့် ဆယ်ကျော်သက် ကလေးကလားအရွယ်လည်းမဟုတ် ။ ဤမျှ အချိန်ကြာကြာ သတိလစ်လွတ် အမှားပြုရန်မသင့် ။ ဤအရာအား ထိုထက်ပို၍ ခွင့်မပြုချင်တော့ ။ ညို့ တစ်နည်း မဟုတ် တစ်နည်းနည်းဖြင့် ပါဝင်ရတော့မည် ။

ရုံး၌ အလုပ်လုပ်နေသော်လည်း စိတ်မဖျောက်နိုင်အောင် ဤအကြောင်းကိုပဲ တွေးနေမိသည် ။ အတွေးများကြောင့် ညို့ အစားအသောက်ပျက်သည့်အပြင် ညဆိုလျှင် အိပ်မပျော် ။ ရုံးဆင်းချိန်နီးစဥ် ပေတိုးက ညို့စားပွဲရှေ့လာရပ်သည် ။

"ဧည့်သည်လာတယ်မညို့"

"ဘယ်သူ"

"ဟို​မိစွာတေးလေးပေါ့ဗျ"

ခဟု ဆိုလိုမှန်း သ​ဘော​ပေါက်၍ ညို့ သိသိသာသာ မျက်နှာညှိုးရသည် ။ ညို့ မတွေ့ချင် ။ သူမနှင့် ဘာစကားမှလည်း ​ထွေရာ​လေးပါး မပြောချင် ။ သူမ၏ နှုတ်ချိုချို အကြည့်ချိုချိုအောက်၌ ထပ်၍ မျောမသွားနိုင်ဟု ညို့ကိုယ်ညို့လည်း အာမ,မခံဝံ့ ။ ရှေ့တွင် ညို့ကို ဂရုစိုက်ပြပြီး နောက်ကွယ်၌ ညို့ယောက်ျားနှင့် ချစ်နေကြသည် ။ ညို့ ဤထိတ်လန့်ဖွယ်ရာအဖြစ်ကို ဆက်မတွေးချင်၍ ခေါင်းကို ခါလိုက်သည် ။

This is my prayerजहाँ कहानियाँ रहती हैं। अभी खोजें