Episode 23(Unicode)

3.9K 365 5
                                    

​သော်ကမြိုင်၏ မြေဧကမှာ ကျယ်ဝန်းပြီး အနောက်​ဘက်တွင် တောအုပ်ရှိသဖြင့် လူနေအိမ်ဝန်းကျင်ဟူ၍မတွေ့ ။ စံအိမ်ကြီးနှင့်တန်းလျားတွဲများမှာ တောထဲ၌ သီးသန့်​နေထိုင်​သော ရွာအစုလေးထင်ရ၏ ။ ဇဝါကြိုးတံတားပေါ်ရပ်၍ ဘေးရှိ တောတောင်တွေကို ငေးသည် ။ စိတ်ပြေလက်ပျောက် လေကောင်းလေသန့် ရှူ၏ ။ ထိုစဥ် မက ဇဝါ့ဆီသို့ ဆင်မယဉ်သာ ခြေလှမ်းတို့ဖြင့် လျှောက်လာနေသည် ။

အစက မနှင့်ခ၏ဆက်ဆံရေးကို ဇဝါအတိအကျမသိ ။ ဝေဝေဝါးဝါး ရောထွေးနေ၏ ။ မဟာအံ့ထူးကံသာဘုရားကို အတူဖူးခဲ့စဉ် မသည် သူမ၏ အမျိုးသားကို ချစ်ကြောင်း ဇဝါ့ကို ပြောခဲ့ခြင်းကို မှတ်မိနေသည် ။ မက အပြောင်းအလဲမြန်တတ်သူမဟုတ် ။ သစ္စာမဲ့တတ်သူမဟုတ် ။ ဆန္ဒအလျောက် မသင့်လျော်သည်ကို ပြုမူတတ်သူလည်းမဟုတ် ။ သူမ၏လိုအင်ကို ဘေးမှလူ မခန့်မှန်းတတ်အောင် သိုသိုသိပ်သိပ် အနေစိမ့်စွာ မျိုသိပ်နေတတ်လွန်းသူ ။ ဆန္ဒကို သိက္ခာတရားဖြင့် ထိန်းချုပ်တတ်လွန်းသူ ။ မ,လိုမိန်းမသည် လင်ယောက်ျားကို စွန့်ခွာ၍ အခြားအမျိုးသမီးငယ်တစ်ဦးနှင့် ဤလို ဆက်ဆံရေးရှိနေခြင်းမှာ ဇဝါ့ကို များစွာအံ့ဩစေသည် ။

တစ်ဆက်တည်း မက ကျဉ်းထဲကြပ်ထဲ ပိုက်ကွန်တွင် ပိတ်မိနေခြင်းဟု ရိပ်စားမိသည် ။ မ,အနေဖြင့်ဆိုလျှင် ဤသို့အဖြစ်မျိုးရှိမည်မဟုတ် ။ ကိုယ့်ယောက်ျား၏ ချစ်သူဖြစ်ခဲ့ဖူးသူနှင့် ဤသို့အဖြစ်ရှိရအောင်ထိ မက စိတ်သေးနုပ်လှသူမဟုတ် ။ မိုက်မိုက်ကမ်းကမ်းလုပ်တတ်သော ညီမလေးက မကို နည်းအမျိုးမျိုးဖြင့် ဆွဲထားမည်မှာမလွဲ ။ ဂရုဏာတရားကြီးမားသည့် မက မချစ်လည်း အောင့်ကာနမ်း ဟူသည့်အဖြစ်လို ဇွတ်မှိတ် သည်းခံနေခြင်းဖြစ်မည် ။

ဇဝါ မ၏ ဆံထုံးပြေပြေ၌ ပန်ဆင်ထားသော နှင်းဆီဖြူကို ကြည့်သည် ။ မနက်က ညီမလေးခယောင်း မကို ပန်ပေးနေခြင်းကို ဇဝါကိုယ်တိုင် မြင်ရ၏ ။ ဟိုအရင်တစ်ချိန်က ဤအမျိုးကောင်းသမီးအား အမြဲလိုလို ပန်းဆက်သခဲ့သူမှာ မိမိဖြစ်ခဲ့ဖူးသော အတိတ်တွေကို ပြန်လွမ်းဆွတ်သည် ။

"ညီမလေး ၊ ကိုကိုမောင်​ရောက်လာတယ်''

မောင်လိုက်လာမည်ဟု ကြိုမျော်လင့်ထား၍ ဇဝါခွန်းတုံ့မပြန်မိ ။ လေပြေရိုင်း တိုက်ခတ်နေ၍ အေးစိမ့်စိမ့်ရှိသဖြင့် မက လက်နှစ်ဖက်ကို ယှက်၍ စင်ရော်တောင်ပံမျက်ခုံးများ ပင့်ကာဖြင့် ဇဝါ့နှုတ်မှ စကားကို စောင့်ဆိုင်းသည် ။

This is my prayerOnde histórias criam vida. Descubra agora