Episode 31(Unicode)

3.5K 355 23
                                    

ဦးမိုးမာန်၏ရုပ်အလောင်းကို မြေချပြီးသည့်ရက်တိုင် ခတို့ ရွှေစာချီရွာ၌ နေသည် ။ ဦးမိုးမာန်နှင့်မွမ်းမံ၏ အသုဘရက်လည်မှာ ရှေ့ဆက်နောက်ဆက်ဖြစ်၍ အားလုံးက မမဆွေးညို့မိုရ်ကို သနားသည် ။ သို့သော် မမကတော့ သနားခံချင်ပုံမရ ။ တစ်ချက် မငိုကြွေး ။ လူသားတွေအားလုံး သူသူငါငါ သနားစရာကောင်း၏ဟု မှတ်ယူထားသည် ။ ထိုကြောင့် မမ၏ တရားရှိပုံကို အများက ချီးကျူးသည် ။

မငိုနေသော်လည်း မမ၏နာကျင်ခြင်းကို အားလုံးတွေ့သည် ။ အဘယ်ကြောင့်ဆိုသော် မမက အချိန်အတော်ကြာ တောင်ပေါ်၌ နေခဲ့သည် ။ ခကိုလည်း ဘာမှမပြော ။ မည်သူ့ကိုမျှ စကားမပြောဘူးဆိုလျှင် ပိုမှန်လိမ့်မည် ။ အချိန်ပြည့် တရားရှုမှတ်နေ၏ ။ မနန်းမိုဆိုင်က မမအတွက် တောင်ပေါ်တွင် ထမင်းသွားပို့ပေးရသည် ။

ခလည်း မနန်းမိုဆိုင်၏အိမ်၌ တည်း၍ မမကို စိတ်ရှည်ရှည် စောင့်သည် ။ မမကို ခနှင့်လိုက်ခဲ့ဟုလည်း အပူတပြင်း မတောင်းဆိုမိ ။ မမသာ ဒီတောင်ပေါ်၌ တစ်သက်လုံးနေမည်ဆိုလျှင် ခလည်း ဒီအရပ်တွင် ခေါင်းချတော့မည်ဟု တစ်ဆုံးတွေးခဲ့သည် ။

"မနန်း မမကို ထမင်းသွားပို့မလို့လား”

"ဟုတ်တယ်ခ ၊ ​ကျုပ် ရွာလယ်ကုန်စုံဆိုင်က ဘာဝယ်ခဲ့ပေးရမလဲ”

"ခဘာမှမလိုပါဘူး ၊ ဒီနေ့ ထမင်းကို ခ သွားပို့လိုက်မယ်”

"နေပါစေခရယ် ၊ ခက နေလည်း သိပ်ကောင်းတာမဟုတ်ဘူး ၊ ဘကြီးလုံက ကျုပ်ကို စာရေးထားတယ်တော့် ၊ ခကို အစွမ်းကုန်ဂရုစိုက်ပေးဖို့ မှာထားတာ ၊ ကျုပ် ဧည့်သည်မလေးကို မခိုင်းရက်ပါဘူးလေ”

"ခ မမမျက်နှာလေး သွားကြည့်ချင်လို့ပါ ၊ မနန်းမှာလည်း အခြားလုပ်စရာရှိသေးတယ်မလား ၊ လမ်းလေးဘာလေးလျှောက်ရင်း တောင်ပေါ်လေသန့်သန့်လေးရှူရတာပေါ့”

"ဒါဆိုလည်း ခသဘောပါ”

ခလည်း မနန်းလက်ထဲမှ ထမင်းထည့်ထားသည့် ကြိမ်ခြင်းတောင်းကို လွှဲယူပြီး ခမ်းတွမ်ကို မလိုက်ရန် ပြောလိုက်သည် ။ ခမ်းတွမ်က ထမင်းတောင်း သူလိုက်သယ်ပေးမည်ပြော၏ ။ ခမောမည်ကို စိုးရိမ်နေသည် ။ ဆေးပုံမှန်သောက်ပြီး နားလိုက်၍ ခရောဂါက အနည်းငယ်သက်သာသော်လည်း သိပ်အမာမဟုတ် ။ သို့ပေမယ့် မမရှိရာ ဒီတောင်ပေါ်ကိုတော့ ခအလွယ်တက်နိုင်သည် ။

This is my prayerWhere stories live. Discover now