Episode 11(Unicode)

4.2K 371 4
                                    

ဤ​နေ့၌ ရုံးဆင်းချိန် မိုးများရွာ၍ ပြန်တိတ်သွား၏ ။ ရုံးဆင်းရန် အချိန်ကျော်သော်လည်း နှစ်သက်ကူးရုံးပိတ်ရက်နီး၍ ထိုရက်များ၌ အလုပ်ပြီးမြှောက်ရန် နေ့တိုင်းနီးပါး အချိန်ပိုဆင်းရသည် ။

ရုံးခန်းမှ နာရီကြည့်တော့ ညနေငါးနာရီခွဲ​ ။ ညို့မှာ မွမ်းမံကို စိတ်ပူ၍ အိမ်ပြန်ချင်စိတ်က ကြီးစိုးလာ၏ ။ အလုပ်စားပွဲပေါ်မှ ရုံးသုံးပစ္စည်းများ သိမ်းဆည်း၍ မန်နေဂျာကို ခွင့်တောင်းပြီး ရုံးဆင်းလိုက်သည် ။

မန်နေဂျာက ညို့တွင် အိမ်ထောင်ရှိ၍ သဘောထားပြည့်ဝစွာ အခြားသူများထက် ပိုစောပြန်ခွင့်ပေး၏ ။ တစ်ခါတရံ လုပ်ဖော်ကိုင်ဖက်အချင်းချင်း မနာလိုစောင်းမြောင်းပြောသည်များ ညို့ ခံရ၏ ။ ထိုကြောင့် နောက်ပိုင်း၌ အခြားသူများလို နောက်ကျမှ ရုံးဆင်းခဲ့သည် ။ သူများမျက်စိစူးစရာမဖြစ်ရန် ​ကြိုးစားနေလည်း ဘာလုပ်လုပ်အပြောမလွတ်သော အခြေအနေကြုံလာလျှင် မိမိ၏ ဝဋ်ကြွေးတစ်ခုကဲ့သို့ မှတ်ယူ၍ အပြုံးဖြင့် တုံ့ပြန်သည် ။

"မညို့ နေပါဦးဗျ''

ရုံးမှ အပြန်လမ်း၌ ပေတိုး၏ စက်ဘီးမှာ ညို့စက်ဘီးနောက်သို့ လိုက်လာ၍ ညို့ စက်ဘီးကို လမ်းဘေးရပ်လိုက်သည် ။

"ကိစ္စရှိလို့လားမောင်လေး''

"ဒီမှာ ကျန်ခဲ့လို့''

ပေတိုးက ညို့၏ သုံးထပ်စတီးထမင်းချိုင့်ကို ​မြှောက်ပြ၏ ။ လောနေသဖြင့် ထမင်းချိုင့်ယူရန် မေ့သွားသည် ။ ပေတိုးယူလာမပေးလျှင် မနက်ဖြန် ရုံးကို ကြွပ်ကြွပ်အိတ်နှင့် ထမင်းထည့်သွားရမည့်သဘောရှိသည် ။

"ဟုတ်သားပဲ ၊ ကျေးဇူးပါနော် ၊ ညို့မေ့သွားလို့''

"ရပါတယ် ၊ ကျွန်တော်လည်း အပန်းမကြီးပါဘူး''

ညို့ ထမင်းချိုင့်ကို ရှေ့ခြင်းထဲထည့်၍ စက်ဘီးကို ဆက်နင်းတော့ ပေတိုးလည်း ဘေးချင်းယှဉ်နင်းကာ စကားပြောသည် ။ ညို့ တစ်ချက်တစ်ချက် ခေါင်းညိတ်၏ ။ ရယ်စရာဆိုလျှင် အလိုက်သင့်ရယ်မောသည် ။ လမ်း အာရုံစိုက်နေ၍ 'ဟုတ်လား' 'အင်းလေ' ကလွဲပြီး အများကြီးပြန်မပြောနိုင်​ ။ ညို့တို့ ခြံရှေ့ရောက်တော့ လူတစ်ဦး ပလပ်ဖောင်းအုတ်ခုံ၌ လဲနေပြီး လမ်းသွားလမ်းလာအချို့မှာ ကွက်ကြည့်ကွက်ကြည့်လုပ်​နေ၏ ။ အရက်သမားတစ်ဦး ညို့တို့ခြံရှေ့၌ မူးပြီး လာအိပ်နေသည်ဟု ထင်၍ ညို့ စက်ဘီး​ပေါ်မှ ဆင်းကြည့်သည် ။ ထိုသူ၏ မျက်နှာကို မြင်ချိန် ညို့အံ့အားသင့်သွားသည် ။ ခကို ဤလိုမြင်ရမည်ဟု မထင်ခဲ့ ။ မိုးရေစိုပြီး ခွေလဲနေသည့် ခကို စိုးရိမ်တကြီး ဆွဲပွေ့လိုက်သည် ။ ခန္ဓာကိုယ်သည် အေးစိမ့်ပြီး မျက်နှာနုနု​မှာ ပြာနှမ်းနေ၏ ။

This is my prayerWhere stories live. Discover now