Episode 19(Unicode)

3.6K 348 21
                                    

စာကလေးဌက်များ၏ ဆူညံသံမှာ ခကို နိုးထစေသည် ။ မျက်လုံးပွင့်ပွင့်ချင်း မမဆွေးညို့မိုရ်ကို ကပျာကယာ ရှာဖွေမိသည် ။ ဘေးနေရာကွက်လပ်၌ မမ,ရှိမနေ ။ ဂွမ်းစောင်ကို ရင်ဘတ်ထိ ဆွဲတင်၍ ထထိုင်ကာ ညမှအဖြစ် ခ,ပြန်တွေးသည် ။

မမက ခကို လက်ခံနိုင်စရာအကြောင်းလုံးဝမရှိ ။ မမလို မိန်းမမျိုးက ဤလိုအပြုအမူလုပ်မည်မဟုတ် ။ မမက မထူးဇာတ်ခင်းပြီး လိုက်လျောမည်မဟုတ်ဟု ခကို ကိုယ်တိုင်ပြောဖူးသည် ။ မမကို ပိုင်ဆိုင်ရ၍ ပျော်မသွားနိုင်လောက်အောင် သံသယများနေပြီး ပူပန်နေမိသည် ။ မမအဆင်ပြေရဲ့လားဟု စိတ်ပူပြီး မျက်နှာချင်း မဆိုင်ရဲပါ ။

ခ,အတွေးနယ်ချဲ့ရင်း စားပွဲသို့ လှမ်းကြည့်တော့ စာတစ်စောင်တွေ့သည် ။ လှမ်းယူ၍ ဖတ်ကြည့်တော့ မမကိုယ်တိုင်ရေးထားသော လက်ရေးဝိုင်းဝိုင်းများ ။ စာကို ဖတ်ပြီး ခပါးပေါ်သို့ မျက်ရည်များ ထိန်းမရအောင် စီးကျလာသည် ။ စာ၌ ရေးထားသော အကြောင်းအရာမှာ မမ,ထွက်သွားပြီဖြစ်ကြောင်း ပတ္တမြားလက်စွပ်ကို ယူသွားမိ၍ တောင်းပန်သည့်အကြောင်း ဖြစ်သည် ။

ခ,အတန်ကြာငို၍ မျက်ရည်ဖယ်သုတ်ကာ နှုတ်ခမ်းကို ဖိကိုက်လိုက်သည် ။ ဦးမိုးမာန်လက်ထဲ၌ မမကို အဆုံးရှုံးမခံနိုင် ။ မမကို ဒုက္ခမခံခိုင်းနိုင် ။ သီးသန့်သိမ်းဆည်းထားသည့် အံဆွဲထဲမှ ပစ္စတိုသေနတ်ကို ထုတ်ယူ၍ ခံစားချက်မဲ့စွာ ကြည့်လိုက်သည် ။

အင်္ကျီလဲဝတ်ပြီး ကုတ်အင်္ကျီအတွင်းအိတ်ထဲ သေနတ်ကို ထည့်ကာ ခ,လှေကားပေါ်မှ ဆင်းလာသည် ။ မမဆွေးညို့မိုရ် မရှိတော့၍ ကြီးမေနှင့်သားခွန်တို့မှာ စံအိမ်အနှံ့ လိုက်ရှာရင်း ပျာယာခတ်နေသည် ။ စောမြမွန်က ခကို လှောင်သလို ကာတွန်းစာအုပ်ထိုင်ဖတ်ကာ တခစ်ခစ်ရယ်နေ၏ ။

"ဘာတွေ ပူနေကြတာလဲသားခွန်ရယ် ၊ ဆွေးညို့မိုရ်က သူ့ယောက်ျားဆီ ပြန်သွားတာဖြစ်မှာပေါ့ ၊ သူက ယောက်ျားကို သိပ်ချစ်တာ တို့အသိပါပဲ ၊ ဟားဟား”

မွေးခါနီးဖွားခါနီး ဗိုက်ကြီးသည်မို့ စိတ်ထိန်းလိုက်ပြီး ခ,အံကြိတ်ကာ ဤမိန်းမကို ကျောခိုင်းလိုက်သည် ။ ဦးလုံကတော့ ကားအသင့်ပြင်ကာ စောင့်နေသည် ။

This is my prayerWhere stories live. Discover now