Extra 2(U+Z)

5K 529 55
                                    


တသွင်သွင်စီးဆင်းနေသောဒုဌဝတီမြစ်ရေကို ရပ်ငေး၍ ရေစီးသံများကို ခနားထောင်သည် ။ မြစ်ဘေးcampsiteတွင် အပန်းဖြေအနားယူနေကြသည့် ခရီးသွားများမှာ မထင်မှတ်စွာ များပြားနေ၏ ။

တောင်တန်းညိုညိုများနောက်သို့ တိုးဝင်ရန် ကြိုးစားသည့်နေလုံး၏အရောင်အဆင်းမှာ ဆွေးမြည့်စွာ တောက်ပသည် ။ မြစ်၌ ရေကစားနေကြသူများရှိ၏ ။ သဗ္ဗာန်လှေဌား၍ မြစ်ကြောင်းတစ်လျှောက် လှေစီးနေကြသူများလည်း ရှိသည် ။

Flightပြန်မတက်ခင် ခလည်း နေ့တိုင်းနီးပါး မေမြို့ကို တစ်ဦးတည်း လည်ပတ်ဖြစ်၏ ။ ခတို့တိုက်ခန်းမှာ ကန်တော်ကြီးနှင့် နီးသဖြင့် မြို့ရှောင်လမ်း၌ လမ်းမလျှောက်ဖြစ်လျှင် ကန်တော်ကြီးရှိ ထင်းရှူးတောထဲ ရောက်သည် ။ တစ်ခါတရံ ရွှေမြင်တင်ဘက်လည်း ရောက်သွားသည် ။ တစ်ခါတရံ မကြီးဥကို ကူညီပေးရန် လိမ္မော်ခြံဘက်ရောက်သွားပြီး မဟာအံ့ထူးကံသာကိုလည်း ဝင်ဖူးချင်ဖူးလိုက်သည် ။ အတက်ခရီးပင်ပန်းသည့် မြင်ဇင်းလိုရေတံခွန်မျိုးကို စွန့်စွန့်စားစား သွားချင်လျှင် သွားပြီး မတက်နိုင်လျှင် အထမ်းသမားဌားသည် ။

တစ်ဦးတည်းလျှောက်သွားရသည်မှာ အနည်းငယ်အထီးကျန်သလိုရှိသော်လည်း သူငယ်ချင်းတွေကို မခေါ်ဖြစ် ။ လေယာဥ်မယ်ဖြစ်ပြီးတည်းက ဟိုတယ်နှင့်လေယာဥ်ပေါ်၌သာ အများအားဖြင့် အချိန်ကုန်ခဲ့သည် ။ ဟိုတယ်၌နေချိန် အခြားသူတွေ လျှောက်လည်ပတ်လျှင် ခက အခန်းအောင်း၍ တီဗီဇာတ်လမ်းတွဲပဲ ထိုင်ကြည့်နေဖြစ်၏ ။

ခတွင် ချစ်သူလည်းမရှိ ။ လာကြိုက်သည့် လေယာဥ်မှူးရှိပေမဲ့ သဘောမကျ၍ ငြင်းခဲ့သည် ။ သင့်တော်သောအိမ်ထောင်ဖက်ကောင်းနှင့် ကြုံခဲ့သော်လည်း ခက လွှဲပစ်ခဲ့သည် ။ အပျော်ရည်းစားဆိုတာမျိုး မထားချင် ။ တစ်စုံတစ်ဦးကို မိမိ၏ကိုယ်ပိုင်အချိန်များ မခွဲပေးနိုင် ။ တစ်စုံတစ်ယောက်အပေါ်ရင်ခုန်မိတာမျိုး လုံးဝမဖြစ်သဖြင့် အခြားစုံတွဲများကို မြင်လျှင် မိမိကိုယ်ကိုယ် တစ်စုံတစ်ဦးကို စောင့်ဆိုင်းနေသလို ခံစားချက်ဖြစ်သည် ။ ဘယ်သူ့ကို စောင့်နေလဲဆိုလျှင်လည်း ခ,မသိ ။ တစ်ခါတလေ လွမ်းသည့်ခံစားချက်ကြီးစိုးပြီး ရင်ထဲ ဆွေးမြည့်နေသည် ။ ဘယ်သူ့ကို လွမ်းနေမှန်းမသိသလို ကိုယ့်ကိုယ်ကိုယ် ဘာဖြစ်ချင်နေလဲ မသိ ။

This is my prayerWhere stories live. Discover now