Episode 22(Zawgyi)

1K 43 0
                                    

ဤနေ့မှာ မမဆွေးညို့မိုရ်၏ ၃၆နှစ်ပြည့် မွေးနေ့မင်္ဂလာ​ဖြစ်သည် ။ ထိုကြောင့် မမသည် ကျီးမနိုးတနိုးချိန်ထ၍ ကိုယ်တိုင် အရုဏ်ဆွမ်းထချက်ကာ အိမ်၏ ဘုရား၌ ဆွမ်းကပ်သည် ။ ဘုန်းကြီးကျောင်းသို့ သံဃာအပါးအ​ရေအတွက်အလိုက် ဆွမ်းချက်လှူပို့သည် ။ အလုပ်သမား တန်းလျားရှိ အိမ်တိုင်းကို မုန့်ဝေသည် ။

အလှူရေစက် လက်နှင့်မကွာဆိုသလို အမြဲအလှူပြုချင်နေသည့် မမကြောင့် ကြီးမေတို့လည်း မနားရ ။ မည်သည့်ပွဲ​တော်ကို အကြောင်းပြုပြု အလှူမှာ မပါမဖြစ် ။ ဤသည်မှာ မြန်မာလူမျိုးတို့၏ ချစ်စဖွယ်ဓလေ့တစ်ခု ။

ဘုန်းကြီးကျောင်းသည် မြို့တွင်း၌ မဟုတ် ။ မြို့စွန်၌ တည်ရှိပြီး သော်ကမြိုင်၏ အနီးဆုံးစာသင်တိုက်ဖြစ်သည် ။ ဆွမ်းကပ်ပြီးသည့်တိုင် မမဆွေးညို့မိုရ်မှာ ကျောင်းထိုင်ဆရာတော်နှင့် လောကီအရေး လောကုတ္တရာအရေး ဆွေးနွေးမှု မဆုံးနိုင်၍ ကျောင်းအောက်၌ ခ,လာစောင့်​နေသည် ။ မွမ်းမံက ကျောင်းဝန်းအတွင်း၌ ဟိုပြေးဒီပြေးဆော့နေ၏ ။

ကုသိုလ်လုပ်သည်မှာ အကြောင်းမဟုတ် ။ တစ်ခါတရံ မမ လောကီရေးစိတ်ကုန်၍ တရား၌ ပျော်မွေ့ကာ သာသနာ့ဘောင်သို့ ဝင်သွားမလားဟု ကြံကြံဖန်ဖန် တွေးပူသည် ။ ငရဲကြီးမကြီး ခ,နားမလည် ။ ခကတော့ ဆွဲထားမည် ။

စားဖန်များတော့ အီသည် ၊ နမ်းဖန်များတော့ ညှီသည် ဆိုသောစကားပုံမှာ မမနှင့် မသက်ဆိုင် ။ တိမ်မ​ယောင်နှင့်နက် လွယ်မယောင်နှင့်ခက်ဟူသည့် အင်္ဂဝိဇ္ဇာ အနှီပညာရပ်ကဲ့သို့ ခက်ခဲနက်နဲသိမ်မွေ့လှသည့် အံ့ဖွယ်မိန်းမမျိုးမို့ လူတကာမစွန့်နိုင်သည့်ဘဝစွန့်၍ တောထွက်သွားနိုင်လေ၏ ။

ခ,စောင့်နေစဉ် မမက ဆွမ်းအုပ်အနီကို ချီ၍ ကျောင်းပေါ်မှ ကြွရွစွာ ဆင်းလာသည် ။ ဆင်စွယ်​​ဖျော့ပိုးထဘီ​အောက်ရှိ ငွေပုလဲ​ရောင်ခြေဖမိုးနုနုသည် ဟန်မူနွဲ့​နှောင်းစွာ လှေကားတစ်ထစ်ချင်းဆင်းပုံမှာ နတ်ပြည်မှ လူ့ပြည်ဆင်းလာသည့် နတ်သမီးအလား ထင်မှတ်ရသည် ။

နောက်ထုံးရှင် ဆံထုံးပုံ့ပုံ့ထုံးထားသဖြင့် ဖြူဝင်းသွယ်လျသည့် လည်တိုင်ကြော့ကြော့မှာ ရှင်းလင်းပြီး အင်္ကျီလက်ရှည်မှာ လုံခြုံသော်လည်း နီလာရောင်ခြုံထည်ကို ပခုံးထက်တွင် ထပ်လောင်းလွမ်းခြုံထား၏ ။ မျက်နှာဝင်းပပမှာ ရေစင်ကဲ့သို့ ကြည်လင်ပြီး ဤဇမ္ဗူတစ်ခွင်၌ ဤမျှ ကျက်သရေရှိသည့် ဣတ္ထိယမျိုး နှစ်​ယောက်မရှိနိုင်ပါ ။

This is my prayerWhere stories live. Discover now