Episode 25(Unicode)

3.8K 352 9
                                    

လွန်ခဲ့​သော သုံးရက်ခန့်အကြာက မြေစဥ့်အိုးနှစ်လုံးကြား၌ ဝှက်ထားခဲ့သည့် ကော်ဖီမှုန့်ဘူးကို ညို့ ကောက်ယူ၍ တွေဝေနေသည် ။ ထိုရက်များ၌ ညို့ သားခွန်ကို သတိထားကြည့်ခဲ့သည် ။ သူက ဟိုလိုလို သည်လိုလိုဖြင့် ကြောင်အိမ်တံခါးကို လာဖွင့်ပြီး ကော်ဖီမှုန့်ဘူးကို ပျာယာခတ်စွာ ရှာ၏ ။ ညို့မေးလျှင် အခြားအကြောင်းအရာများ စည်းဝါးမကျ လွဲဖြေသည် ။ သားခွန်မှာ ထိုကော်ဖီမှုန့်ဘူးကို နေရာစုံ လိုက်ရှာ၍ မျက်နှာပျက်နေသည် ။

ညို့ ဤကိစ္စကို မကိုင်တွယ်တတ်သဖြင့် ဘကြီးလုံနှင့်ကြီးမေတို့ကို ပြောပြလိုက်သည် ။ ယခုလည်း ဘကြီးလုံက ဤကော်ဖီမှုန့်ဘူးကို ညို့ကို ယူခိုင်းသဖြင့် ညို့ယူသာယူလာပေမဲ့ အဆိုးမဖြစ်စေချင် ။ ခက သားခွန်အပေါ်၌ သံယောဇဉ်ရှိသည် ။ မိမိမျက်လုံးဖြင့် မမြင်လျှင် သားခွန်က ခကို အကောက်ကြံမည်ဟု ​တွေးမိမည်မဟုတ် ။ တစ်စုံတစ်ဦးက စွပ်စွဲလာလျှင် ညို့က မဖြစ်နိုင်ဟု ချေပမိဦးမည် ။

ညို့ ကော်ဖီမှုန့်ဘူးကို ပိုက်၍ ဘကြီးလုံ၏ကင်းတဲသို့ ထွက်လာသည် ။ ညဥ့်​မှောင်ချိန်ဖြစ်၍ ခြံထဲ၌ သွားလာ​နေသူ လူသိပ်မရှိ ။ ကင်းတဲတွင် ညို့ကို မျှော်​စောင့်နေကြသော ဘကြီးလုံတို့ လင်မယားနှစ်ဦးကို အ​ဝေးမှ မြင်သဖြင့် ညို့ခြေလှမ်းပိုသွက်၍ ကော်ဖီမှုန့်ဘူးကို ဘကြီးလုံလက်ထဲ အပ်လိုက်သည် ။

"ဒီကော်ဖီပါပဲ ၊ သားခွန်က ဒီထဲကို ခိုး​ကြောင်ခိုးဝှက်နဲ့ တစ်ခုခု ထည့်နေတာ ညို့မြင်ခဲ့တယ်"

ဘကြီးလုံက ကင်းတဲပေါ်တက်၍ ကော်ဖီမှုန့်ဘူးကို စစ်ဆေးနေသဖြင့် ညို့နှင့်ကြီးမေ စိတ်လှုပ်ရှားစွာ ရပ်ကြည့်သည် ။ ဘကြီးလုံက အနံ့ခံပြီး အဖန်ရေခွက်နှင့် ​​ရေ​နွေးခရားကို ယူပြီး ကော်ဖီဖျော်ပြီး​ ၎င်းခွက်ကို ကိုင်မ၍ ကင်းတဲ​ပေါ်မှ ဆင်းကာ သစ်ငုတ်တိုင်တွင် ကြိုးချည်ထားသော ဖြူမရှေ့ ခွက်ချသဖြင့် ညို့ ထိတ်လန့်သွားသည် ။

"ဘကြီးလုံ”

"စမ်းကြည့်ရမှာပဲညို့”ဟု ဘကြီးလုံက သွေးအေးစွာ ပြောလာသည် ။

This is my prayerWhere stories live. Discover now