Episode 12(Unicode)

3.9K 372 8
                                    

တစ်ည၌ မွမ်းမံငိုသံကြားရ၍ ညို့ကိုယ်ပူစမ်းကြည့်​သော် သားလေး အဖျားတက်နေ၏ ။ ညို့လည်း အဖျားပျောက်ဆေးတိုက်ပြီး ချော့မြူပြန်ပေးအိပ်တော့ အဖျားကျပြီး အိပ်ပျော်သွားသည် ။ မနက်ရောက်တော့ သားမှာ အဖျားထပ်တက်၏ ။ ထိုကြောင့် ညို့ရုံးမသွားဘဲ ခွင့်ယူလိုက်သည် ။

ရိုးရိုးသာမန်နေမကောင်းဖြစ်သည်ဟု ယူဆပြီး ဆေးဆိုင်၌ ဆေးဝယ်၍ အိမ်တွင် ကုခဲ့သည် ။ သို့​သော် သားလေးမှာ သက်သာတော့မလိုဖြင့် ပြန်ဖျားလိုက် အဖျားကျလိုက် ရက်ဆက်တိုက်ဖြစ်နေ၏ ။ သုံးရက်ခန့်ကြာတော့ သား၏ လက်မှာ အနီစက်အဖုများ သုံးလေးခု တွေ့သဖြင့် ညို့လည်း ခြင်ကိုက်ရာထင်၍ နေ့ဘက်၌ပင် ခြင်ဆေးခွေ ထွန်းညှိသည် ။

၄ ၊ ၅ရက်ကြာသောအခါ သားလေးသည် အဖျားကြီးပြီး တစ်ကိုယ်လုံးနီးပါး အနီစက်အဖုများ ပေါက်သည် ။ အနီစက်များမှာ မျက်သားအဖြူမကျန် ပေါက်သဖြင့် ဒေါ်ပိန်က ဝက်သက်ဟု ပြောသည် ။ ညို့လည်း စိုးရိမ်လွန်၍ မလုပ်တတ်မကိုင်တတ်သဖြင့် ဆေးရုံတင်လိုက်သည် ။

အစ်ကိုကလည်း အရေးအကြောင်းဆို အနားမရှိသဖြင့် ညို့မှာ အားကိုးမရှိ ။ သားလေးကို ညို့တစ်ယောက်တည်း မွေးထားသည့်အတိုင်း အစ်ကိုဂရုမစိုက် ။ အမြဲပေါ့ပျက်ပျက်နေ၏ ။ အချိန်တန်လျှင် ကောင်းသွားမှာဟု အပူအပင်မဲ့ ပြောတတ်သည် ။

ဆေးရုံတက်​တော့ ဝက်သက်နှင့် ရေကျောက်ရောပေါက်သည်ဟု သိရသည် ။ ဆေးထိုးဆေးသောက်လုပ်တော့ သက်သာလာသည် ။ နှစ်ရက်ခန့်ကြာတော့ ဆရာဝန်ညွှန်ကြား​သည့် မျက်ဆေးပုံမှန်ခပ်သဖြင့် မျက်လုံး၌ အနီစက်ပျောက်သွားသည် ။ ခန္ဓာကိုယ်၌လည်း ဆေးလိမ်း​ပေး​တော့ အနီစက်မှာ တဖြည်းဖြည်းလျော့နည်းလာသည် ။

ညီမလေးဇဝါက နေ့တိုင်းဆေးရုံလာပြီး ညို့ကို အစစအရာရာ ကူညီဖေးမပေး၏ ။ ညို့တစ်ဦးတည်းဆိုလျှင် အစိုးရိမ်လွန်၍ ဘာမှလုပ်တတ်ကိုင်တတ်မည်မဟုတ် ။ ​သား​လေး ဆေးရုံတင်ထားသော်လည်း အစ်ကိုမိုးမာန်သည် တစ်နေကုန်မှ တစ်ခေါက်မလာချင် ။ ရောက်လာလျှင်လည်း လူကြားသူကြား ညို့တွင် က​လေးမုန့်ဖိုးတောင်းသလို ငွေတောင်းတတ်သည် ။ ဤနေ့လည်း အစ်ကိုတစ်နေကုန်ပျောက်နေပြီး ညမှ ရောက်လာသည် ။

This is my prayerWhere stories live. Discover now