Episode 33 (Unicode) Final

8.4K 538 69
                                    

"မမဆွေးညို့မိုရ်"

ခေါ်ခွင့်ရှိတုန်း အခိုက်အတန့်လေး၌ ဤအမည်နာမကို တမ်းတမ်းတတ ခခေါ်လိုက်သည် ။ ကျောခိုင်းဟန်ပြထားသည့် မမ၏ မူနွဲ့နွဲ့ကိုယ်ဟန်မှာ တည်ငြိမ်စွာ လှည့်လာပြီး ခကို ဖြူဖြူစင်စင် ကြည့်သည် ။

"မမရဲ့သွန်သင်ဆုံးမစကားတွေကို ရင်ထဲမှာ အမြဲမှတ်သားပြီး ခလိုက်နာကျင့်သုံးပါ့မယ်"

"ကတိနော်"

"ခကတိပေးပါတယ် ၊ ခရဲ့လက်ကျန်အချိန်တွေမှာ မမ,ဖြစ်စေချင်တဲ့အတိုင်း ကောင်းကောင်းမွန်မွန် ရှင်သန်မယ် ၊ မကောင်းမှုကို အတတ်နိုင်ဆုံး ရှောင်ရှားမယ်"

"မမရဲ့ကလေးက လိမ္မာလိုက်တာကွယ် ၊ ဒီထက်ပိုပြီး ကလေးအနားမှာ အဖော်မပြုပေးနိုင်တဲ့အတွက်တော့ မမစိတ်မကောင်းပါဘူး"

"ရပါတယ်မမ ၊ ဒီလောက်နဲ့ ခကျေနပ်ပါတယ်"

မမဆွေးညို့မိုရ်က ခကို မျက်လုံးချင်းဆုံကြည့်သည် ။ မမ၏အကြည့်သည် ဟန်ဆောင်မှူကင်း၍ ရိုးသားသည် ။ တည်ငြိမ်ပြီး နစ်လိုမှုရှိသည် ။ နွေးထွေးဖြူစင်သည် ။ မမက အပြုံးလှလှတစ်ပွင့်ကို ခကို ရက်ရက်ရောရော စွန့်ကြဲ၍ သီလရှင်ကျောင်းတွင်းသို့ ဝင်သွား၏ ။

သီလရှင်ကျောင်းတွင်း၌ သီလရှင်များ၏ စာရွတ်သံမှာ ညံသည် ။ သီလရှင်ဆရာလေးသုခက မမဆွေးညို့မိုရ်ကို စဥ်းစားရန် အချိန်တစ်ရက် ပေးသည် ။ သို့သော် တစ်ရက်ပြည့်သည့်တိုင် မမ၏ အဖြေမှာ ပြောင်းလဲသွားခြင်းမရှိ ။

ရာသက်ပန်သီလရှင်ဝတ်မည်ဆိုခြင်းမှာ ကိုယ့်စိတ်ကိုယ် သေချာပြီလားဟူသည့် သီလရှင်ကြီး၏ သုံးကြိမ်တိုင်တိုင် အမေးစကားကို မမဆွေးညို့မိုရ်က မတွေမဝေ မတွန့်မဆုတ် သဘောတူသည် ။

မမသည် မျက်လွှာလေး ချထား၏ ။ မျက်နှာမှာ ပကတိတည်ငြိမ်ဖြူစင်သည် ။ မျက်လွှာချထား၍ မမ၏ မျက်ဝန်းတွေကို မြင်ခွင့်မရ ။ ခတွေတွေလေးပဲ ငေးကြည့်နေမိသည် ။ အရာအားလုံး အဆင်သင့်ဖြစ်နေသည် ။ ဆံဖြတ်လျှင် ခံဖို့ အဖြူပိုင်းကို ကြီးမေနှင့်ခမှာ လက်နှစ်ဖက်ဖြင့် တရိုတသေ တစ်ဖက်စီ ကိုင်ထားကြသည် ။

This is my prayerWhere stories live. Discover now