Episode 28(Unicode)

3.3K 294 23
                                    


"မဖြစ်နိုင်တာပဲကြီးမေရယ်”

ကြားရသည့်သတင်းကြောင့် မမဆွေးညို့မိုရ်မှာ ခုံပေါ်၌ အရုပ်ကြိုးပြတ်ထိုင်ချ၍ ငြိမ်သက်နေ၏။

"ဒီနေ့ပဲ အသုဘပို့တာပါ၊ အဲဒီစိတ်နဲ့ မမထားက အိပ်ရာထဲလဲပြီး အတော်မမာဘူး”ဟု ကြီးမေက ထပ်ပြောလာသည်။

"ခ မြို့ထဲအိမ်ကို အခုသွားမယ်ဦးလုံ”

"ကားအဆင်သင့်ပါခ ၊ ဦးလုံ ခကို စောင့်နေတာပါ”

ထိုစဥ် မမက လိုက်ပါရစေဟု ခွင့်တောင်းသည်။ ဦးလုံနှင့်ကြီးမေက ခွင့်မပြုရန် ခကို အဓိပ္ပါယ်ပါစွာ ကြည့်သည်။ မမဆွေးညို့မိုရ်မှာ အလွန်ဝမ်းနည်းနေ၏။

"ဒီညတော့ အိမ်မှာပဲ နားလိုက်ပါမမ၊ မေမေထားကို ခသေချာ ဂရုစိုက်ပါ့မယ်၊ နာရေးက ဒီနေ့ပြီးထားတော့ မြို့ထဲအိမ်မှာ အမျိုးတွေနဲ့ ရှုပ်ချင်ရှုပ်နေဦးမှာ၊ မမ အနေခက်နေမှာစိုးလို့”

"ဒါပေမယ့်လည်းကွယ်”

"ခပြောသလိုလုပ်ပါမမရယ်၊ မမပင်ပန်းမှာစိုးလို့ ဟိုမှာဆိုရင် မမသေချာနားရမှာ မဟုတ်ဘူး၊ ခ,ဖုန်းခေါ်ပါ့မယ် မျှော်နေပေး”

"အင်းပါ၊ မမနေခဲ့ပါ့မယ်”

မမဆွေးညို့မိုရ်ကို သော်ကမြိုင်၌ ထား၍ ဦးလုံနှင့်အတူ မြို့ထဲအိမ်သို့ ခထွက်လာသည်။ မမသွားစရာရှိလျှင် သွားရအောင် ခမ်းတွမ်ကို သော်ကမြိုင်၌ ချန်ခဲ့သည်။

"ဆိုစမ်းပါဦး၊ မမကို မြို့ထဲအိမ် ခေါ်လို့မရတဲ့အကြောင်းအရင်း”

ခ ကားနောက်ခန်း၌ ခြေချိတ်ထိုင်၍ ဦးလုံကို မေးသည်။

"သင်္ကြန်အကျနေ့တုန်းက သခင်လေးညီ သော်ကမြိုင်ကို အရက်မူးပြီး ရောက်လာတယ်၊ ညို့ကို လာရှာတာပါ၊ ဦးလုံတို့က ညို့တရားစခန်းဝင်သွားတယ်ပြောလည်း နားမဝင်ဘူး၊ မူးပြီး ရမ်းတယ်၊ နှုတ်ကလည်း ညို့နဲ့ ပတ်သက်ပြီး စွပ်စွပ်စွဲစွဲတွေပြောတာမို့ ဒီကိစ္စက ဖုံးထားလို့မရအောင် ခြံထဲမှာ ဟိုးလေးတကျော်ဖြစ်သွားတယ်”

"ဘာတွေစွပ်စွဲလို့လဲ”

"ညို့က သူ့အချစ်ကို လှည့်စားခဲ့တာလိုလို လိမ်ညာခဲ့တာလိုလို သူတို့ချစ်ခဲ့ကြတာလိုလိုမျိုးပါခ၊ ဒါကြောင့် သခင်လေးညီ ဒီလိုဖြစ်သွားတာနဲ့ ပတ်သက်ပြီး လူတွေက ညို့ကြောင့်လို့ ပြောနေကြတယ်၊ ဒီလိုအခြေအနေမှာ ညို့ မြို့ထဲအိမ်သွားလို့ အဆင်မပြေပါဘူး”

This is my prayerWhere stories live. Discover now