Episode 8(Unicode)

4.5K 438 8
                                    

ပဲပြုတ်ထမင်းကြော်ပူပူတစ်ပွဲကို မနက်စာစား၍ ညို့ ခြံထဲ ဆင်းလာသည် ။ ပြီးနောက် စိန်ပန်းပြာပင်မှ ညွှတ်ကျနေသော အကိုင်းတစ်ကိုင်းကို ဆုပ်ကိုင်၍ ဇဝါ၏ ခြံဝန်းကို ကြည့်သည် ။

အင်္ဂ​တေလမ်းသည် အိမ်ရှေ့ဆင်ဝင်ကို ဖြတ်၍ လခြမ်းသဏ္ဍန်နှင့် တံခါးဖြူတပ်ခြံ၏ အဝင်အထွက်ဂိတ်ကို ဆက်ထား၏ ။ လမ်း၏တစ်ဖက်၌ ပုဏ္ဏရိပ်တန်းနိမ့်နိမ့်ရှိ၍ အခြားတစ်ဖက်၌ စံပယ်ရုံများကို သီးသန့်ကန့်စိုက်ထားသည် ။ လခြမ်း၏အတွင်းပိုင်း အိမ်ရှေ့ မျက်နှာမှာ စိမ်းလန်းသောမြက်ခင်းဖြစ်သည် ။ မြက်ခင်း၏အဆုံး ခြံစပ်၌ ပုံသွင်းထားသည့် ထင်းရှူးပင်ပုများကို ကြိုကြား တွေ့ရသည် ။

ဤသာယာသော ခြံ၏ အလယ်တွင် ဝင်းပသစ်လွင်သော တိုက်အိမ်ပုသည် အေးချမ်းစွာတည်ရှိ၏ ။ ဤအိမ်ခြံဝန်းသည် ကိုကိုမောင်၏ ဦးလေးအိမ်ဖြစ်ပြီး အစိုးရစီစဉ်ပေးသော ဝန်ထမ်းအိမ်တွင် မနေလိုသဖြင့် ဦးလေး၏ အိမ်တွင် ဌားနေသည်ဟု ဇဝါပြောသည် ။

ကိုကိုမောင်က ရုံးသွားရန် အိမ်မှ ဦးဆုံးထွက်သွားပြီး ခဏအကြာ ဥလေးက ကျောင်းဝတ်စုံအဖြူအစိမ်းဝတ်ကာ ​ကျောဘိုးအိတ်လွယ်၍ ထွက်လာ၏ ။ ဥ​လေးနောက်၌ ဇဝါက ထမင်းဘူးဆွဲခြင်းကိုင်၍ ထွက်လိုက်လာပြီး အိမ်တံခါးသော့ခတ်နေသည် ။

"ညစ်ပတ်တေးသားအဖကို ဂရုစိုက်နေတာနဲ့ မကို ပစ်ထားမိပြီ ၊ သမီးကို ကျောင်းပို့ပြီးရင်တော့ တစ်နေကုန်အားပြီမရယ်''

"ညီမလေးကို အိမ်ထောင်မှုနိုင်နင်းတဲ့ အိမ်ရှင်မလေးအဖြစ်မြင်ရတာ မ,တော့ သိပ်ကျေနပ်တယ်”

"မရဲ့သွန်သင်ဆုံးမမှုတွေ​ကြောင့်ပါ​နော် ၊ ကဲ ဥလေးဆော့မနေနဲ့ ကျောင်းသွားမယ် ၊ ကားပေါ်တက် မ,လည်း ကားပေါ်တက်နော် အရှေ့မှာပဲထိုင်''

ဇဝါက ဖီးယက်ကား​၏ ရှေ့တံခါးဖွင့်၍ ညို့နှင့်ပိုးဥ​ကို ထိုင်စေသည် ။ ပိုးဥကို အလယ်၌ ထိုင်စေပြီး ဇဝါက ဖီးယက်ကားကို ကိုယ်တိုင်မောင်း၏ ။

"ညီမလေးက ကားမောင်းတော်သားပဲ''

"မြို့ထဲမို့ပါမရယ် ၊ လမ်းကြမ်းတွေ တောင်တက်တောင်ဆင်းအ​ကွေ့​အ​ကောက်များရင် ဇဝါမမောင်းရဲဘူး ၊သော်ကမြိုင်လာရင် မောင့်ကို ဒရိုင်ဘာလုပ်ခိုင်းရတာ''

This is my prayerWhere stories live. Discover now