Episode 4(Unicode)

5.1K 437 4
                                    

ပိတောက်ပန်းများ ရွှန်းရွှန်းဝေအောင် ပွင့်ဖူးသည့် လွန်ခဲ့​သောနှစ်များအကြာမှ လွမ်းဆွတ်ဖွယ် ​နွေရာသီသင်္ကြန်အကျနေ့​တစ်​နေ့ ။

သင်္ကြန်သီချင်းသံများသည် ရပ်ကွက်အလှူမဏ္ဍပ်များထံမှ မြိုင်မြိုင်ဆိုင်ဆိုင် ပေါ်ထွက်နေ၏ ။ မနက်ရှစ်နာရီအချိန်၌ ဇဝါတို့ နယ်မြို့လေးတွင် ရေပက်သူ ရေပက်ခံသူများဖြင့် ပျော်ရွှင်မြူးကြွနေလေသည် ။ ကိုယ်တိုင်ကိုယ်ကျ ခါချဉ်အကိုက်ခံ၍ အပင်ပေါ်တက်ခူးလာသော ပိတောက်ခက်လေးများကို ဆုပ်ကိုင်၍ ချစ်ရသူဆီ အပြေးလေးရောက်လာသည် ။ ရေစင်ဖြန်းပက်ရန် လက်ထဲ၌ရေဖလားခွက်ကိုင်ထားသည် ။

အပြာရောင်ဆေးများ ခြယ်ထားသော တစ်ထပ်တိုက်အိမ်​၏ ခြံဝန်းအတွင်းရောက်တော့ ချစ်ရသူကို ရှာဖွေမိ​သည် ။ ကိုယ်ကျပ်အင်္ကျီနှင့်အဝါနုရောင် စကတ်အရှည်အဖားကို တွဲဖက် ဝတ်ဆင်ထားပြီး အလှဘီးကုတ်ပန်ထားသည့် မ၏ကျောဘက်သည် ဤနှစ်​နွေတွင် ပိတောက်မင်းသမီးလိုလှ၏ ။

မသည် ခြံထဲရှိ ပန်းအိုးများကို ရေလောင်းပေါင်းသင်၍ သစ်ကိုင်းခြောက်ရိုးလေးဖြင့် မြေတူးဆွ​နေသည် ။ ပိတောက်ပန်းကို လက်နှောက်ပစ် ဝှက်၍ ခြေသံလုံလုံဖြင့် မအနားသို့ သွားပြီး ဦးဦးဖျားဖျား ရေလောင်းရန် ယူလာသော ရေဖလား​လေးဖြင့် မ,ပခုံးကနေ ဇဝါ​ရေခိုး​လောင်းလိုက်​သည် ။

"အမလေး ! စိုကုန်ပြီ''

မက အလန့်တကြားရေရွတ်၍ လှည့်ကြည့်သဖြင့် ဇဝါ အတောက်ပဆုံးပြုံးပြမိတော့သည် ။

"ညီမလေး''

ဟုတ်ပါသည် ၊ မ ကျွန်မကို ခေါ်သည့် နာမ်စားက ညီမလေး ။ မက ကျွန်မရဲ့ ဂိုက်ဆရာမတစ်ဦးဖြစ်သလို ကျွန်မ အရမ်းမြတ်နိုးတန်ဖိုးထားချစ်ရတဲ့ အစ်မတစ်ဦးလည်း ဖြစ်သည် ။ မက ကျောင်းဆရာမတစ်ဦးတော့ မဟုတ်ပေမယ့် အကူအညီ​တောင်းခံသော မည်သူမဆို တစ်ဦးချင်းသင်ပြပေးရင်း စာအသင်အပြကောင်းသဖြင့် ကျွန်မတို့ နယ်မြို့လေးတွင်တော့ နာမည်ရပြင်ပဆရာမတစ်ဦးဖြစ်ခဲ့​သည် ။ မိဘတွေက မဆိုလျှင် သူတို့သားသမီးများကို ယုံကြည်စိတ်ချကြသည် ။ ထိုအထဲတွင် ကျွန်မ၏ဖေဖေလည်း အပါအဝင်ပေါ့ ။

This is my prayerWhere stories live. Discover now