Episode 6(Zawgyi)

1.4K 61 0
                                    

နေ့တိုင်းဆိုလျှင် အလုပ်သမများ နောက်ကျလျှင် အခေါ်လွတ်သည်ဖြစ်​စေ စောင့်ဆိုင်းသည်ဖြစ်​စေ လုပ်သော်လည်း လိမ္မော်ခြံသွားမည့် ထော်လာဂျီသည် ဤနေ့၌ ညို့ကို မစောင့်ဘဲ ထွက်သွား၏ ။ ဘကြီးလုံနှင့်ကြီးမေကို မေးတော့ မသိကြောင်းငြင်းသဖြင့် စံအိမ်၌ ကြီးမေ၏ အချက်အပြုတ်များ ဝိုင်းကူလုပ်၍ အချိန်ကုန်ရသည် ။

ယခုတလော အကြောင်းအမျိုးမျိုးဖြင့် အလုပ်နောက်ကျကျန်ခဲ့ပြီး ညို့ကို မည်သူတစ်ဦးမျှ အပြစ်တင်စကားမဆိုကြ ။ မသိလျှင် ရည်ရွယ်ချက်ရှိရှိ ညို့ကို ထားခဲ့သလား ထင်ရသည် ။ သော်ကမြိုင်တွင် လူပိုကြီးလို ဖြစ်နေ၍ မနေသာဘဲ စံအိမ်၌ အလုပ်များ ရှာဖွေ၍ အလိုက်တသိ လိုက်လုပ်​ပေးသည် ။ သားခွန်ကတော့ သူလုပ်ရမည့်အလုပ်သက်သာ၍ ပျော်နေ၏ ။

ယခုလည်း နေ့လယ်ရောက်၍ ခ,ထမင်းမစားရသေးသဖြင့် ကြီးမေက သားခွန်ကို အရှေ့ဘက်ခြံသို့ စေခိုင်းနေပေမဲ့ သားခွန်က အင်တင်တင်လုပ်နေ၏ ။ ထိုကြောင့် ညို့ပဲ သားခွန်အစား ထွက်လာသည် ။

သော်ကမြိုင်၏ အရှေ့ခြံသည် စတော်ဘယ်ရီခင်းဖြစ်သည် ။ စတော်ဘယ်ရီစားချင်လျှင် ၎င်းခြံ၌ ဝယ်ရသည် ။ ​ခြံသည် သွပ်နန်းကြိုးများဖြင့် ကာထားသဖြင့် တံခါးရှိသော ဘက်ခြမ်း ညို့လာခဲ့သည် ။ တံခါးရှေ့ရောက်တော့ စိုက်ခင်းအပြင်မှ ကြည့်စဉ် စတော်ဘယ်ရီခင်းဘက်ရှိ နေပူထဲ တစ်ဦးတည်းထိုင်၍ စတော်ဘယ်ရီသီးခူးနေသော ခကို တွေ့ရသည် ။

ထိုစဉ် ရွံ့စေးများ ဘီးတစ်​လျှောက် ညစ်ပေနေသော ကားတစ်စီးမှာ ညို့ဘေးလာရပ်၏ ။ ထိုကားသည် တစ်ကားလုံးနီးပါး ရွံ့မြေများ ပေကျံနေပြီး လူရွယ်တစ်ဦး ကားပေါ်မှ ဆင်းလာသဖြင့် ညို့ စိတ်ဝင်တစား ကြည့်လိုက်သည် ။

"ဇဝါ့ဆရာမ,လားမသိဘူး ၊ ကျွန်တော် ကိုကိုမောင်ပါ”

"သြော် ကိုကိုမောင် မတွေ့တာ ဘယ်လောက်ကြာပြီလဲရှင် ၊ ဒီနေရာမှာ တိုက်တိုက်ဆိုင်ဆိုင်တွေ့ရတယ်လို့ ညီမလေးဇဝါရော နေကောင်းရဲ့လား"

"ကောင်းပါ့ဗျာ ၊ သူ့အဖေကျန်းမာရေးသိပ်မကောင်းလို့ ဟိုတ​လောတုန်းကပဲ နေရပ်ပြန်သွားတာ အခုထိပြန်မလာသေးပါဘူးဗျာ ၊ ကျွန်တော့်မှာလည်း အလုပ်တစ်ဖက်ဆိုတော့ လိုက်သွားချင်ပေမဲ့ တာဝန်ကရှိ​တော့ အဆင်ပြေသလိုနေရတာပေါ့ဗျာ ၊ မညို့ ဘယ်မှာ နေတာလဲ ၊ ဇဝါသိရင် ပျော်မှာ ကျွန်တော်တို့ လာလည်ချင်လို့ပါ”

This is my prayerWhere stories live. Discover now