Episode 8(Zawgyi)

1.2K 59 0
                                    

ပဲပြုတ်ထမင်းကြော်ပူပူတစ်ပွဲကို မနက်စာစား၍ ညို့ ခြံထဲ ဆင်းလာသည်။ ပြီးနောက် စိန်ပန်းပြာပင်မှ ညွှတ်ကျနေသော အကိုင်းတစ်ကိုင်းကို ဆုပ်ကိုင်၍ ဇဝါ၏ခြံဝန်းကို ကြည့်သည်။

အင်္ဂ​တေလမ်းသည် အိမ်ရှေ့ဆင်ဝင်ကို ဖြတ်၍ လခြမ်းသဏ္ဍန်နှင့်တံခါးဖြူတပ်ခြံ၏ အဝင်အထွက်ဂိတ်ကို ဆက်ထား၏။ လမ်း၏တစ်ဖက်၌ ပုဏ္ဏရိပ်တန်းနိမ့်နိမ့်ရှိ၍ အခြားတစ်ဖက်၌ စံပယ်ရုံများကို သီးသန့်ကန့်စိုက်ထားသည် ။ လခြမ်း၏အတွင်းပိုင်း အိမ်ရှေ့ မျက်နှာမှာ စိမ်းလန်းသောမြက်ခင်းဖြစ်သည်။ မြက်ခင်း၏အဆုံး ခြံစပ်၌ ပုံသွင်းထားသည့် ထင်းရှူးပင်ပုများလည်း တွေ့ရသည်။

ဤသာယာသော ခြံ၏အလယ်တွင် ဝင်းပသစ်လွင်သော တိုက်အိမ်ပုသည် အေးချမ်းစွာတည်ရှိ၏။ ဤအိမ်ခြံဝန်းသည် ကိုကိုမောင်၏ဦးလေးအိမ်ဖြစ်ပြီး အစိုးရစီစဉ်ပေးသော ဝန်ထမ်းအိမ်တွင် မနေလိုသဖြင့် ဦးလေး၏အိမ်တွင် ဌားနေသည်ဟု ဇဝါပြောသည်။

"မညို့ ပျင်း​နေပြီလားဗျ၊ ကျွန်တော်တော့ ရုံးသွားရမယ်ဗျာ၊ ညနေပြန်တွေ့မယ်နော်''

"ဟုတ်ကဲ့ပါကိုကိုမောင်၊ ကားကို ဂရုစိုက်မောင်းဦး​''

ကိုကိုမောင်ထွက်သွားပြီးခဏအကြာ ကျောင်းဝတ်စုံအဖြူအစိမ်းဝတ်ထားသည့်ပိုးဥသည် ​ကျောဘိုးအိတ်လွယ်၍ ထွက်လာ၏ ။ ပိုးဥနောက်၌ ဇဝါက ထမင်းဘူးဆွဲခြင်းကိုင်၍ ထွက်လိုက်လာပြီး အိမ်တံခါးသော့ခတ်နေ၏။

"ညစ်ပတ်တေးသားအဖကို ဂရုစိုက်နေတာနဲ့ မကိုပစ်ထားမိပြီ၊ သမီးကို ကျောင်းပို့ပြီးရင်တော့ တစ်နေကုန်အားပြီမရယ်''

"ညီမလေးကို အိမ်ထောင်မှုနိုင်နင်းတဲ့ အိမ်ရှင်မလေးအဖြစ်မြင်ရတာ မတော့ သိပ်ကျေနပ်တာပဲ''

"မရဲ့သွန်သင်ဆုံးမမှုတွေ​ကြောင့်ပါ​နော် ၊ ကဲ ဥလေးဆော့မနေနဲ့ ကျောင်းသွားမယ် ၊ ကားပေါ်တက် မလည်းကားပေါ်တက်နော် အရှေ့မှာပဲထိုင်''

ဇဝါက ဖီးယက်ကား​၏ရှေ့တံခါးဖွင့်၍ ညို့နှင့်ပိုးဥ​ကို ခေါ်၏၊၊ ပိုးဥကို အလယ်၌ ထိုင်စေပြီး ဖီးယက်ကားကို ဇဝါကိုယ်တိုင်မောင်းသည်။

This is my prayerWhere stories live. Discover now