Episode 16(Unicode)

3.7K 325 4
                                    

သာယာသော မနက်ခင်း ။ ကျေးဌက်တို့က တီတီတာတာ တေးဆိုသည် ။ ခရီးဆောင်အိတ်ကို ယူ၍ မမဆွေးညို့မိုရ်က ဧည့်ရိပ်သာ ရောက်လာပြီး မေမြို့လိုက်ရန် အသင့်ဖြစ်နေ၏ ။

ကားရှေ့ခန်း၌ ငြိမ်သက်စွာ ထိုင်နေသည့် မမကို ခ,ကြည့်မိသည် ။ ဒူးအတိ ရှည်လျားသည့် ဆံပင်ထူထူကြီးကို ရင်ဘတ်ရှေ့ပို့၍ ပဝါကဲ့သို့ လည်တိုင်၌ တစ်ပတ်ပတ်ကာ ရှေ့တွင် ချထားသဖြင့် မမ၏ အလှမှာ တစ်မျိုးယဥ်သည် ။ မမ၏ ပိတုန်း​ရောင်ဆံကေသာအရည်အ​သွေးကောင်းမွန်မှုသည် ပြိုင်ဘက်ကင်းသည် ။ ယောက်ျားတို့ဘုန်းလက်ရုံး မိန်းမတို့ဘုန်းဆံထုံး ဆိုရိုးကဲ့သို့ ဆံပင်အရှည်တွေမှာ မမကို ဘုန်းကံကြီးမားနေစေ၏ ။ မြင်သူတိုင်း အကြိမ်ကြိမ် ပြန်လှည့်ကြည့်ချင်စေခြင်းမျိုး ။

"ဒေါ်ယုယမီက မမကို ဘာပြောလဲ”

"ဒေါ်​လေးက သွားခွင့်ပေးပါတယ် ၊ ရုံးမှာ အလုပ်ထွက်စာ တင်ပြီး ​ပေတိုးကိုလည်း နှုတ်ဆက်ပြီးပြီ ၊ ကလေးရော”

ခ သက်ပြင်းညှင်းညှင်းချ၍ အကြည့်ကို အရှေ့ပြန်ပို့လိုက်သည် ။

"တစ်ခါလောက် ဦးထွဋ်ခေါင်ကို တွေ့ဖူးချင်တယ်”

မမက အံ့ဩပြီး ခမျက်နှာကို အကဲခတ်ကြည့်၏ ။

"ခတို့က သွေးတူပေမဲ့ မဆုံတဲ့ ရေစက်​တွေမို့ သမီးအဖြစ် သွားမတွေ့ချင်ပြန်ဘူး ၊ မဇဝါက အတူလိုက်နေဖို့ ခကို ခေါ်တယ် ၊ သော်ကမြိုင်မှာ မျက်နှာငယ်ငယ်မနေဖို့လည်း ပြောတယ် ၊ အမှန်တော့ တစ်ခါမှ မရောက်ဖူးတဲ့ သူတို့အိမ်ကို သမီးငယ်အနေနဲ့ သွားရမှာ ပိုပြီး မျက်နှာငယ်တယ်”

မမက ခ၏ လက်ကို ဆုပ်ကိုင်လာသဖြင့် ခ မမကို ကြည့်လိုက်သည် ။

"မမမှာ အဖေမရှိတော့လို့ တွေ့ချင်ရင် က​လေးလို ​ပြေးတွေ့ခွင့်မရှိတော့ဘူးကွယ် ၊ ငါ အိမ်ပြန်တဲ့တစ်နေ့တွေ့မှာပါလို့ အားခဲထားရာက တကယ်တမ်း အိမ်ပြန်လာတော့ အဖေမရှိတော့ဘူး ၊ အချိန်က မမတို့ အဆင်သင့်ဖြစ်ချိန်ထိ မစောင့်ကြဘူးကွယ် ၊ အဲချိန်ကျ မမတို့ပဲ ရင်ကွဲရပြန်တယ်''

အမှားအမှန် ခွဲရခက်သည့် ပုစ္ဆာမျိုး၌ မမကိုပဲ ရာနှုန်းပြည့် အားကိုးချင်သည် ။ မမစကားကိုပဲ ခ,လိုက်နာချင်သည် ။ အဝေးက ငေးကြည့်ရန် ဆုံးဖြတ်၍ မမလမ်းပြသည့်အတိုင်း ကားကို ကွေ့ပတ်မောင်းလာသည် ။ ပင်စည်ကြီးကြီး ပိတောက်ပင်ဘက်၌ ကားရပ်ကာ ခြံထဲမှ အိမ်ကို ငေးကြည့်သည် ။ ပိတောက် အကိုင်းအခက်များကြောင့် အိမ်မှာ သိပ်မထင်ရှား ။ ထိုစဥ် ခြံထဲဆင်းလာသည့်လူကြီးတစ်ဦးကို မြင်လိုက်သည် ။ လူကြီးက ခြံထဲ လမ်းလျှောက်နေ၏ ။ မဇဝါတို့မိသားစုက နှစ်သက်ကူးရုံးပိတ်ရက်ပြီး၍ မေမြို့ပြန်သွားပြီဟု ခ,သိခဲ့သည် ။

This is my prayerWhere stories live. Discover now