Episode 27(Unicode)

3.7K 331 13
                                    

ဤနေ့သည် ညို့တို့ တရားစခန်း စဝင်မည့် ရက်ဖြစ်၏။ ဖျာ၊ ခေါင်းအုံး၊ စောင်၊ ယောဂီအဝတ်များ ထုပ်ပိုးထားသည့် ခနှင့်ညို့၏ နှစ်ယောက်စာ ပစ္စည်းများကို ခမ်းတွမ်က ငြိမ်းရိပ်ချောင်သို့ မနက်တည်းက ဦးစွာသွားပို့ နေရာဦးထားသည်။ ညို့က မည်သည့်နေရာမဆို ပြဿနာမရှိသော်လည်း ခက နည်းနည်း ဇီဇာ​ကြောင်၏။ နောက်ကျလျှင် အောက်ထပ်ဇရပ်၌ အများနှင့် ဝိုင်းဖွဲ့အိပ်ရမည်ကို သိပ်စိုးရိမ်နေသည်။ ထိုသို့အိပ်လျှင် ညစ်ပတ်သူများထံမှ ခေါင်းသန်းကူးလိမ့်မည်၊ သန်းဆိုသည်မှာ တောင်(ခေါင်းအုံး)ခုနှစ်လုံးကျော်နိုင်သည်ဟူသော အကြောင်းပြချက်ကြောင့် ခမ်းတွမ်က နေရာကောင်းကို သွားဦးထားရသည်။

ညို့ အကိုက်အခဲပျောက်ဆေး၊ အစာကြေဆေး၊ သွေးဆေး၊ အားဆေး၊ ရှူဆေး၊ ပရုတ်ဆီ စသောဆေးများကို မမေ့မလျော့ အိတ်ထဲထည့်သည်။ ပြီးတော့ နာနေသည့်ဘယ်ဘက်တံတောင်ဆစ်ကို အသာဖျစ်ညစ်နှိပ်နေစဥ် ခက ရေချိုးခန်းထဲမှ ထွက်လာ၏။

"တံတောင်ဆစ်က ကိုက်ပြန်ပြီလားမမ၊ အခုတလော အကြောင်းပြချက်မရှိဘဲ ဘာလို့ ခဏခဏအဆစ်အမြစ်နာတာလဲ"

"အသက်ကြီးလာလို့ ဖြစ်လိမ့်မယ်"

"မမကတော့ မဆီမဆိုင် အသက်ထည့်ပြောပြန်ပြီ၊ မမက ငယ်ပါသေးတယ်နော်”

ခက တဘက်ပိုင်းရင်လျှားဖြင့် မှန်တင်ခုံ၌ ထိုင်ရင်း ညို့ကို ပြောသည်။ ညို့ ညာပြောလိုက်ခြင်းကို သူမ,မသိ။ ညာဘက်တံတောင်ဆစ်နာရခြင်းအကြောင်းတွေးတော့ ညို့သက်ပြင်းချမိသည်။ တစ်နေ့က ညို့ကို ချစ်ပါသည်ဆိုသော မောင်ညီပေးလိုက်သည့် ပူပူနွေးနွေးလက်ဆောင်မဟုတ်လား။

ညို့က မောင်ညီကို မချစ်ပါဟု ငြင်းဆိုခြင်းကို သူက လက်မခံ။ ညို့ သူ့ကို သဘောကျကြောင်း သူ့ဘက်က အပိုင်ပြောသည်။ ခင်မင်စွာ စကားဖောင်ဖွဲ့ခဲ့တာတွေ၊ သူ့ခံစားချက်ကို နားထောင်ပေးခဲ့တာတွေ၊ ဖေးမနစ်သိမ့်ပေးခဲ့သမျှတွေမှာ သူ့ကို မေတ္တာရှိ၍မဟုတ်ဘဲ လူမှုးရေးအရဟု ညို့ကဘွင်းဘွင်းရှင်းရှင်း အဖြေပြန်ပေးခဲ့သည်။ သူ့ကို ကြိုးရှည်ရှည် မလှန်ချင်။ မျော်လင့်ချက် မပေးချင်။ ညို့ ဘာများမှားလည်း မသိ။ မောင်ညီက ညို့ကို စိတ်ဆိုးသည်။ မချစ်လို့ မချစ်ကြောင်းဖြေမိတာ စိတ်ဆိုးစရာလား ညို့နားမလည်နိုင်။ သူက ညို့လက်မခံတကြား လက်​လျှော့ပြန်မည့်ပုံမရသဖြင့် ညို့က သားခွန်ကိစ္စထုတ်ပြောမိသည်။ ​ကြမ်းကျွံလျှင် နှုတ်ရသော်လည်း စကားကျွံလျှင် နှုတ်မရဆိုသလို ပြောပြီးမှ ညို့နောင်တရသည်။ အစ၌ ​မောင်ညီက သူ့ပယောဂမပါကြောင်း ငြင်းသည်။ သူငြင်းတော့ ညို့က သားခွန်ကိုယ်တိုင်ဝန်ခံခဲ့ကြောင်း အချက်ကျအလက်ကျ ပြန်ပြောလိုက်သည်။ သူ ခကို ဘာကြောင့်မုန်းသလဲကအစ ဒေါသဆွပေးသလို ပြောမိတော့ သူက အလွန်စိတ်ဆိုးသွားသည်။ ထိုနေ့က ​မောင်ညီသည် ညို့၏အခန်းတံခါးကို အတင်းဖျက်ဝင်ရန် ကြိုးစားသဖြင့် တံခါးလော့ကျသွားပြီး ညို့က ပြန်တွန်းပိတ်ထားရသည်။ နောက်တော့ သူ ခကို မုန်းကြောင်း ဝန်ခံလာသည်။ သို့သော် သေစေချင်သည့်စိတ်မရှိပါဟုပြော၏။ ထို့အပြင် ခလက်အောက်၌ မနေတော့ရန် ညို့ကို ပြောသည်။

This is my prayerWhere stories live. Discover now